ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘောဒီးယား သီဟာနုဗီးလ်မြို့မှာ ၇ ထပ်တိုက်ပြိုကျ
ကမ္ဘောဒီးယား နိုင်ငံမှာ ၇ ထပ်တိုက် အဆောက်အအုံတလုံး ပြိုကျပြီး အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံးသူတွေ ရှိတယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။
အနည်းဆုံး ၂၁ ယောက် ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိသူတွေလည်း တော်တော်များပါတယ်။ အသက်ရှင် ကျန်ရစ်သူတွေကို ညပိုင်းအထိ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ကမ်းခြေ အပန်းဖြေမြို့ ဖြစ်တဲ့ သီဟာနုဗီးလ်မှာ တရုတ်ကုမ္ပဏီတခုက ဆောက်နေတဲ့ အဆောက်အအုံ ပြိုကျတာ ဖြစ်ပါတယ်။
ဒီနှစ်ပိုင်းအတွင်း သီဟာနုဗီးလ်မှာ တရုတ်ဟိုတယ်နဲ့ ကာဆီနို ကစားဝိုင်းတွေ ဆောက်လာကြတာ တွေ့ရပါတယ်။
ဒီပြိုကျမှုနဲ့ ပတ်သက်ပြီး လေးယောက်ကို ဖမ်းထားပါတယ်။ ဒီထဲမှာ တရုတ် အဆောက်အအုံ ပိုင်ရှင်၊ ဆောက်လုပ်ရေး လုပ်ငန်း အကြီးအကဲနဲ့ ကန်ထရိုက်တို့ ပါပါတယ်။ ကမ္ဘောဒီးယား မြေပိုင်ရှင်ကိုလည်း ခေါ်စစ် နေပါတယ်။
သေဆုံးသူထဲက သုံးယောက်က ကမ္ဘောဒီးယားတွေ ဖြစ်ကြပြီး အလုပ်သမား နှစ်ယောက်နဲ့ စကားပြန်တယောက်ပါပါတယ်။
ပျောက်နေတဲ့သူ အရေအတွက်ကတော့ သတင်းတခုနဲ့ တခု မတူဘူး ဖြစ်နေပါတယ်။
လူ ၃ဝ ကျော် ရှာလို့မရဘူးလို့ ကမ္ဘောဒီးယား ပြန်ကြားရေး ဝန်ကြီး ခယူကန်ဟာက ပြောပြီး အလုပ်သမားဝန်ကြီးဌာနကတော့ ၁ဝ ယောက်ထက် နည်းလိမ့်မယ်လို့ ဆိုပါတယ်။
လူ ၂ဝ ကို ကယ်တင်နိုင်ခဲ့ပြီး ပြိုကျချိန်က နေရာမှာ အလုပ်သမား ၅ဝ လောက် ရှိနေခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကမ္ဘောဒီးယားမှာ ဒီနှစ်ပိုင်းအတွင်း အဆိုးဆုံး အဆောက်အအုံ ပြိုကျမှု ဖြစ်ခဲ့တဲ့အတွက် သီဟာနုဗီးလ်မှာ ဆောက်တဲ့ တိုက်တွေရဲ့ အရည်အသွေးနဲ့ ကြံ့ခိုင်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် ကမ္ဘောဒီးယားမှာ တရုတ်ဆန့်ကျင်ရေးတွေ များလာနိုင်ပါတယ်။
အရင်က ငါးဖမ်းလုပ်ငန်းပဲ လုပ်ခဲ့တဲ့ ရွာမှာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ခရီးသွားလုပ်ငန်း တိုးတက် လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဒီနယ်မြေမှာ မမှတ်မိနိုင်လောက်အောင် ပြောင်းသွားခဲ့ပြီး ကာဆီနို လောင်းကစားရုံတွေ အများကြီး ဆောက်လာကြပါတယ်။ ဒီကို လာကြတဲ့ တရုတ် ခရီးသွားတွေအတွက် ဖွင့်ကြတာပါ။
ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်သမားဥပဒေကို တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိတဲ့အတွက် ဆောက်လုပ်ရေး အလုပ်သမားတွေ အတွက် အန္တရာယ် များလှပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမားတွေအတွက် ကျန်းမာရေးနဲ့ လုံခြုံမှုပိုင်းမှာ အန္တရာယ်တွေ အမြဲရှိတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က သတိပေးထားခဲ့ပါတယ်။