ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူအစုအပြုံလိုက်သတ်မှုနဲ့ ဖိလစ်ပိုင် ဆွေမျိုးတစ်သိုက်ကို ထောင်ဒဏ်တွေချ
ဖိလစ်ပိုင်နိုင်ငံမှာ အဆိုးဝါးဆုံး လူအစုလိုက် အပြုံလိုက် သတ်မှုကြီးမှာ ကြိုးကိုင်စီစဉ်ခဲ့သူတွေကို ပြစ်မှုထင်ရှားကြောင်း ဖိလစ်ပိုင်တရားရုံးက စီရင်ချက် ချလိုက်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက နိုင်ငံတောင်ပိုင်း မာဂွင်ဒါနာအို ပြည်နယ်မှာ ကားတန်းကြီး တိုက်ခိုက်ခံခဲ့ရတဲ့အတွက် သတင်းထောက် ၃၂ ဦး အပါအဝင် လူ ၅၈ ဦး သေဆုံးခဲ့ပါတယ်။
အန်ဒယ်လ် အမ်ပက်တူအန် ဂျူနီယာနဲ့ ဇာလ်ဒီ အမ်ပက်တူအန် တို့ ညီအစ်ကို နှစ်ဦး အပါအဝင် သြဇာကြီးမားတဲ့ ဆွေမျိုးအုပ်စုကြီး တစ်ခုရဲ့ မိသားစုဝင် ၅ ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ညီအစ်ကိုတော်စပ်သူ နောက်တစ်ဦးကတော့ တရားသေ လွတ်သွားပါတယ်။
ဒီအမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တရားစီရင်ရေး စနစ်အပေါ် စမ်းသပ်မှု တစ်ခုဖြစ်တယ်လို့ အများက ရှုမြင်ထားကြပါတယ်။
ဆွေမျိုးအုပ်စုကြီးရဲ့ တခြား မိသားစုဝင် ၃ ဦးဖြစ်တဲ့ အန်ဝါ အမ်ပက်တူအန် ဆီနီယာ၊ အန်ဝါ အမ်ပက်တူအန် ဂျူနီယာနဲ့ အန်ဝါ ဆာဂျစ် အမ်ပက်တူအန် တို့လည်း ပြစ်မှု ထင်ရှားခဲ့ကြပါတယ်။
အမ်ပက်တူအန် မိသားစုဝင်တွေကတော့ စွဲချက်တွေအားလုံးကို ငြင်းဆိုထားပြီး ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။
ဒီသတ်ဖြတ်မှုကို လုပ်ဖို့ အမ်ပက်တူအန် မိသားစုဝင်တွေရဲ့ ညွှန်ကြားခံရတဲ့ ကျန်တရားခံတွေလည်း ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အတွင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ရဲအရာရှိတွေနဲ့ အမ်ပက်တူအန် မိသားစုဝင်တွေ အပါအဝင် ကျန်တဲ့ တရားခံ ၈၀ လောက်ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
တရားခံအဖြစ် စွပ်စွဲခံခဲ့ရသူ ရဲအရာရှိ အတော်များများကိုတော့ တရားသေ လွှတ်လိုက်ပါတယ်။
မာဂွင်ဒါနာအိုမှာ ဘာတွေ ဖြစ်ခဲ့သလဲ
မငြိမ်မသက် ဖြစ်နေတဲ့ မာဂွင်ဒါနာအို ပြည်နယ်ကို အမ်ပက်တူအန် ဆွေမျိုး အုပ်စုကြီးက နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့က အဲဒီဒေသက နိုင်ငံရေးရာထူးနေရာ အားလုံးနီးပါးလောက်ကို ယူထားကြတာပါ။
ဒါပေမဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ သူတို့လိုပဲ သြဇာကြီးတဲ့ ဆွေမျိုး အုပ်စုကြီးတစ်ခုရဲ့ မိသားစုဝင် အက်စ်မေးလ် မန်ဂူဒါဒါတူ ဆိုသူက ပြိုင်ဘက်အဖြစ် ဝင်ပြိုင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မစ္စတာ မန်ဂူဒါဒါတူရဲ့ ဇနီး၊ ညီမတွေနဲ့ တခြား အမျိုးသမီး ဆွေမျိုးတွေဟာ မဲပေးဖို့အတွက် ကားတန်းကြီးနဲ့ ထွက်ခွာလာခဲ့ကြပါတယ်။
သတင်းထောက် ၃၂ ဦးနဲ့ မီဒီယာ ဝန်ထမ်းတွေလည်း အဲဒီဖြစ်ရပ်ကို သတင်းယူဖို့ အတူ လိုက်ပါခဲ့ကြပါတယ်။ အားလုံး စုစုပေါင်း လူ ၅၈ ဦးပါ။
သူတို့ရဲ့ ကားတန်းကြီးကို အမ်ပက်တူအန် မိသားစုဝင်တွေ စေလွှတ်လိုက်တယ် ဆိုတဲ့ သစ္စာတော်ခံတွေက ပြန်ပေးဆွဲခဲ့ပါတယ်။ သူတို့ကို တောင်ကုန်းထိပ်ကို ခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေကို တွင်းနက်တစ်ခုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ပြန်တွေ့ခဲ့ရပါတယ်။
"ကျွန်တော့်ဇနီးက ၁၇ ချက် သေနတ်နဲ့ အပစ်ခံခဲ့ရတယ်။ ရင်သားနဲ့ မိန်းမအင်္ဂါ တွေကို ချိန်ပြီး ပစ်ခဲ့တာ။ ဒီရက်စက်မှုကို ကျွန်တော့်တစ်သက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး" လို့ မာဂွင်ဒါနာအို ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့သူ မစ္စတာ မန်ဂူဒါဒါတူ က ပြောပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုကို ရှေးရှုတဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ Amnesty International လူ့အခွင့်အရေး အုပ်စုက ပြောပါတယ်။
ဒါပေမဲ့လည်း တရားမျှတမှုတွေ ဖြစ်လာဖို့ နောက်ထပ် အများကြီး လိုနေသေးတယ်လို့ သူတို့က ပြောခဲ့ပြီး သြဇာလွှမ်းမိုးတဲ့ နိုင်ငံရေး ဆွေမျိုးအုပ်စုကြီးတွေ ဖွဲ့ထားတဲ့ ပုဂ္ဂလိက စစ်တပ်တွေကို ဖျက်သိမ်းပစ်ဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
သူတို့ပြောသမျှ ခေါင်းညိတ်ရင်ညိတ် မဟုတ်ရင် အသတ်ခံရ
တရားရုံးရဲ့ အခု ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးသမားတချို့ လုပ်ချင်တာ လုပ်ပြီး အပြစ်ပေးမခံရပဲ လွတ်လေ့ ရှိတဲ့ ဓလေ့အပေါ် ထိုးနှက်လိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။
အမ်ပက်တူအန် မိသားစုဝင်တွေအကြောင်း Human Rights Watch အဖွဲ့ရဲ့ ၂၀၁၀ ခုနှစ် အစီရင်ခံစာထဲမှာ သူတို့မိသားစုကို မာဂွင်ဒါနာအို ပြည်နယ်မှာ စစ်အကြီးအကဲတွေအဖြစ် သတ်မှတ်ထားကြတယ်လို့ ဖော်ပြထားပါတယ်။
သူတို့မိသားစုရဲ့ ဆိုရိုးစကားက သူတို့ပြောသမျှ ခေါင်းညိတ်ရင်ညိတ် မဟုတ်ရင် အသတ်ခံရမယ်လို့ အဲဒီအချိန်တုန်းက အမ်ပက်တူအန် မိသားစုဝင်တွေရဲ့ လက်နက်ကိုင် တစ်ဦးဖြစ်ခဲ့သူက ပြန်ပြောပြပါတယ်။
ဖိလစ်ပိုင် သတင်းထောက် ဟားဝါ့ဒ် ဂျွန်ဆင်က သူအဲဒီမှာ ရွေးကောက်ပွဲ သတင်းယူနေချိန်တုန်းက အဲဒီမှာ နိုင်ငံရေး ပြိုင်ဘက်တွေအကြား ပြိုင်ဆိုင်မှုတွေ အကြီးအကျယ် ရှိနေတဲ့အတွက် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ နေရာတွေကို သူ့ကို သတိပေးခဲ့ကြတယ်လို့ ပြောပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆာလ်ဗေဒေါ ပနဲလို က ကြိုဆိုလိုက်ပြီး ဒါဟာ မီဒီယာ သတင်းသမားတွေ အပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ အန္တရာယ်တွေကနေ ကာကွယ်ဖို့ အစိုးရရဲ့ ကြိုးပမ်းနေမှုနဲ့ ကိုက်ညီနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သမ္မတ ဒူတာတေးကတော့ မီဒီယာတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ပါဘူး။
"သတင်းသမား ဖြစ်လို့ ဆိုပြီး လုပ်ကြံမခံရဘူးလို့ မထင်နဲ့ ခွေးမသားလို လုပ်နေရင် လွတ်မှာမဟုတ်ဘူး" လို့ သမ္မတ ဒူတာတေးက ၂၀၁၆ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။
အသတ်ခံခဲ့ရသူတွေက ဘယ်သူတွေလဲ
အသတ်ခံခဲ့ရသူတွေဟာ မစ္စတာ မန်ဂူဒါဒါတူရဲ့ အမျိုးသမီး ဆွေမျိုးတွေနဲ့ သတင်းယူဖို့ လိုက်လာကြတဲ့ သတင်းသမားတွေ ဖြစ်ပါတယ်။
မစ္စတာ မန်ဂူဒါဒါတူရဲ့ အမျိုးသား ဆွေမျိုးတွေကတော့ အတိုက်ခိုက်ခံရနိုင်တယ် ဆိုပြီး သူတို့နဲ့အတူ လိုက်မသွားခဲ့ပါဘူး။ အမျိုးသမီးတွေကိုတော့ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြောင်း မစ္စတာ မန်ဂူဒါဒါတူ က ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ သတင်းထောက်တွေ အသတ်ခံခဲ့ရမှု သမိုင်းမှာ လူအသေအပျောက် အများဆုံး ဖြစ်တယ်လို့ CPJ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ကော်မတီ က ပြောပါတယ်။ အခုချိန်မှာလည်း ဖိလစ်ပိုင်နိုင်ငံက သတင်းသမားတွေ လုံးဝ ဘေးကင်းလုံခြုံတယ်လို့ ပြောလို့ မရသေးပါဘူး။
ဖိလစ်ပိုင်နိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ် အများဆုံး နိုင်ငံ တွေထဲမှာ အဆင့် ၁၀ မှာ ရှိနေဆဲ ဖြစ်ပြီး အစိုးရကို ဝေဖန်တဲ့ သတင်းဖော်ပြမှုတွေကြောင့် သတင်းသမား တချို့ အနေနဲ့ အွန်လိုင်းပေါ်ကနေ စော်ကားတာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေကို ခံနေရဆဲ ဖြစ်တယ်လို့ CPJ က ပြောပါတယ်။
ဒီအမှုကို ဆုံးဖြတ်ဖို့ ဘာ့ကြောင့် ဒီလောက် အချိန်ကြာခဲ့ရသလဲ
ဒီလူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့တာ ၁၀ နှစ်ကြာ ရှိသွားပြီ ဖြစ်ပြီး ဒီကနေ့မှာတော့ တရားရုံးက အမ်ပက်တူအန် မိသားစုဝင်တွေ အပါအဝင် မသင်္ကာဖွယ် လူ ၁၀၀ ကျော်ကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
သံသယတရားခံ ၈၀ လောက် ခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ အနည်းဆုံး မျက်မြင်သက်သေ ၄ ယောက်လောက် သက်သေ မထွက်ဆိုခင်မှာပဲ အသတ်ခံခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင် အတော်များများက သူတို့ကို အမှုပြန်ရုပ်သိမ်းပေးဖို့ တရားခံဘက်က ငွေကြေး ကမ်းလှမ်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။