တောင်ကိုရီးယား နိုင်ငံရေးသမားတွေ ခေါင်းတုံးတုံးတာ ဘာကြောင့်လဲ

ရေးသားခဲ့သည်။

တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင်က အစိုးရကို ဆန့်ကျင်ပြတဲ့အနေနဲ့ လူအများရှေ့မှာ ခေါင်းတုံးရိတ်လိုက်ပါတယ်။

တနင်္လာနေ့က သမ္မတ စံအိမ်တော်ရှေ့ကို မစ္စတာ ခွမ်းဂျိုအန် သွားရောက်ပြီး သူ့ကို ထောက်ခံသူတွေနဲ့ သတင်းထောက်တွေရဲ့ ရှေ့မှာပဲ သူ့ဆံပင်တွေကို ရိတ်ချစေလိုက်တာပါ။

တရားရေးဝန်ကြီးအသစ် ချိုကွတ်ရဲ့မိသားစုဝင်တွေ လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပြီး အဲဒီ ဝန်ကြီးကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အခုလို အတိုက်အခံခေါင်းဆောင်က လုပ်ဆောင်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အမျိုးသမီး လွှတ်တော်အမတ် ၂ ယောက်က အဲဒီအရေးနဲ့ ပတ်သက်ပြီး ခေါင်းတုံးတုံးခဲ့ကြပါတယ်။

သူတို့ ၃ ယောက်ဟာ လက်ရှိသမ္မတ မွန်ဂျေအင်း ကို မလိုလားသူတွေဖြစ်ကြပြီး မစ္စတာ ချို ရာထူးကနေ နုတ်ထွက်ဖို့ အုပ်စိုးသူကို အခုလို ရှေးရိုးအစဉ်အလာအရ ဆန့်ကျင်တဲ့နည်းနဲ့ ဖော်ပြခဲ့ကြတာပါ။

ဆန္ဒပြတာတွေ ဘယ်လိုဖြစ်လာလဲ

သမ္မတမွန်းရဲ့ အကြံပေးတယောက်လည်းဖြစ်ခဲ့သလို၊ အရင် ဥပဒေဘာသာရပ် ပါမောက္ခ လုပ်ခဲ့တဲ့ မစ္စတာ ချိုကွတ်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ တရားရေးဝန်ကြီး တာဝန်ယူခဲ့တာပါ။ သူ့ဆွေမျိုးတွေက ပညာရေးဆိုင်ရာ လိမ်လည်မှုတွေ၊ ငွေကြေးပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ လုပ်ထားတယ်လို့ စွပ်စွဲချက်တွေရှိနေစဉ်မှာပဲ မစ္စတာချိုကို တရားရေးဝန်ကြီးရာထူးအတွက် သမ္မတမွန်က အမည်စာရင်း တင်သွင်းတဲ့အပေါ် မစ္စတာချိုကို ဝေဖန်နေကြတဲ့သူတွေ ဒေါသူပုန်ထခဲ့ကြပါတယ်။

မစ္စတာချိုရဲ့ ဇနီးကလည်း ပါမောက္ခတယောက်ဖြစ်ပြီး အဲဒီသူ့ဇနီးသည်ဟာ သူတို့ရဲ့ သမီးဖြစ်သူ တက္ကသိုလ်ဝင်ခွင့်ရအောင်နဲ့ ပညာသင်ဆုကြေးရအောင် ပညာရေးအရည်အချင်းဆိုင်ရာ နဲ့ ပတ်သက်လို့ လိမ်လည်ရာမှာ ကူညီခဲ့တယ်လို့ တရားစွဲခံနေရပြီး အဲဒီလုပ်ဆောင်မှုအပေါ် တခြား တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေကလည်း ဒေါသထွက်နေကြတာပါ။

ဝန်ကြီးရဲ့ ဆွေမျိုးတယောက်က ထည့်ဝင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတခုနဲ့ ပတ်သက်လို့လည်း မသင်္ကာစရာတွေ သိရလို့ တရားလိုရှေ့နေတွေ ထဲထဲဝင်ဝင် ဆန်းစစ်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာလည်း မစ္စတာချိုရဲ့ မိသားစုတွေနဲ့ ဆက်နွှယ်မှုရှိတဲ့ နေရာတချို့ကို တရားလိုရှေ့နေတွေက ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်နေခဲ့တာပါ။သူ့သမီး အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ စွပ်စွဲနေကြတာတွေအပေါ် "နောင်လူငယ်မျိုးဆက်သစ်ကို အထူးအလေးထားတောင်းပန်ပါတယ်" လို့ သောကြာနေ့က သူ ရာထူးကိုလက်ခံကြောင်း အတည်ပြုပြောစဉ်မှာ မစ္စတာချိုက ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ တရားရေးစနစ်က ပြုပြင်ပြောင်းလဲရေးတွေကို သူက ဆက်လက်လုပ်ဆောင်လိုကြောင်းလည်း ပြောခဲ့ပါတယ်။

သမ္မတမွန်က "ဥပဒေမဲ့လုပ်ထားတာ ဘာမှ အတည်ပြုနိုင်သေးတာမဟုတ်ဘူး၊ စွပ်စွဲချက်တွေရှိနေတယ် ဆိုပြီး တစုံတယောက်ကို ရာထူးမခန့်ရဘူး ဆိုတာ အလွန်ဆိုးတဲ့ စီရင်ထုံးဖြစ်သွားမယ်" လို့ ဆိုပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားမှာ အထူးအခွင့်အရေးရနေတဲ့ လူတန်းစား ရှိနေသလားဆိုတဲ့အပေါ် လူထုကြား အငြင်းအခုံတွေ ဖြစ်နေကြတာပါ။

ပြီးခဲ့တဲ့ အစိုးရကတော့ အဲဒီအချိန်က သမ္မတ ပတ်ဂွမ်ဟေး လာဘ်စားမှုတွေနဲ့ စွပ်စွဲခံရခဲ့ပြီးနောက် ပြုတ်ကျသွားခဲ့ကာ သမ္မတဟောင်းလည်း ထောင်ဒဏ်အပြစ်ပေးခံနေရပါတယ်။

ဘာ့ကြောင့် ခေါင်းတုံးတာလဲ

တောင်ကိုရီးယားမှာ ဆန္ဒပြတဲ့ပုံစံတမျိုးအဖြစ် ခေါင်းတုံးပစ်တဲ့ အစဉ်အလာက ဟိုးရှေးကတည်းကပါ။ ကွန်ဖြူးရှပ် အတွေးအမြင်တွေ ခိုင်မာလာခဲ့တဲ့ လူမှုအသိုင်းအဝိုင်းက အပြုအမူတခုပါ။၁၉၆၀နှစ်တွေ၊ ၁၉၇၀ နှစ်တွေတဝိုက် မှာ တောင်ကိုရီးယားဟာ စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရပြီး စစ်အစိုးရဆန့်ကျင်သူတွေက ဆန့်ကျင်အံတုတဲ့ လက္ခဏာအဖြစ် သူတို့ခေါင်းတွေကို ရိတ်ပစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာလည်း လှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံရေးသမားတွေက ဆန့်ကျင်တဲ့နည်းနာတခုအဖြစ် ဒီနည်းလမ်းကို သုံးခဲ့ကြပါတယ်။

အမျိုးသမီးအိမ်သာတွေ၊ အဝတ်လဲခန်းတွေမှာ ကင်မရာတွေ ခိုးတပ်ပြီးရိုက်ကြ၊ ဖြန့်ကြလုပ်ကြသူတွေကို ဆန့်ကျင်ပြတဲ့အနေနဲ့ ၂၀၁၈ ခုနှစ်တုန်းက တောင်ကိုရီးယား အမျိုးသမီးတွေ ခေါင်းတုံးကာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။အဲဒီနှစ် မတိုင်မီ ၂ နှစ်ကလည်း အမေရိကန် ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကို ကန့်ကွက်ကြောင်းပြတဲ့အနေနဲ့ တောင်ကိုရီးယား အမျိုးသမီး ၉၀၀ ကျော်ဟာ သူတို့ခေါင်းတွေကို ရိတ်ခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ အီချီယွန်မြို့က ရာပေါင်းများစွာသော မြို့သူမြို့သားတွေက စက်မှုဇုန်အသစ်တခုဆောက်မယ့် နေရာအပေါ် အငြင်းပွားခဲ့ကြပြီး အစိုးရလုပ်ဆောင်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ခေါင်းတုံးခဲ့ကြပါတယ်။

တနင်္လာနေ့ ညနေခင်းမှာတော့ အတိုက်အခံခေါင်းဆောင် မစ္စတာ ခွမ်းက သမ္မတရဲ့ အပြာရောင်စံအိမ်တော် Blue House ရှေ့မှာ ခေါင်းတုံးတဲ့ ဆန့်ကျင်မှု လုပ်ခဲ့ပါတယ်။သူက မစ္စတာချို ကို ရာဇဝတ်သားလို့ သမုတ်ပြီး ရာထူးကနေ ဆင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ သူ့ကိုဝန်းရံကြည့်နေကြတဲ့ လူစုလူဝေးကိုလည်း "ကျွန်တော့်ရဲ့ ပိုင်းဖြတ်ဆုံးဖြတ်ထားမှုကို ကတိပြုတဲ့အနေနဲ့ ကျွန်တော်ခေါင်းရိတ်ပါမယ်၊ ကျွန်တော်ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး" လို့ သူက ပြောခဲ့ပါတယ်။