ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြစတြေးလျ တောမီးထဲက ကယ်ထုတ်ခဲ့တဲ့ ကိုအားလားဝက်ဝံလေး ဆုံးသွားပြီ
သြစတြေးလျ တောမီးကနေ ကယ်ထုတ်ခံခဲ့ရအပြီး လူတွေအကြား အာရုံစိုက်ခံခဲ့ရတဲ့ ကိုအားလား ဝက်ဝံလေးဟာ မီးလောင်ဒဏ်ရာတွေကနေ ပြန်နာလန် မထူနိုင်တော့ဘဲ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
လူးဝစ်လို့ အမည်ပေးထားတဲ့ အဲဒီ ကိုအားလား ဝက်ဝံလေးကို ပြီးခဲ့တဲ့ သီတင်းပတ်က နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် တောမီးအတွင်း သစ်ပင်တစ်ပင်ပေါ်ကနေ အမျိုးသမီးတစ်ဦးက ကယ်ထုတ်ခဲ့အပြီး တိရစ္ဆာန် ဆေးရုံတစ်ခုကို တင်ပို့ထားတာပါ။
အဲဒီအမျိုးသမီး တိုနီ ဒိုဟာတီက သူ့အပေါ်အင်္ကျီနဲ့ ဝက်ဝံလေးကို ထွေးပွေ့ပြီး ကယ်ထုတ်လာပုံ ဗီဒီယိုကို ကမ္ဘာတဝန်းက တွေ့ခဲ့ပါတယ်။
ဝက်ဝံလေးရဲ့ မီးလောင်ဒဏ်ရာတွေက မသက်သာတဲ့အတွက် ဆေးထိုး သတ်လိုက်ရတယ်လို့ တိရစ္ဆာန် ဆရာဝန်တွေက ပြောပါတယ်။
"ဒီဆေးရုံရဲ့ ပထမ ဦးစားပေးရည်ရွယ်ချက်က တိရစ္ဆာန်တွေရဲ့ အရေးပါ။ ဒါ့ကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာပါ" လို့ Port Macquarie ကိုအားလား ဆေးရုံက ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ စက်တင်ဘာလက စတင်ခဲ့တဲ့ တောမီးတွေကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
ရင်နင့် ကြေကွဲစရာ ဗီဒီယို
အဲဒီဗီဒီယိုထဲမှာ မီးလောင်ဒဏ်ရာ ရထားတဲ့ ဝက်ဝံလေးကို ဝေဒနာ သက်သာအောင် မစ်စ် ဒိုဟာတီက ရေလောင်းပေးနေတာ တွေ့ရပါတယ်။
တောအုပ်တစ်ခုကို ဖြတ်ပြီး ကားမောင်းလာနေတုန်းမှာ မီးတောက်တွေကြားမှာ ကိုအားလား ဝက်ဝံလေးကို လှမ်းတွေ့လိုက်ပြီး ဝေဒနာကြောင့် အော်ဟစ်နေတဲ့အသံကို ကြားခဲ့ရတယ်လို့ မစ်စ် ဒိုဟာတီ က သတင်းမီဒီယာတွေကို ပြန်ပြောပြပါတယ်။
ကိုအားလား ဝက်ဝံလေးတွေ ဒီလို အော်ဟစ်တတ်မယ်လို့ မသိခဲ့ဘူး။ အရမ်းကို ရင်နင့်စရာ ကောင်းပါတယ်။ သူ့ကို အမြန်ဆုံး ကယ်ထုတ်ဖို့ လိုတယ် ဆိုတာကို ချက်ချင်းသိလိုက်ပါတယ် လို့ မစ်စ် ဒိုဟာတီက Nine News သတင်းဌာနကို ပြောပြပါတယ်။
၁၄ နှစ်သား အဲဒီ ကိုအားလား ဝက်ဝံလေးဟာ ရင်ဘတ်၊ ခြေထောက်နဲ့ တခြားနေရာတွေမှာ မီးလောင်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါး ရခဲ့တယ်လို့ တိရစ္ဆာန်ဆရာဝန်တွေက ပြောပါတယ်။
နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ စတုရန်းမီတာ တစ်သန်းကျော် လောင်ကျွမ်းနေတဲ့ တောမီးအတွင်း မီးလောင်ဒဏ်ရာ ရခဲ့တဲ့ ကိုအားလား ဝက်ဝံ အတော်များများကို အဲဒီဆေးရုံမှာ ဆေးကုသပေးနေတာပါ။
အခုချိန်ထိ တောမီးတွေ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ တောမီးလောင်မှု သမိုင်းမှာ အဆိုးဝါးဆုံး ဖြစ်လာနိုင်တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက သတိပေးထားပါတယ်။