အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သဘောတူချမှတ်

ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၈ နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်"တရပ်ကို သဘောတူချမှတ်နိုင်ခဲ့ပါတယ်။ တာလီဘန်သူပုန် ၊ အာဂန်နစ္စတန်အစိုးရအရာရှိတွေနဲ့ တခြား သြဇာတိက္ကမရှိသူ တွေပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီချက်ရခဲ့ကြတာဖြစ်ပါတယ်။

အရပ်သားတွေကို တိုက်ခိုက်တာ ရပ်ဖို့ ၊ အမျိုးသမီးအခွင့်အရေးကို "အစ္စလာမ် ဓလေ့ထုံးတမ်း မူဘောင်"အတွင်းကနေ အကာအကွယ်ပေးဖို့ကိုလည်း ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံထဲကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ ညှိနှိုင်းဆွေးနွေးမယ်ဆိုတဲ့ အချက်ကိုလည်း မဖြစ်မနေလိုက်နာရန် စည်းနှောင်ထားခြင်းမရှိတဲ့ သဘောတူညီချက်တရပ်အနေနဲ့ ချုပ်ဆိုခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ၂၀၀၁ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်မှာ အခြေချပြီး တာလီဘန်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် ညှိနှိုင်းရေးအရာရှိတွေနဲ့ တာလီဘန် သူပုန်ခေါင်းဆောင်တွေရဲ့ သတ္တမ အကျော့ ဆွေးနွေးပွဲကို အင်္ဂါညနေပိုင်းမှာလုပ်ပါမယ်။ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေးနဲ့ အာဖဂန်နစ္စတန် နယ်မြေကို အကြမ်းဖက်သမားတွေ အခြေစိုက်စခန်းအဖြစ်လက်မခံရေး ဆိုတဲ့ အချက်နှစ်ချက်ကို အပြန်အလှန် အပေးအယူလုပ်ပြီး သဘောတူညီကြမယ်လို့ မျှော်မှန်းထားကြပါတယ်။

အမေရိကန်စစ်တပ်တွေ ပြန်လည် ရုပ်သိမ်းရေး အတွက် အချိန်ဇယားတခု မပေးမချင်း အာဖဂန်နစ္စတန် အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှာ မဟုတ်ဘူးလို့ တာလီဘန်ဘက်က တောက်လျှောက် ငြင်းဆိုနေပါတယ်။ အာဖဂန်နစ္စတန် အစိုးရဟာ အဆုံးအဖြတ်ပေးနိုင်သူ မဟုတ်ဘူးလို့ သဘောထားပြီး ငြင်းဆိုနေတာဖြစ်ပါတယ်။

ကာတာနိုင်ငံမှာ နှစ်ရက်ကြာ ကျင်းပပြုလုပ်တဲ့ ညီလာခံမှာတော့ အာဖဂန်နစ္စတန် အစိုးရ အရာရှိတွေ ပါဝင်ကြပါတယ်။ ဒါပေမယ့် သူတို့ကို အစိုးရ ကိုယ်စားလှယ် အဖြစ် တာလီဘန်ဘက်က အသိအမှတ်ပြုတာ မဟုတ်ဘဲ တယောက်ချင်းစီရဲ့ ပုဂ္ဂလိက အရည်အချင်းအရ အသိအမှတ်ပြုလက်ခံထားတာ ဖြစ်ပါတယ်။ အခု ကာတာ ညီလာခံဟာလည်း အနာဂတ်မှာ ဆက်လက် လုပ်ဆောင်သွားမယ့် တရားဝင်ဆွေးနွေးပွဲတွေရဲ့ ရှေ့ပြေးအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။

အမေရိကန်ဘက်က ညှိနှိုင်းသူ အဖြစ် ပါဝင်ခဲ့တဲ့ ဇာလ်မေ ခါလီဇတ်ကတော့ တာလီဘန်နဲ့ အခုလို တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာဟာ အလွန်ကြီးမားတဲ့ အောင်မြင်မှု တခုပဲလို့ တနင်္လာနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

အခု သဘောတူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လို့ခေါ်တဲ့အထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို ပြန်လည်နေရာချထားရေး၊ ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှု လုံးဝ မပါဝင်ရေး ဆိုတဲ့အချက်တွေကို စည်းကမ်းချက်အဖြစ်ထည့်သွင်းထားပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဟာ ဒုက္ခပေါင်းစုံကို နေ့စဉ်ခံစားနေရတယ်ဆိုတဲ့ အချက်ကိုလည်း ပူးတွဲ ကြေညာချက်ထဲမှာ အလေးအနက် ထည့်သွင်းဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ နောက်တကြိမ် စစ်မဖြစ်ပွားရေး၊ အာဖဂန်နစ္စတန်နိုင်ငံ လူ့အဖွဲ့အစည်း အဆင့်အတန်းမျိုးမျိုးက လူတွေရဲ့ အပြန်အလှန် သဘောတူညီချက် တို့ဟာ အလွန် အရေးပါတဲ့ အချက်တွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ စစ်သား ၄ သောင်းခွဲ ကျဆုံးခဲ့ပါတယ်။ ဒီနှစ်ရဲ့ ပထမ ၃ လအတွင်းမှာတွင် အရပ်သား ၅၈၁ ယောက် သေဆုံးခဲ့ပြီး ၁၂၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။

အခုညီလာခံမှာတော့ နှစ်ဘက်စလုံးက အရပ်သား သေဆုံးမှု လုံးဝမရှိရေး၊ ကျောင်း၊ ဆေးရုံ၊ စျေးတွေကို မတိုက်ခိုက်ဘဲ အလေးအနက်ထား ရှောင်ရှားကြမယ်လို့ ကတိကဝတ်ပြုကြပါတယ်။ အာဖဂန်နစ္စတန် စစ်ပွဲ အတွင်းမှာ နေတိုး မဟာမိတ် တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နယ်စည်းမခြားဆရာဝန်များ အဖွဲ့ရဲ့ ဆေးရုံကို ထိမှန်ပျက်စီး သေဆုံးခဲ့တာတွေ ရှိခဲ့ဖူးသလို မကြာခင်ရက်ပိုင်းကလည်း တာလီဘန်အဖွဲ့က ဂါဇနီမြို့ အစိုးရ ရုံး အဆောက်အအုံကို ပစ်မှတ်ထားပြီး ကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၄ ယောက်သေဆုံးပြီး ကျောင်းသား တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်

တနင်္လာနေ့က ဘာဂလန်ပြည်နယ်မှာ အာဖဂန်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီး ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ် အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရက ပြောပါတယ်။ ။