ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်အစိုးရရဲ့ ဦးနှောက်မှိုင်းတိုက်တဲ့ စနစ်အကြောင်း အသေးစိတ် ပေါက်ကြားပေါ်ထွက်
လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ ပညာပေးစခန်း အများအပြားမှာ မွတ်ဆလင် သိန်းပေါင်းများစွာကို တရုတ်အစိုးရက အကွက်ချ ဦးနှောက်မှိုင်းတိုက်နေတယ် ဆိုတာကို ပေါက်ကြား ပေါ်ထွက်လာတဲ့ အထောက်အထား စာရွက်စာတမ်းတွေအရ သိရပါတယ်။
ရှင်ကျန်းပြည်နယ် အနောက်စွန်းပိုင်းမှာ ရှိတဲ့ ပညာပေး ထိန်းသိမ်းရေးစခန်းတွေဟာ အကျဉ်းသားတွေရဲ့ ဆန္ဒအလျောက် ပညာရေးနဲ့ သင်တန်းတွေ ပေးနေတာလို့ တရုတ်အစိုးရက အစဉ်တစိုက် ပြောနေခဲ့တာပါ။
ဒါပေမဲ့ ဘီဘီစီရဲ့ ရုပ်မြင်သံကြား အစီအစဉ် တစ်ခု ဖြစ်တဲ့ BBC Panorama က တွေ့ရှိခဲ့တဲ့ အစိုးရ အထောက်အထား စာရွက်စာတမ်းတွေထဲမှာ အကျဉ်းသားတွေကို ဘယ်လို ထိန်းသိမ်းထားတယ်၊ ဘယ်လို ဦးနှောက်မှိုင်းတိုက်နေတယ်၊ ဘယ်လို အပြစ်ပေးတယ် ဆိုတာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။
ယူကေဆိုင်ရာ တရုတ် သံအမတ်ကတော့ ဒီအထောက်အထားတွေဟာ သတင်းတု သတင်းမှားတွေ ဖြစ်တယ် ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။
ပေါက်ကြားပေါ်ထွက်လာတဲ့ အထောက်အထားစာရွက်စာတမ်းတွေကို BBC Panorama နဲ့ UK အခြေစိုက် The Guardian သတင်းစာ အပါအဝင် မီဒီယာမိတ်ဖက်အဖွဲ့ ၁၇ ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ICIJ နိုင်ငံတကာ စုံစမ်းဖော်ထုတ် ရေးသားသော သတင်းသမားများအဖွဲ့က ရရှိခဲ့တာပါ။
ဒီစုံစမ်းဖော်ထုတ်မှုအရ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ရှင်ဂျန်းပြည်နယ် တဝန်းမှာ ဆောက်လုပ် ထားရှိတဲ့ ပညာပေးစခန်းတွေဟာ အစွန်းရောက်ဝါဒ တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး ကိုယ့်သဘောနဲ့ကိုယ် တက်ကြဖို့ ဖွင့်ထားတဲ့ ပညာပေး စခန်းတွေသာ ဖြစ်ပါတယ် ဆိုတဲ့ တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေကို ထိခိုက်သွားမယ့် အထောက်အထားသစ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
မွတ်ဆလင် ဝိဂါတွေ အများစု ပါတဲ့ လူတစ်သန်းလောက်ကို ရုံးတင်စစ်ဆေးတာမျိုး မရှိဘဲ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။
"တရုတ်ရဲ့ ကြေးနန်းစာတွေ" လို့ ICIJ က အမည်ပေးထားတဲ့ တရုတ်အစိုးရရဲ့ ပေါက်ကြား စာရွက်စာတမ်းတွေထဲမှာ၂၀၁၇ ခုနှစ်တုန်းက ရှင်ဂျန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူးလည်းဖြစ် ရှင်ဂျန်းပြည်နယ် ထိပ်တန်း လုံခြုံရေးတာဝန်ရှိပုဂ္ဂိုလ်လည်း ဖြစ်သူ ဂျူ ဟေလွန်း က အဲဒီပညာပေးစခန်းတွေကို ကြီးကြပ်ကွပ်ကဲသူတွေထံ ပေးပို့တဲ့ စာမျက်နှာ ၉ မျက်နှာပါ ညွှန်ကြားစာတစ်ခု ပါဝင်ပါတယ်။
အဲဒီညွှန်ကြားစာမှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ ပြစ်ဒဏ်တွေနဲ့ ပြေးမလွတ်တဲ့ လုံခြုံရေး အကျဉ်းထောင်တွေလို ပညာပေးစခန်းတွေကို ထားဖို့ ပြတ်ပြတ်သားသား အမိန့်ပေးထားပါတယ်။
ညွှန်ကြားစာပါ အမိန့်တွေထဲမှာ
- ထွက်ပြေးခွင့် လုံးဝမပေးဖို့
- အကျင့်ဖောက်ရင် စည်းကမ်းတွေ၊ ပြစ်ဒဏ်တွေ တိုးမြှင့် ချဖို့
- နောင်တရ၊ အပြစ်ဝန်ခံတာမျိုးကို အားပေးအားမြှောက်လုပ်ဖို့
- အမှားကို အမှန် ဖြစ်စေတဲ့ မင်ဒရင်းတရုတ်စာပေတွေကို ဦးစားပေး သင်ပေးဖို့
- သင်တန်းသားတွေကို တကယ်ပြောင်းလဲလာအောင် တိုက်တွန်းအားပေးဖို့
- အဆောင်တွေ၊ သင်တန်းအခန်းတွေမှာ မျက်ကွယ်ရာ နေရာတွေ မရှိစေဖို့ စောင့်ကြည့် ဗီဒီယိုကင်မရာတွေ အပြည့်အဝ တပ်ဆင်ထားဖို့
တွေ ပါဝင်ပါတယ်။
အဲဒီ စာရွက်စာတမ်းတွေထဲမှာ ထိန်းသိမ်းခံထားရသူတွေရဲ့ နေ့စဉ်ဘဝကို စောင့်ကြည့် ထိန်းချုပ်ဖို့အတွက် သူတို့တွေရဲ့ အိပ်ရာ၊ တန်းစီရမယ့် နေရာ၊ အတန်းထိုင်ခုံနေရာတွေကို တစ်နေရာတည်းမှာပဲ သတ်မှတ်ထားပြီး မပြောင်းလဲဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။
အိပ်ရာထချိန်၊ နာမည်စာရင်းခေါ်ချိန်၊ အ၀တ်လျှော်ချိန်၊ အိမ်သာသွားချိန်၊ အိမ်မှုကိစ္စလုပ်ချိန်၊ အစားစားချိန်၊ စာကျက်ချိန်၊ အိပ်ချိန်၊ တံခါးပိတ်ချိန် တွေမှာ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူး ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပါတယ်။
တခြား စာရွက်စာတမ်းတွေထဲမှာ အထိန်းသိမ်းခံရတဲ့သူ အရေအတွက် ထူးထူးကဲကဲ များပြားပုံကိုလည်း အတည်ပြု ဖော်ပြထားပါတယ်။
စာရွက်စာတမ်း တစ်ခုမှာဆိုရင် ၂၀၁၇ ခုနှစ်မှာ သီတင်းတစ်ပတ်ထဲမှာတင် ထိန်းသိမ်းရေး စခန်းတွေဆီ ရှင်ဂျန်းပြည်နယ် တောင်ပိုင်းက လူ တစ်သောင်း ငါးထောင်ကို ပို့ခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။
Human Rights Watch အဖွဲ့ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဆိုဖီ ရစ်ချာ့ဒ်ဆန် က အမှုလိုက် ရှေ့နေတွေအနေနဲ့ ဒီပေါက်ကြား စာရွက်စာတမ်းတွေကို အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။
"ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာကို အရေးယူနိုင်တဲ့ အထောက်အထား စာရွက်စာတမ်း ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။ "အဲဒီမှာ အထိန်းသိမ်း ခံရသူတိုင်းဟာ အဲဒီမှာ ဘယ်လောက်ကြာကြာ နေရမလဲ ဆိုတာ မသိတဲ့အတွက် အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခံနေရတယ်လို့ ပြောနိုင်ပါတယ်"
အဲဒီညွှန်ကြားစာထဲမှာ အမူအကျင့်၊ ယုံကြည်မှု၊ ဘာသာစကားတွေ ပြောင်းလဲလာပြီ ဆိုမှသာ အကျဉ်းသားတွေကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးဖို့ ကိုလည်း အသေးစိတ် ညွှန်ကြားထားပါတယ်။
"သူတို့ရဲ့ အရင် အပြုအမူတွေဟာ ဥပဒေ ချိုးဖောက်တဲ့၊ ရာဇဝတ်မှုမြောက်တဲ့၊ အန္တရာယ်များတဲ့ လုပ်ရပ်တွေ ဖြစ်တယ် ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ကြဖို့အတွက် အကျဉ်းသားတွေ နောင်တရ၊ အပြစ်ဝန်ခံတတ်အောင် တိုက်တွန်း အားပေးကြဖို့" ညွှန်ကြားထားပါတယ်။
မရေမရာ ဖြစ်နေသူတွေ၊ ကလန်ကဆန် လုပ်ချင်သူတွေကို လုံးဝ ပြောင်းလဲသွားတဲ့အထိ အသေအချာ ပညာပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီပညာပေး စခန်းတွေဟာ လူတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတယ်လို့ လူ့အခွင့်အရေး ထိပ်တန်း ရှေ့နေ တစ်ဦးလည်းဖြစ်၊ World Uighur Congress ရဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဘင် အယ်မာဆန် က ပြောပါတယ်။
ဒါဟာ လူမျိုးစုကြီး တစ်ခုလုံးကို ရည်ရွယ်ပြီး တိုက်ရိုက် ဦးနှောက် မှိုင်းတိုက်တဲ့ အစီအစဉ် ဖြစ်တယ် လို့ ဆိုပါတယ်။
ရှင်ဂျန်းပြည်နယ်က ဝိဂါ မွတ်ဆလင်တွေကို အမျိုးပြုတ်အောင် အထူးရည်ရွယ် လုပ်တဲ့ အစီအစဉ် ဖြစ်တယ်လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ လျှို့ဝှက် ပညာပေးစခန်းတွေ
အကျဉ်းသားတွေကို အယူဝါဒ ပြောင်းလဲလာမှု၊ လေ့လာသင်ယူမှု၊ သင်တန်းလေ့ကျင့်မှု၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှု တွေအလိုက် အမှတ်ပေးဖို့ အဲဒီညွှန်ကြားစာထဲမှာ ဖော်ပြထားပါတယ်။
သူတို့ ပြန်လွတ်ချိန်မှာ မိသားစုနဲ့ ပြန်ဆက်သွယ်ခွင့် ပေး မပေး ဆိုတာကို ဆုကြေး ဒဏ်ကြေး စနစ်နဲ့ ဆုံးဖြတ်ပါတယ်။ သူတို့ တကယ်တန်း ပြောင်းလဲသွားတယ် ဆိုတာကို ကွန်မြူနစ်ပါတီ ကော်မတီ အဖွဲ့ဝင် ၄ ဦးက အထောက်အထားတွေနဲ့ တွေ့ရမှသာ ထိန်းသိမ်းထားရာကနေ လွှတ်ပေးဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။
အခုပေါက်ကြား ပေါ်ထွက်လာတဲ့ စာရွက်စာတမ်းတွေထဲမှာ လူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ရဲတွေရဲ့ ကြိုတင် သတိပေး စီမံကိန်းတစ်ခုကို သုံးပြီး တရုတ်အစိုးရက အကြီးအကျယ် စောင့်ကြည့် လေ့လာနေပုံကို ဖော်ပြထားပါတယ်။
အချက်အလက် ဝေမျှတဲ့ Zapya အက်ပ် ကို ဖုန်းထဲမှာ ထည့်ထားတဲ့ လူ တသန်းရှစ်သိန်းကို အဲဒီ ကြိုတင် သတိပေးစနစ်ထဲမှာ ထည့်သွင်း ထားတယ် ဆိုတာကို အထောက်အထား စာရွက်စာတမ်းတစ်ခုမှာ တွေ့ရပါတယ်။
အဲဒီနောက်မှာ အာဏာပိုင်တွေက အဲဒီထဲက လူပေါင်း ၄၀၅၅၇ ဦးကို တဦးချင်း စုံစမ်း စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ သင်္ကာမကင်း ဖြစ်စရာတွေ ဆက်ရှိနေမယ် ဆိုရင် အဲဒီလူတွေကို ပညာပေးစခန်းတွေဆီ ပို့ဖို့ ညွှန်ကြားထားပါတယ်။
အဲဒီ အထောက်အထား စာရွက်တွေထဲမှာ နိုင်ငံခြားသား ခံယူထားသူ ဝိဂါတွေကို ဖမ်းဆီးဖို့နဲ့ ပြည်ပမှာ နေထိုင်နေတဲ့ ဝိဂါတွေကို ခြေရာခံ စုံစမ်းဖို့ ပြတ်ပြတ်သားသား ညွှန်ကြားထားချက်တွေလည်း ပါဝင်ပါတယ်။ ကမ္ဘာတဝန်း ဖြန့်ကျက်ထားတဲ့ ထောက်လှမ်းရေး ပိုက်ကွန်ထဲမှာ တရုတ်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေလည်း ပါဝင်ပါတယ်။
ယူကေဆိုင်ရာ တရုတ်သံအမတ် လျူရှောင်မင်း က ရှင်ဂျန်းပြည်နယ်မှာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး ဒေသခံတွေကို အကာအကွယ်ပေး စောင့်ရှောက်နေပြီး အဲဒီမှာ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုတောင် မရှိခဲ့ဘူးလို့ ပြောပါတယ်။
ရှင်ဂျန်းဒေသဟာ အခုအခါ လူမှုရေးအရ တည်ငြိမ်အေးချမ်းမှု ရှိနေပြီး လူမျိုးစု အုပ်စုတွေအကြား စည်းလုံးညီညွတ်မှုတွေ ရှိနေပါတယ်။ အဲဒီမှာ နေထိုင်နေသူတွေဟာ လုံခြုံမှု အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြပါတယ် လို့ သူက ပြောပါတယ်။
ဒီအချက်တွေကို လစ်လျူရှုပြီး အနောက်အုပ်စုနိုင်ငံက တချို့ လူတွေက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့နဲ့ ရှင်ဂျန်းပြည်နယ်မှာ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ တရုတ်အစိုးရဲ့ ကြိုးပမ်းချက်တွေနဲ့ တရုတ်နိုင်ငံရဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်လို ဖျက်ဆီး လုပ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ရှင်ဂျန်းပြည်နယ်ကို အကြောင်းပြပြီး တရုတ်အစိုးရကို ကဲ့ရဲ့ ပြစ်တင်ဖို့ အကြီးအကျယ် လုပ်ဆောင်နေတယ် လို့ ယူကေဆိုင်ရာ တရုတ်သံအမတ် လျူရှောင်မင်း က ပြောပါတယ်။