တရုတ်ပြည်မကြီးက လာသူတွေ နှစ်ပတ်သီးသန့်ခွဲထားပြီးမှ ဟောင်ကောင်ဝင်ခွင့်ပေးမယ်

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် မြန်မြန်ဆက်ပြန့်ပွားနေတာကြောင့် ရောဂါထိန်းချုပ်ရေး တင်းကြပ်လိုက်တဲ့အနေနဲ့ တရုတ်ပြည်မကြီးက ဝင်လာသူတွေကို နှစ်ပတ်သီးသန့်ခွဲထားမယ်လို့ ဟောင်ကောင်က ကြေညာလိုက်ပါတယ်။

အခု လာမယ့် သီတင်းပတ်ကုန်ရက်တွေက စပြီး ပြည်မကြီးက ဝင်လာသူတွေကို နှစ်ပတ်ခွဲထားမှာ ဖြစ်ပါတယ်။

ဒီကြေညာချက် ထွက်ပေါ်လာတာဟာ ဟောင်ကောင်ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာနိုင်ခြေရှိတဲ့ အခြေအနေကို ဟောင်ကောင် အစိုးရရက ပထမဆုံး အသိအမှတ် ပြုလိုက်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးဘက်ကို မသွားဖူးသူ သုံးယောက်မှာ ကိုရိုနာဗိုင်းရပ်စပ် ကူးစက်မှု ဖေဖော်ဝါရီ ၅ ရက်မှာ ထပ်တွေ့ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီသုံးယောက်ဟာ တရုတ်ပြည်မကြီးက လာသူတွေနဲ့လည်း နီးနီးကပ်ကပ် မထိတွေ့ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

အဲဒီလို တွေ့ရှိခဲ့တဲ့အတွက် ဟောင်ကောင် လူထုအကြားမှာ ကူးစက်မှုတွေရှိနေပြီဆိုတာ စပြလိုက်တာပဲလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောပါတယ်။

အဲဒါကြောင့် အခုလာမယ့် စနေနေ့က စပြီး ပြည်မကြီးက လာသူအားလုံးကို နှစ်ပတ်ခွဲထားမှာ ဖြစ်ပြီး အဲလို ခွဲထားမယ့်သူတွေထဲမှာ ဟောင်ကောင်ဒေသခံတွေ ပြည်မကြီးက ပြန်ဝင်လာရင်လည်း သီးသန့်ခွဲထား စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

ကျန်းမာရေး သမဂ္ဂအဖွဲ့အစည်းတွေကတော့ ဒီလိုလုပ်ရုံနဲ့ ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူတို့က ဟောင်ကောင် နယ်စပ်တွေအားလုံးကို လုံးဝ ပိတ်ပစ်ဖို့ ဆက်ပြီး တောင်းဆိုနေတာပါ။

အဲလိုအချိန်မှာပဲ ခရီးသည်တချို့ ဗိုင်းရပ်စ်ကူးစက်နေတဲ့ World Dream ခရီးသည်တင်သင်္ဘောကြီးကိုလည်း ဟောင်ကောင်က ကမ်းကပ်ခိုင်းထားပြီး ခွဲထားစောင့်ကြည့်နေပါတယ်။

ခရီးသည် ၃၆၀၀ နဲ့ သင်္ဘောဝန်ထမ်းတွေကို ဘယ်အချိန်မှာ သင်္ဘောပေါ်က ဆင်းခွင့်ပေးမယ်ဆိုတာ မသေချာသေးပါဘူး။

အခုဆိုရင် ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ယောက် ရှိနေပါပြီ။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၀၀ နီးပါးရှိလာချိန်မှာ တရုတ်အစိုးရကတော့ ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေး အရှိန်မြှင့်လုပ်မယ်လို့ ပြောပါတယ်။

ကူးစက်မှု အမြင့်ဆုံးဖြစ်တဲ့ ဝူဟန်မြို့မှာ အားကစားရုံနဲ့ စုဝေးခန်းမလို နေရာကျယ်ဝန်းတဲ့ နေရာ ၁၁ နေရာကို ဆေးရုံတွေအဖြစ် အရေးပေါ် ပြင်ဆင်လိုက်ပြီး နောက်ထပ် လူနာ ကုတင် တစ်သောင်းလောက် လက်ခံကုသနိုင်အောင် ပြင်ဆင်နေပါတယ်။

ဝူဟန်မြို့ရှိရာ ဟူဘေးနဲ့ တချို့ပြည်နယ်တွေမှာ လိုအပ်တဲ့ အစားအသောက် အသုံးအဆောင်တွေကို တစ်အိမ်ထောင်မှာ တစ်ယောက်ပဲ နှစ်ရက်တစ်ခါ ထွက်ဝယ်ကြဖို့ ခွင့်ပြုထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တာဝန်ရှိသူတွေကို ဒီကူးစက်ရောဂါ တားဆီးရေး ပိုအားစိုက်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်က ကျန်းမာရေး တာဝန်ရှိသူတွေ အဆိုအရတော့ ရောဂါသံသယရှိသူ တွေ့ရှိနှုန်းက လျော့ကျလာတယ်လို့ ပြောပါတယ်။ အခု တရုတ်နိုင်ငံမှာ ကူးစက်ထားသူအရေအတွက်က ၂၄၃၀၀ အထိရှိနေပြီ ဖြစ်ပါတယ်။