ပြင်သစ်သမ္မတဟောင်း ယက်ရှီရက် ကွယ်လွန်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ဥရောပရဲ့ အထင်ကရ ခေါင်းဆောင် ဖြစ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ ပြင်သစ်သမ္မတဟောင်း ယက်ရှီရက်ဟာ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားပါတယ်။

ကြာသပတေး မနက်က သူကွယ်လွန်ချိန်မှာ သူ့ဘေးမှာ မိသားစုဝင်တွေ ရှိနေခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ သားမက်က AFP သတင်းဌာနကို ပြောပါတယ်။

ယက်ရှီရက်ဟာ သမ္မတသက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တစ်ကြိမ် တာဝန်ယူခဲ့ပါတယ်။

သူ့လက်ထက်မှာ ပြင်သစ်နိုင်ငံဟာ ပြင်သစ် ဖရန့်ငွေကြေးကနေ ဥရောပ ယူရိုငွေကြေးကို စတင် သုံးစွဲခဲ့ပါတယ်။

သူကွယ်လွန်ပြီးနောက် သူ့ကို အောက်မေ့ ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်လွှတ်တော်မှာ တစ်မိနစ် ငြိမ်သက်ခဲ့ပါတယ်။

ဥရောပကော်မရှင်ရဲ့ အကြီးအကဲလည်းဖြစ်၊ လူဇင်ဘတ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ယွန်းကလော့ယန်ကာ ကလည်း သူကွယ်လွန်တဲ့ သတင်းအတွက် စိတ်လှုပ်ရှား ကြေကွဲရတယ်လို့ ပြောပါတယ်။

ပြင်သစ် သမ္မတဟောင်း ဖရန်ဆွာ အော်လန်းကလည်း သူဘယ်လို ပြစ်မှုမျိုး လုပ်ခဲ့၊လုပ်ခဲ့၊ ဒီနေ့ဟာ ပြင်သစ်လူထုအတွက် မိတ်ဆွေတစ်ဦး ဆုံးရှုံးခဲ့ရတဲ့နေ့ ဖြစ်တယ်လို့ ပြောပါတယ်။

အဂတိလိုက်စားမှု နဲ့ ယက်ရှီရက်

၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ယက်ရှီရက်ဟာ ဘဏ်မန်နေဂျာ တစ်ဦးရဲ့ သားဖြစ်ပြီး ၁၉၉၅ ကနေ ၂၀၀၇ ထိ နိုင်ငံ့ခေါင်းဆောင် တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ပြီးခေတ်မှာ ဒုတိယ သက်တမ်းအရှည်ဆုံး တာဝန်ထမ်းခဲ့တဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

၂၀၀၅ မှာ လေဖြတ်ရောဂါ ခံစားရပြီး သူတာဝန်ကနေ အနားယူတဲ့အချိန်မှာတော့ သူ့ကျန်းမာရေးက တဖြည်းဖြည်း ဆိုးရွားလာခဲ့ပါတယ်။

သူ ပဲရစ် မြို့တော်ဝန်ဘဝက ပြည်သူပိုင် ငွေကြေးကို လွှဲပြောင်းခဲ့မှုနဲ့ တရားစွဲခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာတော့ သူ့ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ကို လူတွေ ထောက်ခံခဲ့ကြတာဟာ အီရတ်စစ်ပွဲမှာ ပြင်သစ်ပါ၀င်တာကို သူက ဆန့်ကျင်ခဲ့မှုကြောင့် ဖြစ်ပြီး စစ်အတွင်း ဂျူးလူမျိုးတွေ နှင်ထုတ်ခဲ့မှုအပေါ် ပထမဆုံး အသိအမှတ်ပြုတဲ့ ပြင်သစ်ခေါင်းဆောင်အဖြစ်လည်း သူ့ကို ထောက်ခံကြပါတယ်။

သူ့လက်ထက်မှာ ပြင်သစ်သမ္မတ သက်တမ်းကို ၇ နှစ်ကနေ ၅ နှစ်ကို လျှော့ချခဲ့ပြီး စစ်မှုမထမ်းမနေရ ဥပဒေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။