ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ မျက်လှည့်ဆရာ မြစ်ထဲဆင်း မျက်လှည့်ပြရင်း ရေနစ်သေဆုံး
ရေထဲကို ခြေလက်တွေ သံကြိုးခတ်ချခိုင်းပြီး ပြန်လွတ်မြောက်တဲ့ ပြကွက်ကို ပြသဖို့လုပ်ရင်း အိန္ဒိယ မျက်လှည့်သမားတစ်ယောက် မြစ်ထဲမှာ ပျောက်ဆုံးခဲ့ရာကနေ ရေနစ်သေဆုံးသွားတယ်လို့ ရဲက အတည်ပြုလိုက်ပါတယ်။
အမေရိကန် စတန့်သမား ဟယ်ရီ ဟူဒီနီရဲ့ နာမည်ကျော် ပြကွက် ပြန်အသက်သွင်း ပြသဖို့ ကြိုးစားရင်း ရေနစ်သေဆုံးခဲ့တာပါ။
မြစ်ထဲဆင်းသွားပြီး သူပြန်ပေါ်မလာလို့ မျက်လှည့်ကြည့်နေတဲ့ ပရိသတ်တွေက သူ့ကို ဇွန်လ ၁၆ ရက်မှာ မြစ်ထဲဆင်းရှာခဲ့ကြပါတယ်။
သူ့အလောင်းကို သူရေထဲဆင်းသွားတဲ့ နေရာကနေ မိုင်ဝက်အကျော်လောက်မှာ ပြန်ရှာတွေ့ခဲ့ပြီး တနင်္လာနေ့ ညပိုင်းမှာ သူသေဆုံးတာကို အတည်ပြုခဲ့တာပါ။
သူဟာဒီပြကွက်ကို မလုပ်ခင်က ရဲတပ်ဖွဲ့နဲ့ ကိုလ်ကတ္တား ဆိပ်ကမ်း တာဝန်ရှိသူတွေဆီကနေ ခွင့်ပြုချက်တောင်းခဲ့ပါတယ်။
ဒါပေမယ့် သူတင်ပြတဲ့အထဲမှာ ရေထဲမှာ လုပ်မယ်ဆိုတာမျိုး မပါခဲ့ဘူးလို့ ရဲက ပြောပါတယ်။
"သူက ဒီပြကွက် အကြောင်းကို ခွင့်ပြုချက်တောင်းတုန်းက သင်္ဘောဖြစ်ဖြစ် ဖောင်ဖြစ်ဖြစ် မှာလုပ်မယ်လို့တော့ပါတယ်။ အဲဒါကြောင့် ခွင့်ပြုချက်ပေးခဲ့တာ။ ကျန်တာတွေကို သူက ထည့်မပြောခဲ့ဘူး။ အခုဒါကို စုံစမ်း စစ်ဆေးနေတယ်" လို့ ရဲက ပြောပါတယ်။
ချန်ချယ် လက်ဟီရီဆိုသူ မျက်လှည့်သမားဟာ အနောက် ဘန်ဂေါ ပြည်နယ်ထဲက ဟူဂလီ မြစ်ထဲမှာ ရေကူးပြီး ပြန်ပေါ်လာဖို့ စီစဉ်ထားခဲ့ပေမယ့် ပြန်ပေါ်မလာနိုင်တော့တာ ဖြစ်ပါတယ်။
Mandrake လို့လည်း ခေါ်တဲ့ အဲဒီ မျက်လှည့်ဆရာဟာ သင်္ဘောတစ်စင်းပေါ်ကနေ ရေထဲကို ချခိုင်းခဲ့တာပါ။
သင်္ဘောနှစ်စင်းပေါ်က ပရိသတ်တွေ ကြည့်နေတုန်းမှာ သူ့ကို သံကြိုးတွေနဲ့တုပ်၊ သော့ခြောက်လုံးခတ်ခဲ့ပါတယ်။ လူတော်တော်များများက ကမ်းခြေကနေ လာကြည့်ခဲ့ကြပြီး တချို့က ကိုလ်ကတ္တားက ထင်ရှားတဲ့ ဟိုဝါတံတားပေါ်ကနေ ကြည့်ခဲ့ကြပါတယ်။
သူက မျက်လှည့်မပြခင် "ကျွန်တော် ကောင်းကောင်းလုပ်နိုင်ရင် အဲဒါ မျက်လှည့်ပေါ့။ မှားရင်တော့ သေပြီပဲ" လို့ ပြောသွားခဲ့ပါတယ်။
သူက မျက်လှည့်ပညာကို လူတွေ ပြန်စိတ်ဝင်စားအောင် အခု ပြကွက်ကို လုပ်ချင်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ အခုလို ရေအောက် မျက်လှည့်ပြကွက်လုပ်တာ ဒီမျက်လှည့်ဆရာအတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။
သူဟာ ဒီမြစ်ထဲမှာပဲ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်က ဖန်ပေါင်းချောင်ကြီးထဲ ဝင်လိုက် ဆင်းသွားပြီး ပြန်လွတ်မြောက်လာတဲ့ ပြကွက်ကို ပြခဲ့ပါတယ်။
မျက်လှည့်ဆရာရဲ့ ပထမ ပြကွက်ကို ကြည့်ခဲ့ဖူးသူ တစ်ယောက်က "သူဒီတစ်ခေါက် ပြန်လွတ်မလာဘူးလို့ လုံးဝထင်မထားမိဘူး" လို့ ပြောပါတယ်။