ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်ဟဲရော့ဒ်စ် ကုန်တိုက်ကြီးမှာ ပေါင်၁၆သန်းဖိုး ဝယ်ခဲ့သူ အိမ်သိမ်းခံရမယ့် အဖြစ်ကြုံ
လန်ဒန်က တန်ဖိုးကြီးပစ္စည်းတွေ ရောင်းတဲ့ ဟဲရော့ဒ်စ်ကုန်တိုက်ကြီးမှာ ပေါင် ၁၆ သန်းဖိုး စျေးဝယ်ခဲ့သူ အမျိုးသမီးဟာ သူ ဒီငွေတွေ ဘယ်က ရကြောင်းရှင်းမပြနိုင်မှုနဲ့ သူ့ရဲ့ လန်ဒန်က အိမ်ကို အမျိုးသားရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီက သိမ်းယူခံရနိုင်ခြေရှိနေပါပြီ။
ယူကေမှာ ပထမဆုံး ကျင့်သုံးတဲ့ ဝင်ငွေရလမ်းမဖော်ပြနိုင်သောဓနဥစ္စာဆိုင်ရာ အမိန့်ကို အသုံးပြုပြီး ဇာမီရာ ဟာဂျီယေဗာရဲ့ အိမ်ကို သိမ်းဆည်းဖို့ ကြိုးပမ်းချက်ကို သူက တားပေးဖို့ လျှောက်ထားခဲ့တာကို အယူခံတရားရုံးက ပယ်ချလိုက်တာပါ။
မစ္စက်ဟာဂျီယေဗာအနေနဲ့ ဟဲရော့ဒ်စ်ကုန်တိုက်နားက အိမ်ကြီးတစ်လုံးနဲ့ ဘာ့က်ရှိုင်းယားက ဂေါက်ကွင်းတစ်ကွင်းကို ဘယ်လို ဝင်ငွေတွေရလို့ ဝယ်နိုင်တာလဲဆိုတာ ထုတ်ဖော်ရှင်းပြရမှာ ဖြစ်ပါတယ်။
ဝင်ငွေရလမ်း မပြနိုင်ရင် အဲဒီ ပိုင်ဆိုင်မှုတွေ အသိမ်းခံရပါမယ်။
မစ္စက်ဟာဂျီယေဗာရဲ့ ခင်ပွန်းက သူတို့ဇာတိ အဇာဘိုင်ဂျန်က နိုင်ငံတော်ဘဏ်လုပ်ငန်းရှင်တစ်ယောက်ပါ။ အခုလောလောဆယ်တော့ ငွေကြေးမသမာမှုနဲ့ ထောင် ၁၅ နှစ်ကျနေပါတယ်။
သူတို့ လင်မယားနှစ်ယောက်စလုံးက ပြစ်မှုကျူးလွန်ခဲ့တာ မရှိဘူးလို့ ငြင်းထားပါတယ်။ မစ္စက်ဟာဂျီယေဗာကိုယ်တိုင်လည်း ယူကေမှာ ရာဇဝတ်မှုတစ်ခုခုနဲ့ စွဲဆိုခံထားရတာမျိုး မရှိပါဘူး။
ဖေဖော်ဝါရီလ ၅ ရက်နေ့က အမှုကို အမိန့်ချချိန်မှာ တရားသူကြီးချုပ် မစ္စတာဘားနက်က မစ္စက်ဟာဂျီယေဗာကို တရားရုံးချုပ်အထိ တက်အယူခံခွင့်ကိုလည်း ပယ်ချလိုက်ပြီး၊ အမျိုးသားရာဇဝတ်မှုအေဂျင်စီကို အမှုအတွက် ကုန်ကျစရိတ်တွေကို ပေးချေဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအမိန့်ထဲမှာ တရားသူကြီးချုပ်ဘားနက်က ယူကေရဲ့ ပထမဆုံးဖြစ်တဲ့ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဓနဥစ္စာဆိုင်ရာအမိန့်ကို သုံးပြီး မစ္စက်ဟာဂျီယေဗာကိုကို အရေးယူတာ ဥပဒေနဲ့ ညီညွတ်ကြောင်း ပြောခဲ့ပါတယ်။
သူ့ခင်ပွန်းဖြစ်သူ မစ္စတာဟာဂျီယေဇာဟာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့ရဲ့ တရားဝင်ရတဲ့ ဝင်ငွေတွေနဲ့ ဒီလို အိမ်ခြံမြေတွေ ဝယ်နိုင်လောက်တဲ့ အနေအထားမရှိဘူးဆိုတာ ထင်ရှားတယ်လို့လည်း တရားသူကြီးက ပြောခဲ့ပါတယ်။
မစ္စက်ဟာဂျီယေဗာဟာ အခုတော့ သူ့ ပိုင်ဆိုင်မှုတွေ၊ ဓနဥစ္စာတွေကို ဘယ်လို ရခဲ့သလဲဆိုတာ ရာဇဝတ်မှုနှိမ်နင်းရေးအေဂျင်စီကို အပြည့်အဝ ထုတ်ဖော်ပြောပြရမှာပါ။ သူ့ လန်ဒန်က အိမ်က ပေါင် ၁၅ သန်း တန်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေ အပြည့်အဝ ကျေနပ်နိုင်မယ့် ရှင်းလင်းချက် မပေးနိုင်ရင် ရာဇဝတ်မှု တိုက်ဖျက်ရေး အေဂျင်စီက တရားရုံးကို နောက်ထပ်တက်ပြီး မစ္စက်ဟာဂျီယေဗာရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူခွင့်ပြုဖို့ အမိန့်ချပေးဖို့ လျှောက်ထားနိုင်ပါတယ်။ မစ္စက်ဟာဂျီယေဗာဘက်က အယူခံနိုင်ရင်တော့ ဒီအိမ်ကို သိမ်းယူတဲ့ လုပ်ငန်းစဉ်က နောက်ထပ် တစ်နှစ်လောက် ထပ်ကြာနိုင်ပါတယ်။ သူ့ဘက်က မရှင်းနိုင်ရင်တော့ လပိုင်းအတွင်း အိမ်က ဖယ်ပေးရမှာပါ။
အစဉ်အလာတစ်ခု ဖြစ်လာမယ်
အခုလိုတရားရုံးက ဆုံးဖြတ်လိုက်တာဟာ ဥပဒေရေးရာ အစဉ်အလာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ရှင်းမပြနိုင်တဲ့ ဓနဥစ္စာပိုင်ဆိုင်မှုတွေကို အရေးယူဖို့ တရားသူကြီးတွေအနေနဲ့ ရဲတွေနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီကို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်တွေ ပိုပေးနိုင်လာမှာ ဖြစ်ပါတယ်။
နိုင်ငံခြားက အကျင့်ပျက်တဲ့ အစိုးရတွေနဲ့ ဆက်စပ်မှုရှိတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ အဲဒီ အစိုးရတွေရဲ့ မိသားစုတွေ လန်ဒန်မှာ ဝယ်ယူနေထိုင်နေတဲ့ သန်းပေါင်းများစွာတန်တဲ့ အိမ်တွေ ခြံမြေတွေကို သိမ်းယူနိုင်မှာ ဖြစ်ပါတယ်။
ရှေ့မှာ ဘာဖြစ်မလဲ
မစ္စက်ဟာဂျီယေဗာအနေနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးအေဂျင်စီကို ၇ ရက်အတွင်း သူ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ထုတ်ဖော် ရှင်းပြရမှာပါ။ ပျက်ကွက်ရင်တော့ အေဂျင်စီက သူ့ အိမ်မြေတွေသိမ်းဖို့ ဆက်လုပ်နိုင်ပါတယ်။
သူ့ဘက်က ရှင်းပြခဲ့ရင်တော့ ရာဇဝတ်မှု တိုက်ဖျက်ရေးအေဂျင်စီက ဒီရှင်းပြချက်ကို လက်ခံမလား၊ သူ့ပစ္စည်းတွေကို သိမ်းဖို့ ဆက်လုပ်မလားဆိုတာ ဆုံးဖြတ်ဖို့ ရက်ပေါင်း ၆၀ အချိန်ရပါတယ်။
မစ္စက်ဟာဂျီယေဗာရဲ့ ရှင်းပြချက်တွေမှာ လိမ်လည်မှုတွေ လှည့်ဖျားချက်တွေပါရင်တော့ သူ့ကို ရာဇ၀တ်မှုနဲ့ တရားစွဲဆိုပြီး ထောင်ချနိုင်ပါတယ်။
မစ္စက်ဟာဂျီယေဗာကတော့ သူ့အနေနဲ့ ဘာမှ ပြစ်မှုကျူးလွန်တာ မရှိခဲ့ပဲ သူ့ခင်ပွန်း ထောင်ချခံခဲ့ရတာကလည်း အဇာဘိုင်ဂျန်မှာ မတရား အမှုဆင်ခံခဲ့ရတာလို့ ထွက်ဆိုထားပါတယ်။
သူဘာတွေ သုံးခဲ့သလဲ
ဇာမီရာ ဟာဂျီယေဗာဟာ သူ့ ယောက်ျား အလုပ်လုပ်ခဲ့တဲ့ ဘဏ် နဲ့ ချိတ်ဆက်ထားတဲ့ ကတ်အများစု အပါအဝင် အကြွေးဝယ်ခွင့် ကတ်ပေါင်း ၅၄ ကတ်ကို သုံးပြီး ဆယ်စုနှစ်တစ်စုစာလောက် ငွေတွေဖောဖောသီသီကြီး သုံးသွားခဲ့တာပါ။
မစ္စက်ဟာဂျီယေဗာဟာ အဇာဘိုင်ဂျန်မှာ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် နောက်တစ်နှစ်မှာပဲ ယူကေကို ရောက်လာပြီး အဲဒီမှာ အခြချဖို့ ကြိုးစားခဲ့အပါတယ်။ ရောက်ရောက်ချင်းနှစ် အစမှာတော့ သူ အသုံးအဖြုန်း မကြီးလှခဲ့ပါဘူး။ ကလေးစာအုပ်ဖိုး ၈၄၂ ပေါင်နဲ့ ရေမွှေး ပေါင် ၁၄၀ ဖိုး ဝယ်တာလောက်ပဲ ရှိခဲ့ပါတယ်။
ဒါပေမယ့် နှစ်မကုန်ခင်မှာပဲ သူ ကာတီယာ ရတနာကောင်တာကို တွေ့သွားပါတယ်။ အဲဒီနေရာဟာ သူ့အကြိုက်ဆုံး နေရာတစ်ခု ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ ပထမဆုံး ဝယ်တာကတော့ ပေါင် ၁၈၁ပေါင်ဖိုး ထဲပါ။
နောက်တော့ Miu Miu ဒီဇိုင်းနာအဝတ်တွေ ပေါင် ၁၆၀၀ ဖိုးဝယ်ခဲ့ပြီး၊ Ferragamo ဖိနပ်တွေလည်း ပေါင် ၁၅၃၉ ပေါင်ဖိုး ဝယ်ခဲ့တာတွေ့ရပါတယ်။
၂၀၀၇ ခုနှစ် မတ်လမှာ Miu Miu အဝတ်တွေ ၁၀၆၁၆ပေါင်ဖိုးကို သူ သုံးတဲ့ American Express ကတ် ၂၅ ခုထဲက တစ်ခုနဲ့ ဝယ်ခဲ့ပါတယ်။
အဲဒီကစလို့ သူအသုံးကြမ်းလာပါတယ်။ ဘာအတွက်မှန်းမသိဘဲ ဟဲရော့ဒ်စ်ကုန်တိုက်မှာ ပေါင် ၆၆၀၀၀ ဖိုးပေးထားပြီး ဒီဇိုင်နာ Tom Dixon ဆီကလည်း ပစ္စည်း ၁၇၀၀၀ ဖိုးဝယ်ခဲ့တာတွေ့ရပါတယ်။
ဟဲရော့ဒ်စ်မှာ သူဝယ်ခဲ့တာတွေ
Boucheron လက်ဝတ်ရတနာ - ပေါင် ၃.၅ သန်း
ကာတီယာ လက်ဝတ်ရတနာ - ပေါင် ၁.၄ သန်း
အမေရိကန်ဖက်ရှင် ဒီဇိုင်းနာ - ပေါင် ၄၀၂၀၀၀
Dennis Basso ရဲ့ အဝတ်အစား
Tom ဆင်းဒဝစ် - ပေါင် ၃၃၂၀၀၀
ဒါတွေကတော့ ကော်ဖီဆိုင်တွေမှာ စားသောက်တာနဲ့ တွမ်ဒစ်ဆင်ပရိဘောဂတွေ ဝယ်တာကို စုပြီး ပေးထားတာဖြစ်နိုင်ပါတယ်။
ဟဲရော့ဒ်စ် ရေမွှေးနဲ့အလှကုန်ပစ္စည်း- ပေါင် ၁၆၀၀၀၀
ဟဲရော့ဒ်စ်မှာ စုစုပေါင်းသုံးငွေ -ပေါင် ၁၆၃၀၉၀၇၇ ၈၇
(တရားရုံးချုပ်မှတ်တမ်းများမှ)