အလုံလမ်းဂိတ်၄ က နာရီ၃၀ကျော် တောင်းဆိုပွဲ

ရေးသားခဲ့သည်။

အောက်တိုဘာလ ၂၁ရက်နေ့က စပြီး နာရီပေါင်း၃၀ ကျော် ကြာအထိ လူ၂၀၀ လောက် က ရန်ကုန်ဝန်ကြီးချုပ် ရုံးထိုင်တဲ့ ရန်ကုန်တိုင်း အစိုးရရုံးရှေမှာ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ လာရောက်ပြီးတောင်းဆိုနေကြပါတယ်။

သူတို့ထဲ မှာ အမျိုးသမီးတွေလည်း ပါပါတယ်။ ညပိုင်းအချိန်မှာတော့ တချို့က လမ်းဘေး ပလက်ဖောင်းပေါ် လှဲပြီးအိပ်နေကြပါတယ်။

ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်းတဲ့ အချိန်နာရီ ၃၀ ကျော်ပြီဆိုပြီး ဗီနိုင်း ဆိုင်းဘုတ်တွေကို တချို့က ကိုင်ထားကြပါတယ်။ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားဝတ်စုံတွေ ဖြစ်တဲ့ နက်ပြာရောင် ယူနီ ဖောင်းဝတ်ထားသူတွေလည်း တွေ့ရပါတယ် ။

သပိတ်မှောက် အလုပ်သမားတွေ တောင်းဆိုနေတဲ့နေရာက ရန်ကုန်မြို့ အလုံလမ်းပေါ်က တိုင်းအစိုးရ ရုံး ဝင်ထွက်ပေါက်ဂိတ်အမှတ် ၄ နေရာဖြစ်ပါတယ် ။

ဘာကြောင့် လာပြီးတောင်းဆိုကြတာလဲ

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ခွင့်တောင်းပြီး သူတို့အရေး ရှင်းပေးဖို့ တောင်းဆိုနေသူတွေက လှိုင်သာယာ၊ ရွှေပြည်သာနဲ့ အင်းစိန်ဘက်က အထည်ချုပ်အလုပ်သမားတွေနဲ့ ကြည့်မြင်တိုင် ငါးတောင်း သမဂ္ဂက အလုပ်သမားတွေ ပါပါတယ်။

အလုပ်ရှင်တွေဘက်က အငြင်းပွားမှုဖြေရှင်းတဲ့ ဥပဒေပါ အချက်တွေကို မလိုက်နာတာ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေ မှာ ညှိနှိုင်းထားတဲ့ စာချုပ်ပါ အချက်အလက် တွေကို လိုက်နာမှုမရှိတာ၊ အလုပ်သမား ခေါင်းဆောင်တွေ ကို ခြိမ်းခြောက်တာနဲ့ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရတာတွေ ပါပါတယ် ။

ဒါ့အပြင် ကြည့်မြင်တိုင်က ကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကိစ္စလည်း ပါပါ တယ် ။

ဒီပြဿနာတွေပြေလည်မှု မရ ကြလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို လာပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က တွေ့ခွင့်ပေးသလား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၃)မှာ ပြဿနာဖြစ်နေတဲ့ Young Clothing အထည်ချုပ်စက်ရုံ၊ SDI အထည်ချုပ်စက်ရုံ၊ ကိုင်ချန်အထည်ချုပ်စက်ရုံ၊ Natural Garment အထည်ချုပ်စက်ရုံ၊ Myanmar Lucky အထည်ချုပ်စက်ရုံတွေက အလုပ်ရှင်တွေ၊ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

အလုပ်ရှင် အလုပ်သမားပြဿနာကို ဥပဒေအရ မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေး၊ တိုင်းနဲ့ ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့၊ ဗဟိုအဆင့် ခုံသမာဓိကောင်စီ၊ နောက်ဆုံး ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် သွားနိုင်ပါတယ်။

ဒါပေမဲ့လည်း ဒီဖြေရှင်းနည်းတွေက ကြန့်ကြာပြီး မထိရောက်ဘူးလို့ အလုပ်သမားတွေက ယူဆပြီး သပိတ်တိုက်ပွဲ ဆင်နွှဲကြ တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားသပိတ်မှောက်မှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကို ဝင်ထွက်တဲ့ ဂိတ်အမှတ် (၄) တံခါးအပေါက်ဝမှာ သပိတ်စခန်းလာဖွင့်ပြီးမှ ပြေလည်မှု ရသွားခဲ့ပါတယ် ။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ကြားဝင်ဖြေရှင်းရအပြီးမှာ ဒီပြဿနာ ပြေလည်မှု ရသွားခဲ့တာဖြစ်ပါတယ်။

အလုပ်သမားအယောက် ၃၀ ကို အလုပ်ထုတ်ရာကနေ စတင်ခဲ့တဲ့ အဲဒီ သပိတ်မှောက်မှုကို အစောပိုင်းကာလက ပြဿနာမကြီးထွားခင် တိုင်းအစိုးရက ဖြေရှင်းသင့်တယ်လို့ပြောကြပြီး နောက်ဆုံးပြဿနာဖြစ်မှ ဝန်ကြီးချုပ် ဝင်ရှင်းတဲ့ အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီတုန်းကလည်း တိုင်းအစိုးရအဖွဲ့ရုံးရှေ့ မှာ သပိတ်စခန်းဖွင့်မှ ပြဿနာပြေလည်တဲ့ အစဉ်အလာ ဖြစ်မှာကို စိုးရိမ်သူတွေ ရှိခဲ့ပါတယ်။

တောင်းဆိုတာတွေ ရသွားလား

Young Clothing အထည်ချုပ်စက်ရုံ၊ ကိုင်ချန်အထည်ချုပ်စက်ရုံ၊ Natural Garment အထည်ချုပ်စက်ရုံ၊ Myanmar Lucky အထည်ချုပ်စက်ရုံတွေက အလုပ်ရှင် အလုပ်သမား ပြဿနာတွေကတော့ ပြေလည်သွားတယ်လို့ အစိုးရဘက်က သိရပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းအစိုးရ အလုပ်ရှင်ဖြစ်တဲ့ ကြည့်မြင်တိုင် ငါးတောင်းသမဂ္ဂက အလုပ်သမားပြဿနာကတော့ မပြေလည်ခဲ့ပါဘူး ။

ဒါအပြင် ဝန်ကြီးချုပ်က သူတို့ကို လက်ခံ မတွေ့ခဲ့ဘူးလို့ ကြည့်မြင့်တိုင်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအရေး လိုက်ပါဆောင်ရွှက်ပေးနေတဲ့ သွေးစည်းသော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ် ။

"ဝန်ကြီးချုပ်နဲ့ မတွေ့ရဘူး။ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ပဲတွေ့ရတယ်။ ဒီအလုပ်သမားတွေကို တခြားဌာနမှာ အလုပ်ခန့်ပေးမယ် ဆိုတာ ပဲပြောတယ်၊ ကျွန်မတို့ ပြောတာက ဒီအလုပ်သမားခေါင်းဆောင်တွေဟာ အဂတိ လိုက်စားမှုကို တိုင်ကြားပြီး အရေးမယူလို့ ဆန္ဒပြတာနဲ့ အလုပ်ထုတ်ခံရတာ၊ ဒီအလုပ်သမားတွေမှာ အပြစ်မရှိကြောင်းလည်း သက်ဆိုင်ရာကစစ်ဆေးပြီးပြီ။ ဒါကို အလုပ်ရှင်က ကိုယ်တိုင်က အလုပ်ပြန်မခန့်တာကို တောင်းဆိုနေတာပါလို့လည်း ဒေါ်မျိုးအေးအေးက ပြောပါတယ်။

ပြေလည်မှုမရပေမဲ့ အလုပ်သမားတွေက အောက်တိုဘာလ ၂၁ ရက်နေ့ကတည်းက တောင်းဆို နေတဲ့ ဂိတ် ၄ ကတောင်းဆိုမှုကိုတော့ ရပ်ဆိုင်းလိုက်တယ်လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပါတယ် ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်းရှင်းတာ နည်းလမ်းမှန်လား

အောက်တိုဘာ၂၃ မှာ အထည်ချုပ် အလုပ်သမားတွေ တောင်းဆိုမှုကတော့ ဝန်ကြီးချုပ်က အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးမှုတွေအပြီး ပြေလည်သွားပြီလို့လည်း အစိုးရဘက်က ပြောထားပါတယ်။

ဒါပေမယ့် ရန်ကုန်က အလုပ်သမားတွေတွက် ဒါဟာ အစဉ်အလာလို ဖြစ်လာနေပါတယ်။အစိုးရအဖွဲ့ရုံးကို ပိတ်ဆို့ဆန္ဒပြ၊ ဝန်ကြီးချုပ်နဲ့တွေ့ရင် အလုပ်သမားပြဿနာ အမြန်ဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ အစဉ်အလာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်တောင်းရင် အလုပ်သမားတွေ တောင်းဆိုချက်ရတယ်ဆိုတဲ့ အတွေးဝင်သွားမှာကို စိုးရိမ်ရတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ရုံးရှေ့ကို လာရောက်တောင်းဆိုတာတဲ့အတွက် တချို့တောင်းဆိုမှုတွေ အဆင်ပြေပေမယ့် ရန်ကုန် အစိုးရ အလုပ်ရှင်ဖြစ်တဲ့ ကြည့်မြင်တိုင်က ငါးတောင်း အလုပ်သမား ပြဿနာမှာတော့ အလုပ် မဖြစ်တော့ သူတို့ အနေနဲ့ နောက်ထပ် ဘယ်လို တောင်းဆို မယ်ဆိုတာကို တိုင်ပင်နေတုန်းပဲလို့ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။