အာရှဒေသတွင်း စိတ်ဝင်စားစရာ သတင်းစုံ - အောက်တိုဘာ ၁၆

ရေးသားခဲ့သည်။

ကျားဘုရားကျောင်းထဲက ရွှေ့ခဲ့တဲ့ ကျားတဝက်ကျော် သေဆုံး

ထိုင်းနိုင်ငံက ကျားဘုရားကျောင်းလို့ နာမည်ကြီးခဲ့တဲ့ ဘုရားကျောင်းတစ်ခုက ပြီးခဲ့တဲ့ သုံးနှစ်လောက်က တိရိစ္ဆာရုံထဲ ပြောင်းရွှေ့ခဲ့တဲ့ ကျား ၁၅၀ လောက်ထဲက တဝက်ကျော် အခုသေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ အဓိက အကြောင်းကတော့ သူတို့ အချင်းချင်း မျိုးပွားရာက ဖြစ်လာတဲ့ မျိုးဗီဇ ပြဿနာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဘုရားကျောင်းကပြောင်းရွှေ့ခဲ့ရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရမှုနဲ့ ရောဂါပိုးကူးစက်ခံရမှုတွေကလည်း ကျားတွေ သေဆုံးကုန်ရခြင်းရဲ့ အကြောင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။ ဘုန်းကြီးကျောင်းမှာတုန်းက သူတို့ကို ကမ္ဘာလှည့်ခရီးသည်တွေ လာကြည့်ဖို့ ပြသထားခဲ့ပါတယ်။ ဒါပေမယ့် ကျားတွေကို အသုံးချအမြတ်ထုတ်နေတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ထွက်လာပြီးတဲ့နောက်မှာ ကျောင်းထဲက ထုတ်ပြီး နေရာရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အခုအထိ ကျားစုစုပေါင်း ၈၆ ကောင်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြောပါတယ်။

ဂျပန်ဘီယာတွေ တောင်ကိုရီးယားမှာ ပြတ်

ဂျပန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကြောင့် ဂျပန်ကတင်သွင်းတဲ့ ကုန်တွေကို တောင်ကိုရီးယားမှာ သပိတ်မှောက်ထားတာ အခုဆို တောင်ကိုရီးယားမှာ ဂျပန် ဘီယာတွေ မရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ နှိုင်းယှဉ်ရင် ဂျပန်ဘီယာတွေ တောင်ကိုရီးယားစျေးကွက်မှာ ၉၇ ရာခိုင်နှုန်းလောက် လျော့သွားတယ်လို့ အစိုးရရဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။ အဆာဟိနဲ့ ကီရင်လို ဂျပန်ဘီယာတွေဟာ တောင်ကိုရီးယားမျာ လူကြိုက်များပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေက တောင်ကိုရီးယားက လူတွေကို အဓမ္မလုပ်အားပေးခိုင်းစေခဲ့တဲ့အတွက် ဂျပန်ကုမ္ပဏီတွေက လျော်ကြေးပေးရမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယားတရားရုံးတစ်ခုက ဆုံးဖြတ်အမိန့်ချခဲ့ရာက နှစ်နိုင်ငံ ကုန်သွယ်ရေး အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာပါ။

တောင်အာရှရဲ့ အမြင့်ဆုံး မျှော်စင် ဖွင့်

တောင်အာရှမှာ အမြင့်ဆုံး အဆောက်အဦတစ်ခုဖြစ်လာမယ့် ကြာပန်းခိုင်မျှော်စင်ကို သီရိလင်္ကာနိုင်ငံ ကိုလံဘို မြို့တော်မှာ ဒီကနေ့ ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီမျှော်စင်အဆောက်အဦဟာ ထိပ်ဆုံးအချွန်အထိ ၃၅၆ မီတာ မြင့်ပြီး ဒေါ်လာသန်း ၁၀၀ ကျော်ကုန်ကျခံ ဆောက်လုပ်ထားတာလို့ သိရပါတယ်။ အဲဒီထဲက ငွေအများစုကို တရုတ်ဘဏ်တစ်ခုဆီက ချေးငွေ အဖြစ်ရယူခဲ့တာပါ။ အဆောက်အဦဟာ ကြာပန်းပွင့်သဏ္ဏာန် အထက်ဖက်မှာ အဖူးပုံ ရှစ်ထပ် ရှိပြီး အောက်ပိုင်းကတော့ ရိုးတံလို အရှည်ပုံ ဖြစ်ပါတယ်။

အပေါ်ရှစ်ထပ်မှာ ရုပ်ရှင်ရုံ၊ ကပွဲခန်းတွေ၊ အဆင့်မြင့်စားသောက်ဆိုင်တွေနဲ့ ရှုခင်း ကြည့်မျှော်ဆောင်တစ်ခုတို့ ပါဝင်ပါတယ်။