ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘောဒီးယား တိုက်ပြိုမှု တရုတ်တွေကို အရေးယူ၊ သြဇာပိုကြီးလာတဲ့ ကင်မ်ဂျုံအွန်းညီမ
ကမ္ဘောဒီးယားတိုက်ပြိုမှုမှာ တရုတ်တွေကို အရေးယူ
ပြီးခဲ့တဲ့ စနေနေ့က ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ်မြို့မှာ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အဦ တစ်ခု ပြိုကျပြီး လူပေါင်း ၂၈ ယောက် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ဆက်စပ်လို့ တရုတ်နိုင်ငံသား တော်တော်များများကို လူသေစေမှုနဲ့ ကမ္ဘောဒီးယား တရားရုံးက စွဲချက်တင်လိုက်ပါတယ်။
အဆောက်အဦကို ပိုင်ဆိုင်သူ တရုတ်လူမျိုး ချန်ကွန်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးကြပ်သူ ဒင်ရှင်ဂွီး၊ နောက်ထပ် တရုတ်နဲ့ ကမ္ဘောဒီးယားလူမျိုး တချို့တို့ကို တရားစွဲလိုက်တာ ဖြစ်ပါတယ်။
ပြီးလုဆဲ ဖြစ်နေတဲ့ အဆောက်အဦဟာ အတွင်းဘက်ကို ပြိုကျခဲ့ပြီး အဲဒီအချိန်မှာ အလုပ်သမား တော်တော်များများ အထဲမှာ ရှိနေခဲ့ပါတယ်။
သီဟာနုဗီးလ်မြို့ ရှိတဲ့ ခရိုင်က အုပ်ချုပ်ရေးမှုးက အခုဖြစ်ရပ်အတွက် တာဝန်ယူပြီး နုတ်ထွက်လွှာ တင်တာကို ဝန်ကြီးချုပ် ဟွန်ဆန်က လက်ခံလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နယ်စပ်က လူမှောင်ခိုသမားတွေကို ရဲက ပစ်သတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း မြန်မာနဲ့ နယ်စပ်နားမှာ လူကုန်ကူးသမားလို့ ယူဆရသူတွေနဲ့ ရဲတွေ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး လူကုန်ကူးသူ သုံးယောက် သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။
ရဲတွေက လူကုန်ကူးသူတွေလို့ ယူဆရသူတွေ ရှိနေတဲ့ နေရာကို ဝင်စီးစဉ်မှာ ပစ်ခတ်မှု စဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အများဆုံး နေထိုင်ကြတဲ့ ကော့ဆ်ဘဇားအရပ်မှာ လှုပ်ရှားနေတဲ့ လူကုန်ကူး ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်မယ်လို့ ရဲက ယူဆထားပါတယ်။ ရဲနဲ့ ပစ်ခတ်မှု ဖြစ်စဉ် လူတချို့ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။
အာဏာပိုရလာတဲ့ ကင်မ်ဂျုံအွန်းရဲ့ ညီမ
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူဟာ ပြီးခဲ့တဲ့လပိုင်းတွေက စလို့ ပိုပြီး သြဇာကြီးလာပြီး ခေါင်းဆောင်တဲ့ နေရာလည်း ပိုရလာပုံ ရတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။ ညီမတော် ကင်မ်ယိုဂျွန်းဟာ လက်ရှိ မြောက်ကိုရီးယားရဲ့ ဒုတိယခေါင်းဆောင် နေရာမျိုးမှာ ရှိနေတဲ့ ချိုရွန်ဟေးနဲ့ အဆင့်တူ နေရာမျိုး ရလာတာ တွေ့ရတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအစီရင်ခံစာ တစ်စောင်ကို ကိုးကားပြီး အစိုးရ သတင်းအေဂျင်စီက ဆိုပါတယ်။
မစ္စကင်မ်ဟာ သူ့အစ်ကို ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ တွေ့ရတတ်ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကင်မ်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ ထရမ့်တို့ တွေ့ဆုံပွဲ အတွက်လည်း အဓိက စီစဉ်သူနေရာမှာ ပါခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးတဲ့နောက်မှာ မစ္စကင်မ်ကိုလည်း လူမြင်ကွင်းမှာ မတွေ့ရတဲ့အတွက် သူ့ကို အရေးယူ အပြစ်ပေးခံထားရပြီ ဆိုပြီး ခန့်မှန်းချက်တွေ ထွက်ခဲ့ပါတယ်။
သူဌေးရောဂါတွေ ပိုခံစားလာကြရတဲ့ တရုတ်
တရုတ်နိုင်ငံမှာ လူတွေ အသက်ဆုံးစေတဲ့ အဖြစ်အများဆုံး ရောဂါတွေဟာ လေဖြတ်တာ၊ နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာတို့ ဖြစ်နေတာ တွေ့ရတယ်လို့ လေ့လာ သုတေသနပြုသူတွေက ပြောပါတယ်။ ဒီရောဂါတွေဟာ အမေရိကန်လို ချမ်းသာတဲ့ နိုင်ငံတွေမှာ အတွေ့ရများတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ ကဆိုရင် တရုတ်မှာ လူတွေ အသေများတဲ့ ရောဂါတွေက အဆုတ်ပိုးဝင်တာနဲ့ မွေးဖွားပြီးစ ကူးစက်ရောဂါတွေကြောင့် အများဆုံး ဖြစ်ခဲ့ပါတယ်လို့ ဆေးပညာဂျာနယ် လန်းဆက်ထဲမှာ ဖော်ပြထားပါတယ်။ တရုတ်မှာ ကူးစက်ရောဂါတွေနဲ့ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ရတဲ့ ရောဂါတွေကို အများကြီး အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ခဲ့ပြီလို့လည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။ ဒါပေမယ့် အခုတော့ လူတွေ အသက်ကြီးလာချိန်မှာ ခံစားရမယ့် ရောဂါဝေဒနာတွေကို တိုက်ဖျက်ဖို့ ပိုဦးစားပေးလုပ်ကြဖို့ လိုလာပြီလို့လည်း သတိပေးထားပါတယ်။