ရေအောက်မှာ လက်ထပ်ခွင့်တောင်းရင်း ရေနစ်သေဆုံး

ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ တန်ဇန်နီးယားမှာ အပန်းဖြေခရီးထွက်နေတုန်း ချစ်သူကို ရေအောက်မှာ လက်ထပ်ခွင့်တောင်းရင်း ရေနစ်သေဆုံးသွားပါတယ်။

စတိဗ်ဝက်ဘာနဲ့ သူ့ချစ်သူ ကက်နက်ရှာအန်တွိုင်းတို့ဟာ ပင်ဘာကျွန်းကမ်းလွန်ရေပြင်က မန်တာဟောလီးဒေးစခန်းက ရေအောက်မြုပ်နေတဲ့ အခန်းမှာ နေနေကြတာပါ။

မှတ်တမ်းအဖြစ်ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာတော့ မစ္စတာဝက်ဘာက ရေအောက်မှာ ငုပ်ရင်း မစ္စအန်တွိုင်းကို လက်ထပ်ခွင့်တောင်းနေတာကို တွေ့ရပါတယ်။

အဲဒီဗီဒီယိုထဲမှာ မစ္စတာဝက်ဘာက လက်ရေးနဲ့ရေးထားတဲ့ ငါ့ကိုလက်ထပ်ပါဆိုတဲ့ စာသားကို အခန်းပြတင်းပေါက်ဝမှာ ကပ်ပြနေပြီး မစ္စအန်တွိုင်းက အထဲကနေဗီဒီယိုရိုက်ယူထားတာပါ။

မစ္စတာဝက်ဘာ သေဆုံးသွားကြောင်းကို အတည်ပြုရေးသားထားတဲ့ မစ္စအန်တွိုင်းရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ "သူအဲဒီရေအောက်ကနေလုံးဝ ပြန်ပေါ်မလာတော့ဘူး" လို့ ရေးထားပါတယ်။

မစ္စတာဝက်ဘာဟာ ကြာသပတေးနေ့ နေ့လယ်ပိုင်းက"ရေအောက်က အခန်းရဲ့ အပြင်ဘက်ကို တစ်ဦးတည်းထွက်ပြီး ရေငုပ်တုန်းမှာ ဝမ်းနည်းစရာပဲ ရေနစ်သေဆုံးသွားခဲ့ပါတယ်လို့" မန်တာ အပန်းဖြေစခန်းက ဘီဘီစီကို ပြောပြပါတယ်။

"မန်တာအပန်းဖြေစခန်းမှာ ၂၀၁၉ စက်တင်ဘာ ၁၉ ရက် ကြာသပတေးနေ့က လူ့အသက်ဆုံးရှုံးတဲ့ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဝမ်းနည်းစွာ အသိပေးလိုပါသည်" လို့ စခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

စခန်းရဲ့ အုပ်ချုပ်ရေးမှူး မက်သယူးဆော့စ်ကလည်း မစ္စတာဝက်ဘာသေဆုံးရမှုကြောင့် "အားလုံး အကြီးအကျယ်တုန်လှုပ်ခဲ့ရတယ်" လို့ ပြောပါတယ်။

မစ္စတာဝက်ဘာနဲ့ မစ္စအန်တွိုင်းတို့ဟာ အပန်းဖြေစခန်းရဲ့ ရေအောက်အခန်းကို လေးည ငှားရမ်းခဲ့ပါတယ်။ အဲဒီ ရေအောက်ခန်းဟာ ကမ်းခြေကနေပေ ၈၀၀ ကျော်လောက်ပဲ ဝေးပါတယ်။

ရေအောက်ထဲက ၃၂ ပေအနက်မှာ ဆောက်လုပ်ထားတဲ့ အဲဒီအခန်းဟာ တစ်ညကို တည်းခိုခ ဒေါ်လာ ၁၇၀၀ ပေးရပါတယ်။

သုံးရက်မြောက်တဲ့နေ့မှာပဲ မစ္စတာဝက်ဘာက ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ ရေထဲဆင်းသွားတာ ဖြစ်ပါတယ်။ ဝက်ဘာဟာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် ဘေတန်ရူးချ်မြို့ကပါ။

ရေငုပ်မျက်မှန်နဲ့ ဖားခြေထာက်တွေဝတ်ထားတဲ့ မစ္စတာဝက်ဘာဟာ အခန်းအပြင်ဘက်ရေထဲကနေအသင့် ရေးယူသွားတဲ့ စာသားတွေကို အခန်းမှန်မှာ ကပ်ပြီး အခန်းထဲက မစ္စအန်တွိုင်းကို ပြခဲ့ပါတယ်။

"ကိုယ်မင်းကို ချစ်ရတဲ့အကြောင်းစုံ အားလုံးကို ပြောပြနိုင်ဖို့အတွက် ရေအောက်မှာ အသက်အောင့်ပြီး အကြာကြီးမနေနိုင်ပါဘူး။ ဒါပေမယ့် မင်းကို ချစ်ရတဲ့အကြောင်းအားလုံးကတော့ တစ်နေ့ထက် တစ်နေ့ ပိုတိုးလာပါတယ်"လို့ အဲဒီစာမှာ ရေးထားပါတယ်။

အဲဒီတုန်းက ရိုက်ထားတဲ့ ဗီဒီယိုမှာ မစ္စတာဝက်ဘာက သူကိုင်လာတဲ့ စာရွက်ကို နောက်ဘက်ကို လှန်လိုက်ပြီး လက်ထပ်ခွင့်တောင်းတဲ့ စာသားကို ပြပါတယ်။ ပြီးတော့ ဘောင်းဘီအိတ်ထဲမှာ အသင့်ယူလာတဲ့ စေ့စပ်လက်စွပ်ကို ပြပြီး မြင်ကွင်းထဲက ရေကူးထွက် သွားတာတွေ့ရပါတယ်။

အပန်းဖြေစခန်းတာဝန်ခံ မစ္စတာဆော့စ်ကတော့ သူ့ဝန်ထမ်းတွေက "ရေထဲက ပြဿနာတစ်ခုအတွက်" ဝိုင်းကြိုးစားပေးခဲ့ကြတယ်၊ ဒါပေမယ့် သူတို့ ရောက်သွားတဲ့အချိန်မှာ "ဘာမှ လုပ်ပေးလို့ မရတော့ပါဘူး" လို့ ပြောပါတယ်။

အဲဒီ ဖြစ်ရပ်ဖြစ်ပြီး မစ္စအန်တွိုင်း ဖေ့စ်ဘုတ်မှာ ရေးတင်တဲ့ ပို့စ်မှာ မစ္စတာဝက်ဘာဟာ "သူလက်ထပ်ခွင့်တောင်းလိုက်တဲ့ သူ့ဆီက အဖြေကို ကြားခွင့်ရမသွားလိုက်ဘူး၊" အဲဒီအဖြေကတော့ "အကြိမ်တစ်သန်း လက်ခံပါတယ်" ဆိုတာပါပဲ လို့ ရေးထားပါတယ်။

"ကျွန်မတို့ နှစ်ယောက်ရဲ့ ဘဝ အတူလျှောက်လှမ်းကြမယ့် ခရီးရဲ့ အစကို နှစ်ယောက်အတူ ပျော်ပျော်ကြီး ဆင်နွှဲခွင့်မရလိုက်ပါဘူး။ ဘဝရဲ့ အကောင်းဆုံးနေ့တစ်ခုဟာ အဆိုးဆုံးနေ့အဖြစ် ရက်စက်လှတဲ့ မမျှော်မှန်းနိုင်တဲ့ ကံကြမ္မာဆိုးက လှည့်ပြောင်းပေးလိုက်တယ်လို့" မစ္စအန်တွိုင်းက ရေးထားပါတယ်။

"ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကျွန်မတို့အတွက် စိတ်ချမ်းမြေ့စရာအကောင်းဆုံး နှစ်ယောက်အတူ ဘဝကိုရခဲ့တယ်ဆိုတာလေးနဲ့ စိတ်ကို ကြိုးစားဖြေပါမယ်။ နှစ်ယောက်သား အတူရှိနေခဲ့တဲ့ နောက်ဆုံးအချိန်လေးမှာ ကျွန်မတို့ သိပ်ပျော်ခဲ့တယ်။ သိပ်ကို စိတ်လှုပ်ရှားခဲ့ကြရပါတယ်။"