ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား ရွေးကောက်ပွဲမှာ ကင်ဂျုံအွန်း ဝင်မပြိုင်ဘဲ သူ့ညီမ ဝင်ပြိုင်ခဲ့
မြောက်ကိုရီးယားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မျှော်လင့်ထားကြတဲ့အတိုင်း သြဇာအာဏာ ရှိတဲ့ ခေါင်းဆောင်ပိုင်းက အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။
ဒါပေမယ့် ကင်ဂျုံအွန်း ကတော့ ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပုံ မတွေ့ရပါဘူး။
တကယ်လို့ သူဝင်မပြိုင်ခဲ့ဘူး ဆိုတာ မှန်ရင်တော့ ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြယုဂ်သဘော ပါလီမန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင်တဦး ဝင်မပြိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်လည်း ကင်ဂျုံအွန်းရဲ့ ညီမ ကင်ယိုဂျုံး ကတော့ ဝင်အရွေးခံခဲ့ပါတယ်။
နိုင်ငံ ခေါင်းဆောင်ရဲ့ ညီမ ဖြစ်သူ ကင်ယိုဂျုံးဟာ သြဇာ အရှိန်အဝါ လုပ်ပိုင်ခွင့် ပိုရှိတဲ့ နေရာတခုဆီ တဖြည်းဖြည်း ရောက်လာနေတာ တွေ့ရပါတယ်။
မြောက်ကိုရီးယား နိုင်ငံမှာ အစိုးရက သူတို့ရဲ့ အုပ်ချုပ်မှုပိုင်းကို တရားဝင် ဖြစ်အောင် လုပ်ဖို့အတွက် ပါလီမန် ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။
ဒါပေမယ့် အနှစ်သာရ မရှိတဲ့ ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာက ဝေဖန်နေပါတယ်။ ဒီရွေးကောက်ပွဲမှာ အစိုးရက ထောက်ခံ အတည်ပြုထားတဲ့ အမတ်လောင်းတွေကိုပဲ မဲဆန္ဒရှင်တွေက မဲပေးရတာပါ။
SPA ပြည်သူ့ လွှတ်တော်ချုပ်အတွက် အရွေးခံခဲ့ရတဲ့ အမတ် ၆၈၇ ဦးရဲ့ အမည်စာရင်းကို မတ်လ ၁၂ ရက် အင်္ဂါနေ့မှာ အစိုးရ သတင်းဌာနက ထုတ်ဖော် ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ကင်ဂျုံအွန်းရဲ့ အမည်တော့ မပါပါဘူး။
အမတ်တွေရဲ့ အမည်စာရင်းထဲမှာ ကင်ဂျုံအွန်း မပါပေမယ့် ဒါဟာ သူရဲ့ ထိန်းချုပ်မှု အာဏာ လျော့ကျသွားတယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူးလို့ မြောက်ကိုရီးယားအရေး အထူးပြု ဝက်ဆိုက် NK သတင်းဌာနက ရေချယ် မင်ယောင်လီးက ဘီဘီစီကို ပြောပါတယ်။
ဒီလို လုပ်တာဟာ မြောက်ကိုရီးယား နိုင်ငံဟာ တခြား သာမန်နိုင်ငံတွေလိုပဲ ဆိုတာကို ပြဖို့ မြောက်ကိုရီးယား အစိုးရရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ဒီမိုကရေစီနိုင်ငံ အများစုမှာ သမ္မတ ရာထူး ယူထားသူဟာ ပါလီမန် အမတ်နေရာကို ယူလေ့ မရှိကြဘူးလို့ ဆိုပါတယ်။
ကင်ဂျုံအွန်းရဲ့ ညီမ ကင်ယိုဂျုံး ဟာ ၂၀၁၄ ရွေးကောက်ပွဲတုန်းက အရွေးချယ် မခံခဲ့ရပေမယ့် SPA ပြည်သူ့ လွှတ်တော်ချုပ်မှာ အမတ်တဦး ဖြစ်ခဲ့ပါတယ်။ဒါဟာ ကွယ်လွန်သွားတဲ့ အမတ်တဦးဦးရဲ့ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်အရွေးခံခဲ့တာ ဖြစ်နိုင်တယ်လို့ မစ္စ မင်ယောင်လီး က ပြောပါတယ်။
ကင်ယိုဂျုံးရဲ့ ဘဝကောက်ကြောင်းကို လေ့လာရရင် ၂၀၁၄ ခုနှစ်ကစလို့ ပါတီရဲ့ ဝါဒဖြန့်ချိရေးနဲ့ လှုံ့ဆော်ရေး ဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် ခန့်ထားခံရပြီး ထိပ်ပိုင်း နေရာကို ရောက်လာခဲ့တာ တွေ့ရပါတယ်။
သူ့အစ်ကိုရဲ့ ပြည်ပ ခရီးစဉ်တွေမှာ သူ့ကို အမြဲလိုလို တွေ့ရတတ်ပြီး မကြာသေးခင်က အမေရိကန် သမ္မတ ထရမ့်နဲ့ ဟနွိုင်မြို့ တွေ့ဆုံပွဲမှာလည်း လိုက်ပါသွားခဲ့ပါတယ်။ သူ့ကို ကင်ဂျုံအွန်းရဲ့ အနီးကပ် လက်ထောက် တဦး အဖြစ် အများက အသိအမှတ် ပြုလာခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့ အမတ်လောင်းကို ရွေးချယ်ခွင့်မရှိပေမဲ့ အသက် ၁၇နှစ် အထက် မြောက်ကိုရီးယား နိုင်ငံသား အားလုံး မဖြစ်မနေ မဲထည့်ကြရပါတယ်။
ပါလီမန် ရွေးကောက်ပွဲကို ၅ နှစ်တကြိမ် ကျင်းပလေ့ ရှိပြီး ရာနှုန်းပြည့် မဲလာပေးကြသလို အစိုးရ အလုပ်သမား ပါတီကိုလည်း အပြည့်အဝ ထောက်ခံမဲ ပေးလေ့ ရှိပါတယ်။
အခုနှစ် ရွေးကောက်ပွဲ မဲလာပေးသူ ၉၉ . ၉၉ ရာခိုင်နှုန်း ရှိပြီး ပြည်ပနဲ့ ပင်လယ်ပြင်မှာ ထွက်အလုပ်လုပ်နေသူတွေကတော့ မဲမပေးနိုင်ခဲ့ကြဘူးလို့ KCNA မြောက်ကိုရီးယား အစိုးရ သတင်းဌာနက အင်္ဂါနေ့မှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။