ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နျူကင်းရေး ဦးတည်ချက် ပြောင်းသွားနိုင်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသတိပေး
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သူ့အနေနဲ့ နျူကလီးယားကင်းစင်အောင်လုပ်ဖို့ သန္နိဋ္ဌာန် ချထားပေမယ့် အမေရိကန်တို့က ဆက်ပြီး ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်မယ်ဆိုရင် သူလမ်းကြောင်း ပြောင်းရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
အသေအချာ ပြင်ဆင်ထားတဲ့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ကင်ဂျုံအွန်းက အဲဒီလို သတိပေးခဲ့တာဖြစ်ပါတယ်။
မနှစ်က မိန့်ခွန်းထဲမှာတော့ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ သံရေးတမန်ရေး ဆက်ဆံရေးတွေလုပ်မယ်ဆိုတဲ့ မျှော်လင့်မထားခဲ့ကြတဲ့ အစီအစဉ်တွေကို ချပြခဲ့ပါတယ်။
မစ္စတာကင်ဟာ ၂ဝ၁၈ ဇွန်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နျူကလီးယားကင်းစင်ရေး ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပေမယ့် ရလာဒ်မယ်မယ်ရရ ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။
၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုအထိရောက်နိုင်တဲ့ ဒုံကျည်ပစ်လွှတ်စမ်းသပ်မှုတွေလုပ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံကြား အပြန်အလှန် ခြိမ်းခြောက်မှုတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ရာက ၂၀၁၈ မှာ ပြန်သင့်မြတ်ရေးလမ်းကြောင်းကို စခဲ့တာဖြစ်ပါတယ်။
မစ္စတာကင်ဟာ ဒီလိုနှစ်သစ်ကူးမိန့်ခွန်းပြောတဲ့ အစဉ်အလာကို မြောက်ကိုရီးယားနိုင်ငံကို ထူထောင်ခဲ့တဲ့ သူ့အဖိုး ကင်အီဆွန်းဆီက အမွေဆက်ခံခဲ့တာဖြစ်ပါတယ်။
မူလ အစကတော့ နှစ်သစ်ကူးမိန့်ခွန်းကို နိုင်ငံတွင်းက ပြည်သူအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး အရင့်အရင်နှစ်တွေမှာ အများအားဖြင့် နိုင်ငံရဲ့ စီးပွားရေးကို အဓိကထား ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာအကဲခတ်တွေကတော့ အဲဒီမိန့်ခွန်းတွေကို တကြောင်းချင်း အသေအချာစိစစ်ပြီး မြောက်ကိုရီးယားဟာ နိုင်ငံတကာနဲ့ပတ်သက်လို့ ဘယ်လိုကြံစည်ဆောင်ရွက်နေသလဲဆိုတဲ့ သဲလွန်စကို ဖော်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အခုဒီနှစ် မိန့်ခွန်းကို ကမ္ဘာနှစ်ဆန်း ၁ ရက်နေ့ အစောပိုင်းမှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်တို့ အနေနဲ့ တကမ္ဘာလုံးရှေ့မှာ ပေးထားခဲ့တဲ့ ကတိတွေ မတည်ဘဲ မိမိတို့နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဖိအားတွေ ဆက်ပေးနေမယ်ဆိုရင် မိမိတို့အနေနဲ့ တခြားရွေးစရာမရှိဘဲ နိုင်ငံရဲ့ အချုပ်အချာ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ နည်းလမ်းသစ်တခုကို စဉ်းစားရတော့မယ်လို့ မစ္စတာကင်က အဲဒီမိန့်ခွန်းထဲမှာ ပြောကြားခဲ့ ပါတယ်။
ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ၂၀၁၉မှာ အမေရိကန်တို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်မယ်ဆိုတဲ့ သဘောဖြစ်ပြီး ဘာမှ မလုပ်ဘူးဆိုရင် လက်ရှိသူတို့ ရပ်ဆိုင်းထားတဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ကို ပြန်လုပ်နိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာက သုံးသပ်ပါတယ်။
မြောက်ကိုရီးယားတို့ဟာ သူတို့ရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးလက်နက်အစီအစဉ်ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်အရေးယူမှု အမျိုးမျိုးကို ခံနေရပါတယ်။
နျူကလီးယားလက်နက်တွေ မထုတ်လုပ်ဖို့၊ မသုံးဖို၊ မဖြန့်ဖြူးဖို့ အစကတည်းက ကတိပြုပြီးသားဖြစ်သလို ဒါတွေက အကောင်အထည်ဖော်ဖို့ အခိုင်အမာ စတင်ဆောင်ရွက်နေတယ်လို့ မစ္စတာကင်က ပြောကြားခဲ့ပါတယ်။
နောက်ပြီး သမ္မတထရမ့်နဲ့ အချိန်မရွေးထပ်တွေ့ဖို့ အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။
သူရဲ့ ပြောဆိုချက်တွေဟာ အများမျှော်လင့်ထားခဲ့ကြသလိုပါပဲလို့ အန်ကေ သတင်းဌာနက အော်လီဗာ ဟော့တမ်က ဘီဘီစီကို ပြောပါတယ်။
အားလုံးခြုံကြည့်ရင် သူ့မိန့်ခွန်းဟာ နိုင်ငံတွင်း သူရဲ့ ရပ်တည်ချက် ပိုခိုင်မာအောင်နဲ့ တဘက်မှာလည်း အမေရိကန်ပြည်ထောင်စုကို ပြေရာပြေကြောင်းပြောသလိုနဲ့ ပြတ်သားတဲ့ သတင်းစကားပေးခဲ့တာပါ။ တောင်ကိုရီးယား ကိုကျတော့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေ ရနိုင်အောင် ဆက်စည်းရုံးခဲ့တာပါလို့ အော်လီဗာ ဟော့တမ်က သုံးသပ်ပါတယ်။
မနှစ်က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ တောင်ကိုရီးယားအိမ်ရှင်အဖြစ်ကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်မှာ မြောက်ကိုရီးယားဝင်ပြိုင်မယ်လို့ ကြေညာခဲ့လို့ နှစ်နိုင်ငံဆက်ဆံရေး ပြေလည်လာခဲ့ပါတယ်။
ဒီနောက် ဧပြီလမှာ ကင်ဂျုံအွန်းဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နှစ်နိုင်ငံနယ်စပ်မှာတွေ့ဆုံခဲ့ပါတယ်။
ဒီနောက် ကင်နဲ့ မွန်ဂျေအင်းတို့ နောက်ထပ် နှစ်ကြိမ်တွေ့ခဲ့ကြပါတယ်။
ဒါပေမယ့် ၂ဝ၁၈မှာ သမိုင်းအတွင်ဆုံးကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ စင်္ကာပူမှာ ဇွန်လက ပထမဆုံးတွေ့ဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးကောင်းအောင်လုပ်ဖို့နဲ့ နျူကလီးယားကင်းစင်ရေး ဦးတည်ဆောင်ရွက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါပေမယ့် ဒီထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း အကောင်းဘက်ကို မျှော်လင့်ချက်တွေ ရှိလာရုံကလွဲပြီး တိုးတက်မှုက သိပ်ရှိမလာခဲ့ပါဘူး။
မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်တာနဲ့ နျူကလီးယားစမ်းသပ်မှုတွေ ရပ်ဆိုင်းခဲ့ချိန်ကတော့ မြောက်ကိုရီးယားတို့ဟာ အမေရိကန်တို့ တိုက်တွန်းခဲ့သလို နျူကလီးယားကင်းစင်ရေးကို ရှေ့ရှုဆောင်ရွက် နေတယ်ဆိုတဲ့ လက္ခဏာမျိုးရှိနေခဲ့ပါတယ်။
မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုဆိုင်ရာ အဆောက်အအုံတချို့ ဖျက်ဆီးခဲ့ပေမယ့် သူတို့ရဲ့ လက်နက် အစီအစဉ်တွေကို ဆက်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေခဲ့ပါတယ်။
သမ္မတထရမ့်က အစောဆုံး ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပေမယ့် အခုထိ အတည်မပြုသေးပါဘူး။
ကင်မ်ဂျုံအွန်းကလည်း ဆိုးလ်မြို့ကို သွားပြီး ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ထပ်လုပ်ဖို့ စီစဉ်ထားပေမယ့် အခုထိ အတည်မပြုသေးပါဘူး။