သေဒဏ်ချခံခဲ့ရတဲ့ ပါကစ္စတန် စစ်ခေါင်းဆောင် ပါဗက်ဇ် မူရှာရက်ဖ်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ

ရေးသားခဲ့သည်။

ပါကစ္စတန် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ် ကို အစ္စလာမာဘာ့ဒ်မြို့က အထူးတရားရုံးမှာ မျက်ကွယ်တရားစီရင်ပြီး သေဒဏ် ချမှတ်လိုက်ပါတယ်။

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်အတွင်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ဟာ သူ့ရဲ့ ရာထူးသက်တမ်း တိုးမြှင့်ဖို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့တဲ့အတွက် နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြစ်မှု ထင်ရှားခဲ့တာပါ။

ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဒူဘိုင်းမှာ နေထိုင်နေခဲ့တာပါ။ သူ့ကို အခုလ အစောပိုင်းတုန်းက ဆေးရုံတင်ခဲ့ရပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ရဲ့ ကံကြမ္မာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ တက်လိုက်မြင့်လိုက် ဖြစ်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အာဏာ သိမ်းယူခဲ့အပြီး ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ လုပ်ကြံခံရမှု အတော်များများကို လွတ်မြောက်ခဲ့ပါတယ်။ အစ္စလာမစ် လက်နက်ကိုင်တွေနဲ့ အနောက်အုပ်စု အကြား ကြားညပ်နေတဲ့ အခြေအနေကိုလည်း ကြုံခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ် ရောက်တဲ့အခါမှာတော့ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီး အရေးပေါ် အုပ်ချုပ်ရေး အမိန့် ကြေညာဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားမဝင် ဖျက်သိမ်းခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

ပါဗက်ဇ် မူရှာရက်ဖ် ဟာ ဘယ်လိုပုဂ္ဂိုလ်လဲ

ပါဗက်ဇ် မူရှာရက်ဖ်ကို ၁၉၄၃ ခုနှစ် သြဂုတ်လမှာ ဒေလီမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အူရဒူ စကားပြော မိဘ နှစ်ပါးဟာ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ပိုင်းကွဲသွားခဲ့အပြီးမှာ ပါကစ္စတန်နိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့ပါတယ်။

စစ်တပ်ထဲမှာ ကာလတာရှည် စစ်မှုထမ်းခဲ့အပြီး ဝန်ကြီးချုပ် နဝါ့ဇ် ရှရစ်ဖ် လက်အောက် ၁၉၉၈ ခုနှစ်မှာ မစ္စတာ မူရှာရက်ဖ် စစ်ဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှရစ်ဖ်က စစ်တပ်ထဲမှာ ပိုထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ မစ္စတာ မူရှာရက်ဖ်ကို သူ့ထက် ပိုအဆင့်မြင့်တဲ့ ဗိုလ်ချုပ်ကြီးတွေကို ကျော်ပြီး စစ်ဦးစီးချုပ် ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးချုပ် ရှရစ်ဖ်အတွက်က အလောင်းအစား သဘော အရဲစွန့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ စီးပွားရေး ကျဆင်းနေသလို အငြင်းပွားစရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကက်ရှ်မီးယားပြည်နယ် ပဋိပက္ခကြောင့် လူတွေ မကျေမနပ် ဖြစ်နေကြပြီး ဝန်ကြီးချုပ် ရှစ်ဖ်အပေါ် လူထုထောက်ခံအား ကျဆင်းနေခဲ့တာပါ။ အဲဒီနှစ်က ကက်ရှ်မီးယားပြည်နယ်မှာ ပိုင်နက်နယ်မြေ သိမ်းယူဖို့ ကြိုးစားမှု မအောင်မမြင် ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ပါကစ္စတန်နိုင်ငံ သိက္ခာကျခဲ့ရပြီး စစ်တပ်ကလည်း ဒီကိစ္စအပေါ် တာဝန်ယူ ခေါင်းခံဖို့ ဆန္ဒ မရှိခဲ့ပါဘူး။

ဝန်ကြီးချုပ် ရှရစ်ဖ် က ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ကို အစားထိုးဖို့ လုပ်တဲ့အခါ သူ့ထက် ခြေလှမ်းသွက်ပြီး စစ်တပ် နောက်ခံအင်အားရှိတဲ့ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်က အာဏာ သိမ်းယူဖို့ အခွင့်အလမ်း ရှာတွေ့သွားခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး

ဒါပေမဲ့ စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုအပြီး ၂၀၀၁ ခုနှစ်မှာ အမေရိကန် သမ္မတ ဘွတ်ရှ်ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲကို ထောက်ခံအားပေးဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပါကစ္စတန် စစ်တပ်က စစ်ရေးအရ သက်ညှာပေးထားတဲ့ တာလီဘန်အဖွဲ့နဲ့ရော၊ အယ်လ်ကိုင်ဒါ အဖွဲ့နဲ့ပါ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ အခြေအနေ ရောက်ခဲ့ရပါတယ်။

ပါကစ္စတန်မှာ အစွန်းရောက်ဝါဒ တိုက်ဖျက်ဖို့ အမေရိကန်ရဲ့ ဖိအားပေးနေမှုတွေနဲ့ နိုင်ငံတွင်းမှာ အမေရိကန်ကို ဆန့်ကျင်မှုတွေ တိုးပွားလာနေမှု အကြား ချိန်ခွင်လျှာ ညှိနိုင်အောင် ကြိုးစားနေရတဲ့အတွက် ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုပဲလို့ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်က မကြာခဏ ပြောလ့ရှိပါတယ်။

တချိန်တည်းမှာ အာဖဂန်နစ္စတန်နိုင်ငံကလည်း အရှိန်အဝါ ကြီးထွားလာနေပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ လူမျိုးစုဒေသက အယ်လ် ကိုင်ဒါနဲ့ တာလီဘန် လက်နက်ကိုင်တွေ အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်လာနေတာကို မစ္စတာ မူရှာရက်ဖ်အနေနဲ့ လုံလုံလောက်လောက် တားဆီး ဆောင်ရွက်တာမျိုး မရှိဘူး ဆိုပြီး နေတိုးနဲ့ အာဖဂန်နစ္စတန် အစိုးရတို့က မကြာခဏ ဆိုသလို စွပ်စွဲ ပြောဆိုလေ့ ရှိပါတယ်။

ပါကစ္စတန်နိုင်ငံမှာ စစ်တပ်တက္ကသိုလ်တစ်ခုနဲ့ သိပ်မကွာတဲ့ နေရာတခုမှာ နှစ်ပေါင်းများစွာ နေနေတယ်လို့ အယ်လ် ကိုင်ဒါ ခေါင်းဆောင် အိုဆမာ ဘင် လာဒင် ကို ၂၀၁၁ ခုနှစ်မှာ ဖော်ထုတ် တွေ့ခဲ့အပြီးမှာ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ရဲ့ မှတ်တမ်း ရာဇဝင်အကြောင်း မေးခွန်းထုတ်မှုတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ကတော့ ဒီကိစ္စကို သူမသိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အာဏာစင်မြင့်ကနေ ပြုတ်ကျခဲ့

ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် အာဏာ လက်ဝယ် ရှိစဉ် အချိန်ကာလအတွင်း သမ္မတ ဖြစ်နေစဉ် စစ်တပ်ရဲ့ အကြီးအကဲအဖြစ် ဆက်ရှိနေလိုတဲ့ သူ့ရဲ့ ဆန္ဒကြောင့် ကာလတာရှည် အငြင်းပွားမှုတွေ အပါအဝင် တရားစီရင်ရေးတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

၂၀ဝ၇ ခုနှစ် အစောပိုင်းမှာ တရားသူကြီးချုပ် အစ်ဖ်တီခါ မူဟာမက် ချောင်ဒရီကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အတွက် နိုင်ငံနဲ့အဝန်း ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

လအတန်ကြာတဲ့အခါ အစ္စလာမာဘာ့ဒ်မြို့က ဗလီနီနဲ့ သူ့ရဲ့တွဲလျက် အစ္စလာမစ် ကျောင်းကို စီးနင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီ စီးနင်းတိုက်ခိုက်မှု အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီ ဗလီကျောင်းက ဘာသာရေး ဆရာတွေနဲ့ ကျောင်းသားတွေဟာ အစ္စလာမာဘာ့ဒ်မြို့တော်မှာ ရှာရီယာ ဥပဒေကို တင်းတင်းကြပ်ကြပ် သတ်မှတ်ပြဌာန်းပေးဖို့ ရန်လိုတဲ့ စည်းရုံးမှုတွေ ပိုတိုးလုပ်လာတယ်လို့ စွပ်စွဲခံထားရတာပါ။

အဲဒီဖြစ်ရပ်အပေါ် အကြီးအကျယ် ဒေါသ အမျက်ထွက်ကြရာကနေ ပါကစ္စတန် တာလီဘန် အဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး ဗုံးခွဲမှုတွေ တိုက်ခိုက်မှုတွေကြောင့် လူ ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်နှောင်းပိုင်းမှာ ပြည်ပမှာ ခိုလှုံနေတဲ့ မစ္စတာ နာဝါ့ဇ် ရှာရစ်ဖ် ပြန်ရောက်လာခဲ့ချိန်ဟာ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ရဲ့ ခေတ်ကုန်တော့မယ့် အစ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်က အရေးပေါ် အုပ်ချုပ်ရေး အမိန့် ကြေညာပြီး အာဏာကို ဆက်စွဲကိုင်ထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ပါလီမန် ရွေးကောက်ပွဲမှာ သူ့ပါတီ ရှုံးနိမ့်သွားခဲ့ပါတယ်။ ၆ လအကြာမှာတော့ တရားစွဲဆို အရေးယူခံရမှာကို ရှောင်ရှားတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

အိမ်တော်ပြန်ခရီး

လန်ဒန်နဲ့ ဒူဘိုင်းမှာ နေထိုင်နေစဉ် မစ္စတာ မူရှာရက်ဖ် ဟာ သူ့အတွေ့အကြုံတွေအကြောင်း ကမ္ဘာတဝန်း လှည့်လည် ဟောပြောမှုတွေကနေ ဒေါ်လာ သိန်းနဲ့ချီ ဝင်ငွေရခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိက ရည်မှန်းချက်က နေရပ်ဌာနေမှာ အာဏာ ပြန်ရယူဖို့ ဆိုတဲ့အကြောင်းကို မကွယ်မဝှက် ထုတ်ဖော်ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ် မတ်လမှာတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပါကစ္စတန်နိုင်ငံကို ရုတ်တရက် ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သိက္ခာကျစရာ ဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်ခံခဲ့ရပြီး သူ့ရဲ့ APML ပါတီကလည်း အများ ခန့်မှန်းခဲ့သလို အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ တာလီဘန်တွေရဲ့ လုပ်ကြံခံခဲ့ရတဲ့ ဘနီဇီယာ ဘူတိုအတွက် လုံလောက်တဲ့ လုံခြုံရေး ပေးဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် အပါအဝင် တရားရုံးအမှု အတော်များများနဲ့ မစ္စတာ မူရှာရက်ဖ် ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ကြံမှုအပေါ် ကုလသမဂ္ဂရဲ့ ကြားနာစစ်ဆေးမှုအတွင်း မစ္စတာ မူရှာရက်ဖ်ရဲ့ အစိုးရဟာ ဝန်ကြီးချုပ်ဟောင်းတစ်ဦးကို အကာအကွယ်ပေးဖို့ တမင်ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီတစ်နှစ်ထဲမှာပဲ ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်လို့ တရားစွဲဆိုခဲ့ပါတယ်။

သေဒဏ်

ဒါပေမဲ့ လွတ်လပ်ရေး ရပြီးကတည်းက စစ်တပ်က အုပ်ချုပ်လိုက်၊ ပြုတ်လိုက် ဖြစ်နေခဲ့တဲ့ ပါကစ္စတန်လို နိုင်ငံမျိုးမှာ တရားစီရင်မှုက အဆင်ပြေပြေ မဖြစ်ခဲ့ပါဘူး။ ဒီ့အတွက် အစိုးရက စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ကို တရားစီရင်ဖို့ အထူးတရားရုံးတစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုကို တရားသူကြီးတွေ စစ်ဆေးဖို့ အချိန် ၅ နှစ်ကြာခဲ့အပြီးမှာ တရားသူကြီး ၃ ဦးပါ အဖွဲ့က ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ နိုင်ငံတော် သစ္စာဖောက် နဲ့ ပြစ်မှုထင်ရှားပြီး သေဒဏ် ချမှတ်ခံခဲ့တဲ့ ပထမဆုံး စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ခေါင်းဆောင်ဟောင်းတွေကို ကွပ်မျက် အပြစ်ပေးတာမျိုး အရင်က ရှိခဲ့ဖူးပါတယ်။ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံခဲ့ရတဲ့ ပထမဆုံး ဝန်ကြီးချုပ် ဇူလ်ဖီကာ အလီ ဘူတို ဟာ ၁၉၇၇ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရအပြီး နှစ်နှစ်အကြာမှာ ကြိုးပေးကွပ်မျက် ခံခဲ့ရပါတယ်။

သူဟာ နိုင်ငံရေး လုပ်ကြံမှု လုပ်ခဲ့တယ် ဆိုပြီး အငြင်းပွားစရာ ရုံးတင်စစ်ဆေးမှုအတွင်းမှာ စွပ်စွဲခံခဲ့ရပါတယ်။

အခု ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်လည်း အလားတူ ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတာကို ကျန်းမာရေး အကြောင်းပြချက်ကြောင့် ပြန်ရုပ်သိမ်းခဲ့အပြီး ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ ပါကစ္စတန်နိုင်ငံကနေ နောက်တကြိမ် ထွက်ခွာသွားခဲ့ပြီး အဲဒီအချိန်ကတည်းက ဒူဘိုင်းမှာ နေထိုင်နေခဲ့ပါတယ်။ ပါကစ္စတန်နဲ့ အာရပ်စော်ဘွားများနိုင်ငံ အကြားမှာ တရားခံလွှဲပြောင်းပေးရေး သဘောတူထားချက် မရှိပါဘူး။

မစ္စတာ မူရှာရက်ဖ် ပြစ်မှုထင်ရှားတာကို သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေက တရားရုံးချုပ်က အယူခံဝင်နိုင်ပါတယ်။ တကယ်လို့ ထိပ်တန်း တရားရုံးကသာ အထူးခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုမယ် ဆိုရင် သူ့အနေနဲ့ နောက်တဆင့်တက်ပြီး သေဒဏ်ကျခံသူတွေအတွက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားနိုင်ပါတယ်။