ထိုင်းက အာဏာရှင်ဆန့်ကျင်ရေး ပြေးပွဲတွေမှာ လူသောင်းချီပါဝင်

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ အာဏာရှင်ကို ဆန့်ကျင်ဖို့ ဆိုပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ နိုင်ငံအဝန်းက ပန်းခြံတွေမှာ ပတ်ပြီး ပြေးပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ထိုင်းစစ်တပ် ထောက်ခံမှု ရထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ကျန်အိုချာအစိုးရကို ဆန္ဒပြတဲ့ သဘောနဲ့ အနည်းဆုံး လူတသောင်းလောက်က ဘန်ကောက်မြို့တော်က ဒီပြေးပွဲမှာ ပါဖို့ စာရင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေး လွတ်လပ်မှု ပိုရအောင် တောင်းဆိုတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

ဘန်ကောက်က ဒီပြေးပွဲမှာ အစိုးရ ဆန့်ကျင်သူတွေက ပရာယွတ် ထွက်သွား၊ ဒီမိုကရေစီ အဓွန့်ရှည်ပါစေ စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး လုံခြုံရေး အစောင့်တွေ ရှေ့မှာ ပတ်ပြေးကြပါတယ်။

လုံခြုံရေးတွေ အများကြီး ချထားတာမျိုးတော့ မတွေ့ရပါဘူး။

တခြားမြို့ကြီးတွေမှာလည်း အလားတူ ပြေးပွဲတွေ ကျင်းပခဲ့ပါတယ်။

နောက် ပြေးသူအများအပြားက ဟန်းဂါးဂိမ်း ရုပ်ရှင် ဇာတ်လမ်းတွဲထဲကလို လက်သုံးချောင်းထောင်ပြီး အလေးပြုကြပါတယ်။ ဒါကတော့ အခက်အခဲကြားမှာ ညီညွတ်ကြဆိုတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။

ဒီမှာ ဝင်ပြေးတဲ့အထဲက အတိုက်အခံ အမျိုးသမီးအမတ် ပန်နစ်ကာ ဝါနစ် က

"နိုင်ငံရေးသမားတွေနဲ့ပါတီတွေကို လူတွေက မျှော်လင့်ကြတယ်ဆိုတာ လုံးဝမမှန်တော့ပါဘူး။ နိုင်ငံအတွက် မျှော်လင့်ချက်အစစ်က လူတွေ ကိုယ်တိုင် သူတို့လွတ်လပ်ခွင့်အတွက် အခုလို ထပြီး တိုက်ယူကြတာပါ" လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲဟာ အရင်လက အတိုက်အခံ ဘီလျံနာသူဌေး တနာထုံ ခေါင်းဆောင်ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲကြီးနောက်မှာ ကျင်းပတာ ဖြစ်ပြီး အကြီးဆုံး အတိုက်အခံ အင်အားပြပွဲလည်း ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ သုံးထောင်လောက်ရှိတဲ့သူတွေကလည်း ဘန်ကောက်က တခြားပန်းခြံတခုမှာ ပရာယွတ် ကျန်အိုချာ အစိုးရကို ထောက်ခံတဲ့ပွဲ ကျင်းပခဲ့ပါတယ်။

ဒီအုပ်စုကတော့ အန်ကယ်ကို ဂုဏ်ပြုဖို့ လမ်းလျှောက်စို့ဆိုပြီး ဝန်ကြီးချုပ် ပရာယွတ်ကို ထောက်ခံသူတွေ စုစည်းတဲ့ပွဲ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကို အန်ကယ်တူဆိုပြီး ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က ဝင်ပြီး အာဏာသိမ်းတာ ၁၂ ခါ ရှိခဲ့ပြီး အခုလည်း ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲမှာ နိုင်ပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

.