ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယက ကျင်းတိမ်တိမ်မှာ မြှုပ်ထားတဲ့ မွေးခါစမိန်းကလေး
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မွေးခါစ မိန်းကလေး တယောက်ကို အရှင်လတ်လတ် မြှုပ်ထားခဲ့တာကို ရှာဖွေတွေ့ခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
မွေးပြီးပြီးချင်း သေသွားတဲ့ သမီးမိန်းကလေးကို လာမြှုပ်တဲ့ ရွာသားတယောက်က ဒီမိန်းကလေးကို တွေ့ခဲ့တာလို့ အူတာ ပရာဒက်ရှ် ပြည်နယ် က ရဲအရာရှိ အဘီနန်ဒန်ဆင်းက သတင်းထောက်တွေကို ပြောပါတယ်။
မြေအောက် သုံးပေလောက် အနက်မှာ ဒီကလေးကို မြေအိုးနဲ့ ထည့်မြှုပ်ထားတာကို တွေ့ခဲ့ရပြီးနောက် ဆေးရုံကို အမြန်ခေါ်လာခဲ့ရပြီး ကုသနေရပါတယ်။
ရဲက ဒီအမှုကို စစ်ဆေးနေတာပါ။
"ဒီမိန်းကလေးရဲ့ မိဘတွေ ဘယ်သူလဲ ဆိုတာ ရှာတွေ့အောင် ကြိုးစားနေတယ်၊ သူတို့သဘောဆန္ဒနဲ့ ဒီလိုမြှုပ်ခဲ့တာလို့ သံသယရှိတယ် " လို့ မစ္စတာ ဆင်းက သတင်းထောက်တွေကို ပြောပါတယ်။
မိန်းကလေးကို ရှာတွေ့တဲ့ ရွာသားက သူ့သမီးအတွက် သူကျင်းတူးနေတုန်း အမှတ်မထင် ဒီမိန်းကလေးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
"သူ့ကလေးအတွက် သူကျင်းတူးနေတုန်း သုံးပေလောက်မှာ ပေါက်တူးက မြေအိုးကို ထိမိပြီး ဆွဲထုတ်လိုက်တဲ့အခါ အဲဒီမိန်းကလေးကို လဲလျက်သားလေး တွေ့တာပဲ " လို့ မစ္စတာ ဆင်းက ရှင်းပြပါတယ်။
"ရဲက ကလေးကို ဆေးရုံခေါ်သွားပြီး ကုသပေးနေပါတယ်" လို့လည်း ဆိုပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကျားမအချိုးအစား မညီဆုံး တိုင်းပြည်တခု ဖြစ်ပါတယ်။ အမျိုးသမီးတွေကို လူမှုရေးအရ ခွဲခြားတာတွေ ရှိတတ်ပြီး သမီးမိန်းကလေးတွေကိုလည်း ငွေရေးကြေးရေးအရ ဝန်ထုပ်ဝန်ပိုးလို မြင်ကြတာပါ။ အထူးသဖြင့် ဆင်းရဲတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ ဖြစ်ပါတယ်။
သားတွေကို ပိုပြီးလိုချင်တဲ့ ရိုးရာဓလေ့အရ သန်းနဲ့ချီတဲ့ မိန်းကလေးတွေကို သန္ဓေသားဘဝနဲ့ မွေးခါစမှာ သတ်ဖြတ်တာတွေ နှစ်တွေနဲ့ချီပြီး ဖြစ်နေခဲ့တာလို့လည်း လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။
တရားမဝင် သားဖျက်ချတဲ့ ဆေးခန်းတွေမှာ ဒီမိန်းကလေး ကိုယ်ဝန်တွေကို ဖျက်ပစ်တာတွေ အများဆုံး ဖြစ်နေပြီး မွေးခါစမှာ သတ်ပစ်တာတွေကလည်း မကြာမကြာ တွေ့နေရတာ ဖြစ်ပါတယ်။