ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြေနုကျွန်းပဋိပက္ခ လူသတ်မှုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဘာကြောင့်ဖမ်းတာလဲ
မကွေးတိုင်း ရေနံချောင်းမြို့နယ်က မြေနုကျွန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦးကို ဇူလိုင် ၃၀ ရက် ညနေပိုင်းက ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကံသာကျေးရွာက ဦးမောင်ဝင်း၊ ဦးဝင်းဦး၊ ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးသန်းဦးနဲ့ ဖရဲကျွန်းကျေးရွာက ဦးသန်းဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကအသိပေးကြောင်း ဖရဲကျွန်းကျေးရွာက အုပ်ချုပ်ရေးမှုး ဦးမျိုးဇော်သန့် က ဘီဘီစီကိုပြောပါတယ်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာနဲ့ ဖရဲကျွန်းကျေးရွာတို့က ရွာသားတွေ အကြား ဖြစ်ပွားခဲ့တဲ့ မြေနုကျွန်းမြေ ပိုင်ဆိုင်မှု အငြင်းပွားမှုမှာ အပြန်အလှန် အမှုဖွင့်ထားခဲ့ကြပြီး တော့ ရဲတပ်ဖွဲ့ကအခုလို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်စဉ်မှာ နှစ်ဘက်ရွာသားတွေအကြား လူအုပ်စုလိုက် တိုက်ခိုက်ခဲ့ ကြပြီး ဒီနေ့ အထိ ၂၉ ဦး အလောင်းရ ထားပြီး ၁၀ ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးကို ဘာကြောင့်ဖမ်းတာလဲ
ရေနံချောင်းမြေနုကျွန်းပဋိပက္ခ မှာ ဖရဲကျွန်း ကန်သာ ရွာနှစ်ရွာက အဓိက ပါဝင်ကြပါတယ် ။
ကျမ်းကိုင်ကျွန်း အုပ်ချုပ်ရေးမှူး ဦးသန်းဦး အပါဝင် ကံသာရွာ က ဦးမောင်ဝင်းနဲ့ ဦးဝင်းဦးတို့ဟာ လူသတ်မှု၊အလောင်းဖျောက်ဖျက်မှု ၊ ပိုင်နက် ကျုးလွန်မှုတွေနဲ့ ဇူလိုင်၂၇ရက် က ရဲစခန်းမှာ အမှုဖွင့်ခံထားရတာဖြ စ်ပါတယ် ။
ရေနံချောင်းမြို့နယ် စခန်းက ရရှိတဲ့ သတင်းတွေအရတော့ သူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ လူသတ်ရန်အားထုတ်ကြိုးပမ်းမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၁၄ အားပေး ကူညီမှု တို့နဲ့ ဖမ်းလိုက်တာဖြစ်ပါတယ်။
"ဖရဲကျွန်းရွာသား ကိုသန်းဇော်ကို ကန်သာက လူတွေ ဝိုင်းခုတ်သတ်တာကို အမှုဖွင့်တာပါ ကျမ်းကိုင်ကျွန်း အုပ်ချုပ်ရေးမှူး ဦးသန်းဦး အဲဒီနေရာမှာရှိနေပါတယ်။ ဒီဘက်က သက်သေတွေကိုလည်း လာစစ်ပြီးသွားပြီ တိုင်တာ ကတော့ ကိုသန်းဇော် အဖေ ဦးချစ်ရင်က တရားလိုပါ ။ ဦးမောင်ဝင်း ဦးဝင်းဦးတို့ကို လည်းပိုင်နက် ကျုးလွန်မှုတွေ နဲ့ လည်း တိုင်ထားပါတယ်လို့ ဖရဲကျွန်းကျေးရွာက အုပ်ချုပ်ရေးမှုး ဦးမျိုးဇော်သန့် က ဘီဘီစီကိုပြောပါတယ် ။
"ဖရဲကျွန်းရွာသား ကိုသန်းဦးကို တော့ ကန်သာဘက် က ရွာသားကို သတ်မှုနဲ့ဖမ်းတာပါ အဲဒီသူကနေပြည်တော်ဆေးရုံမှာ ဆုံးသွားပါတယ် လို့လည်း ဦးမျိုးဇော်သန့် က ပြောပါတယ်။
အမှုအနေ အထားတွေက ဘယ်လိုလဲ
တစ်ဘက်နဲ့ တစ်ဘက် အပြန် အလှန် တိုင်ထားတာတွေနဲ့ပတ်သက်ပြီး ရဲ ကတော့စစ်ဆေးပြီး ဖမ်းနေပါပြီ။
ဖရဲကျွန်းဘက်က အသက်မသေဘဲ ဆေးရုံတက် ပြီးကုသနေသူတွေ ၁၉ ဦး ရှိပြီးတော့ ဆေးစာတွေ ရရင် ထပ်ပြီးတိုင်ဖို့ရှိတယ်လို့လည်း ဖရဲကျွန်း ရပ်မိရပ်ဖတွေကပြောပါတယ်။
ဒါ့အပြင် သေဆုံးသူတွေအတွက် ဆေးစာရရင်လည်း ဖရဲကျွန်း ဘက်က ထပ်ပြီး အမှု ဖွင်ဖို့ရှိတယ်လို့လည်းပြောပါတယ် ။
တိုင်းအစိုးရ ရဲ့ ရဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကလည်း နှစ်ဘက်ရွာသားတွေ ကို စစ်ဆေးနေပြီး သြဂုတ်လ ၁ ရက်နေ့က ကန်သာဖက် က ရွာသား၆ ယောက် ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ် ။
ဖရဲကျွှန်း နဲ့ ကန်သာ နှစ်ဘက်သတင်းတွေ အရကတော့ တိုင်းအစိုးရ ရဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါဝင် တစ်ဘက်ကို ရွာသား၈ ဦးခန့်စီ စစ်ဆေးပြီးပြီလို့လည်း သိရပါတယ်။
တိုင်းအစိုးရ ရဲ့ စုံစမ်းရေးကော်မရှင် အဖွဲ့ဟာ လာမယ့် သြဂုတ်လ ၅ ရက် နောက်ဆုံးထားပြီး အစီရင်ခံစာ တင်ရမှာ ဖြစ်ပါတယ် ။
အသေအပျောက် နဲ့ ရှာဖွေရေး
အခင်းဖြစ်တဲ့ ရွာအနီးနားမှာ ပျောက်ဆုံးသူတွေကို ရှာနေတဲ့ ရှာဖွေရေးလုပ်ငန်းတွေ ကတော့ဇူလိုင် ၃၀လောက် ကတည်းက ရပ်သွားပါပြီ။
မြစ်အောက်ဘက် ကမင်းဘူးနဲ့ မိချောင်းရဲ မှာတော့ အစိုးရ ဘက်က တော့ဆက်ရှာနေပါသေးတယ် ။
ဖရဲကျွန်းဘက်က ၃၈ ယောက် မှာ ၂၈ ယောက်က အလောင်း ပြန်တွေ့ ပြီး ၁၀ ယောက် ပျောက်ဆုံးနေပါတယ်။
ကန်သာဘက်ကတော့ နေပြည်တော်ဆေးရုံမှာ ဇူလိုင် ၂၄ ရက်နေ့ က တစ်ဦး သေပါတယ် ။
နှစ်ဖက်ပေါင်းရင် ၂၉ ဦးသေ ၁၀ ဦးပျောက် ဆုံးဖြစ်ပါတယ် ။
၁၀ ဦးပျောက် ဆုံး စာရင်းထဲမှာ ကုန်းပေါ်မှာ ဓားခုတ် ခံရပြီး အလောင်းပျောက်နေတဲ့ ဖရဲ ကျွန်း ဘက် က ကို သန်းဇော်လည်းပါပါတယ် ။
ဘယ်လို ဖြေရှင်းကြမလဲ
အနည်းဆုံး လူ ၂၉ဦး သေဆုံးခဲ့တဲ့ ရေနံချောင်းမြို့နယ်က မြေနုကျွန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ၁၀ ရက်အတွင်း စုံစမ်း စစ်ဆေးဖို့အတွက် တိုင်းအစိုးရက ဇူလိုင်လ ၂၆ ရက် ရက်စွဲနဲ့ စုံစမ်းရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းထားလိုက်ပါတယ်။
ကော်မရှင်ကို တိုင်းအစိုးရအဖွဲ့ဝင် အလုပ်သမားဝန်ကြီး ဦးမြင့်ဆွေက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီးပဋိပက္ခဖြစ်စဉ်အသေးစိတ်ကို လာမယ့် သြဂုတ် ၅ ရက်နေ့ အရောက် တိုင်းဝန်ကြီးချုပ်ထံ တင်ပြရမှာလည်းဖြစ်ပါတယ်။
ပြီးရင် ဘယ်လိုရှင်းမယ် ဆိုတာ ကတော့ ကွဲကွဲ ပြားပြား မသိရသေးပါဘူး ။
ဒီပြဿနာ ဟာ မနှစ်ကတည်းကစဖြစ်နေတာဖြစ်ပြီးတော့ အစိုးရဘက်က ဖြေရှင်းပေမဲ့ နှစ်ဘက် မပြေလည်သေးတဲ့ ပြဿနာပါ။ လောလောဆယ်မှာတော့ အငြင်းပွားမြေနုကျွန်း နေရာတွေ ကတော့ မြစ်ရေတက်နေလို့ ပြန်လည်တိုင်းတာဖို့လည်း ခက်နေပါတယ်။
ဒါအပြင် ဖရဲကျွန်းဘက် က တော့ အလာင်းပြန်တွေ့ ၂၈ ဦးနဲ့ ပျေက်ဆုံး၁၀ ဦးအပါဝင် ၃၈ ဦးစလုံး ရေနစ်သေဆုံးတယ် ဆိုတဲ့ သတင်းဖော်ပြချက်တွေ ကို ရော အစိုးရ ဘက်ကပြောဆိုမှု အချို့ကို ရော မကျေနပ်ကြပါဘူး။
"အခုသေသွားကြတဲ့ ၃၈ ဦးစလုံးရေနစ်သေဆုံးတာ မဟုတ် သလို ၃၈ ဦးစလုံး အသတ်ခံရတာတော့ မဟုတ်ပါ ဘူး။ ရွာကတော့ ဥပဒေအတိုင်းအဖြစ်မှန်ပေါ်ချင် တာပါ" လို့ ဖရဲကျွန်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန့်က ဘီဘီစီကိုကပြောပါတယ် ။