ရာသီဥတု အပြောင်းအလဲနဲ့ သဘာဝဘေး - ထိခိုက်ခံရနိုင်ခြေအများဆုံးနိုင်ငံများ

    • ရေးသားသူ, ဘီဘီစီ မွန်ဒို
    • ရာထူးတာဝန်, ဘီဘီစီ စပိန်စကားပြောဌာန
  • ရေးသားခဲ့သည်။

ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်အများဆုံး ခံရနိုင်ခြေရှိတဲ့ နိုင်ငံစာရင်းကို သုတေသနပြုလေ့လာချက် တစ်ခု ထွက်လာပါတယ်။ အဲဒီစာရင်းအရ ရာသီဥတုပြောင်းလဲမှုကြောင့် အပါအဝင် သဘာဝဘေးဒဏ် အဆိုးဆုံး ခံရနိုင်တဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံစာရင်းမှာ ၉ ခုက ကျွန်းနိုင်ငံတွေ ဖြစ်နေတာ တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဘေးအန္တရာယ်ဆိုင်ရာအစီရင်ခံစာက နိုင်ငံ ၁၇၂ နိုင်ငံမှာ မြေငလျင်၊ ဆူနာမီဒီလှိုင်း၊ ဟာရီကိန်းမုန်တိုင်းနဲ့ ရေကြီးရေလျှံခြင်းစတဲ့ သဘာဝဘေးဒဏ်တွေ ရင်ဆိုင်ရနိုင်ခြေ အလားအလာနဲ့ အဲဒီ ဘေးအန္တရာယ်တွေကို ဘယ်လို ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသလဲဆိုတဲ့ အခြေအနေတွေကို သုံးသပ်လေ့လာထားတာ ဖြစ်ပါတယ်။

အဲဒီလေ့လာချက်ကို ဂျာမနီနိုင်ငံက ရူဟာဘိုချွန်တက္ကသိုလ်နဲ့ ဂျာမနီက လူမှု အထောက်အကူပြု အန်ဂျီအိုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖွံ့ဖြိုးရေးအကူအညီမဟာမိတ်အဖွဲ့တို့က ပူးတွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုးဆုံး ၁၅ နိုင်ငံ

လေ့လာသူတွေက ကလေးသူငယ်တွေ အပေါ် ထိခိုက်နိုင်မယ့် အလားအလာတွေကို ဦးစားပေး ကြည့်ရှုခဲ့ပါတယ်။

သူတို့ တွေ့ရှိချက်အရတော့ ကမ္ဘာတဝန်းမှာ ကလေး လေးယောက်ထဲက တစ်ယောက်ဟာ သဘာဝဘေးဒဏ်ခံနေရတဲ့ ဒေသတွေမှာ နေနေကြတာတွေ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ စာရင်းဇယားတွေအရလည်း ၂၀၁၇ ခုနှစ်မှာ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် နေရပ်တွေက စွန့်ခွာထွက်ပြေးခဲ့ရသူတွေထဲက တဝက်ကျော်ဟာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာသူ တွေက ကလေးသူငယ်တွေ အပေါ် ထိခိုက်နိုင်မယ့် အလားအလာတွေကို ဦးစားပေး ကြည့်ရှုခဲ့ပါတယ်။

ဒီစာရင်းထဲမှာ ကျွန်းနိုင်ငံတွေ တော်တော်များများ ပါနေတာ တွေ့ရပါတယ်။ ဒါကလည်း ကျွန်းတွေမှာ ပင်လယ်ရေပြင်မြင့်တက်လာခြင်း အပါအဝင် ရာသီဥတုပြောင်းလဲမှုက ပေးလာတဲ့ အန္တရာယ်တွေ ကြုံရနိုင်ခြေ ပိုများလို့ ဖြစ်ပါတယ်။

တောင်ပစိဖိတ်ပင်လယ်ထဲက ဗင်နွားတူကျွန်းနိုင်ငံကလေးဟာ သဘာဝဘေးအန္တရာယ်နဲ့ အဆိုးဆုံး ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံအဖြစ် လေ့လာချက်က တွေ့ရပါတယ်။ သူ့နောက်က ကပ်လိုက်တာကတော့ အိမ်နီးချင်း တွန်ဂါကျွန်းနိုင်ငံပါပဲ။

မြန်မာနိုင်ငံကတော့ အခုစာရင်းအရ အမှတ်စဉ် ၆၄ မှာ ရှိနေပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ အန္တရာယ်အနည်းဆုံးက စင်္ကာပူဖြစ်ပြီး သူ့နောက်မှာ ထိုင်း၊ မလေးရှားတို့ ရှိပါတယ်။ ပြီးမှ မြန်မာ ဖြစ်ပြီး ကျန်တဲ့ နိုင်ငံတွေက မြန်မာထက် အန္တရာယ်နဲ့ ပိုရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ကျွန်းနိုင်ငံတွေ

အရှေ့တောင်အာရှက ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ တတိယနေရာမှာ ရှိပါတယ်။ ဖိလစ်ပိုင်မှာ လူဦးရေက ၁ဝ၄ သန်းကျော်ရှိပါတယ်။

သမုဒ္ဒရာဒေသက နိုင်ငံတွေမှာ သဘာဝဘေးဒဏ်ခံရနိုင်ခြေ အများဆုံး ဖြစ်တယ်လို့ ဂျာမန်လေ့လာသူတွေ တွေ့ရှိခဲ့ပေမယ့် အာဖရိကနိုင်ငံတွေလည်း မလွတ်ပါဘူး။ အန္တရာယ် အရှိနိုင်ဆုံး ထိပ်ဆုံး နိုင်ငံ ၅ဝ ထဲမှာ အာဖရိကက တော်တော် များများ ပါနေပါတယ်။ ဒီနိုင်ငံတွေဟာလည်း သဘာဝဘေးဒဏ်တွေ ကြုံရနိုင်သလို အဲဒီလိုဘေးဒဏ်တွေ ခံရပြီဆိုရင် လူမှုဒုက္ခတွေ အများဆုံးကြုံရနိုင်တဲ့ ထိပ်ဆုံး နိုင်ငံ ၁၅ နိုင်ငံထဲမှာဆို အာဖရိကက ၁၃ နိုင်ငံတောင် ပါနေပါတယ်။

အခုလေ့လာချက်အရ အန္တရာယ်အနည်းဆုံး နိုင်ငံကတော့ အရှေ့အလယ်ပိုင်းက ကာတာနိုင်ငံဖြစ်ပါတယ်။

လူမှု ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်ခြေ

ပြင်းထန်ဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ကြိုတင်တားဆီးလို့ မရနိုင်တာမျိုးဖြစ်တာမို့ ကြိုတင်ကာကွယ်တာ၊ ပြင်ဆင်တာတွေ လုပ်ဖို့လိုအပ်တဲ့အကြောင်းကို သုတေသနပြုသူတွေက အဓိက မီးမောင်းထိုးပြခဲ့ကြပါတယ်။ ဥပမာ အားဖြင့် ပြီးခဲ့တဲ့ နွေရာသီကာလက ဥရောပနိုင်ငံတွေမှာ အပူလှိုင်းတွေ ဖြတ်လို့ မိုးခေါင်ရေရှားပြီး သီးနှံအထွက်နှုန်းထိခိုက်တဲ့ ဒဏ်ခံရချိန်က အဲဒီနိုင်ငံတွေ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ခဲ့သလဲဆိုတာကို သူတို့က ညွှန်ပြပါတယ်။ မိုးခေါင်တဲ့ ဒဏ်ခံရတဲ့ နိုင်ငံတွေက ပုံမှန်အားဖြင့် ပြင်ဆင်ထားမှု အားကောင်းလို့ အန္တရာယ်ဆိုးကြီး ရင်ဆိုင်ရနိုင်တဲ့ အနေအထား နည်းပါးတဲ့ နိုင်ငံတွေ ဖြစ်နေတော့ ပိုပြီးဆိုးတဲ့ ကပ်ဘေးကြီး အထိ ဖြစ်မသွားခဲ့ တော့ဘူးပေါ့လို့ ရူဟာဘိုချွန် တက္ကသိုလ် က ပါမောက္ခ ကက်ထရင်ရတ်ကေးက ပြောပါတယ်။

အခု အန္တရာယ်ကြုံနိုင်ခြေ ညွှန်းကိန်းကို ပြုစုတဲ့နေရာမှာ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေကိုသာမက အဲဒီလို ဘေးတစ်ခု ကြုံလာခဲ့ရရင် ဘယ်လောက်အထိ ထိထိရောက်ရောက် ရင်ဆိုင်နိုင်စွမ်းရှိသလဲ၊ ဘယ်လောက် ပြင်ဆင်ထားပြီလဲ ဆိုတာကိုပါ ထည့်တွက်တယ်လို့ ဆိုပါတယ်။ ဥပမာ အဆောက်အဦတွေကို ဘယ်လို စံနှုန်းတွေနဲ့ ဆောက်ထားသလဲ၊ တိုင်းပြည်ရဲ့ ဓနအင်အားက ဘယ်လောက်ရှိသလဲ၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်မှု ဘယ်လောက် ရှိထားသလဲဆိုတဲ့ အချက်တွေကိုပါ ထည့်တွက်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မြေငလျင်ဒဏ် ခဏခဏ ခံရလေ့ရှိတဲ့ ဂျပန် နဲ့ ချီလီတို့ဟာ အန္တရာယ်အရှိနိုင်ဆုံး ထိပ်ဆုံး နိုင်ငံ ၂၀ စာရင်းထဲ မပါခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို ရာစုနှစ်နဲ့ ချီပြီး ရင်ဆိုင်နေခဲ့ရတဲ့ ဥရောပက နယ်သာလန်နိုင်ငံ ဆိုလည်း အခု စာရင်းမှာ နံပတ် ၆၅ နေရာမှာပဲ ရှိခဲ့တာပါ။

ဒီနိုင်ငံတွေဟာ သဘာဝက ဖြစ်လာတဲ့ ဘေးအန္တရာယ်တွေကို လျော့ပါး ပပျောက်အောင် မလုပ်နိုင်ပေမယ့် သူတို့ဟာ အန္တရာယ်ကြောင့် အကြီးအကျယ်ထိခိုက်နစ်နာသွားနိုင်တဲ့ နိုင်ငံမျိုးတွေတော့ မဟုတ်ကြဘူး လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အီဂျစ်လို သဲကန္တာရနိုင်ငံတစ်ခုကတော့ သဘာဝဘေးဒဏ်ခံရနိုင်ခြေစာရင်းထဲ ထိပ်က မပါပေမယ့် ဘေးအန္တရာယ်ဖြစ်လာရင် ရင်ဆိုင်နိုင်စွမ်းမရှိလို့ လူမှုဒုက္ခတွေ ကြုံရနိုင်တဲ့ စာရင်းမှာတော့ အီဂျစ်က ဂျပန်ထက် မြင့်နေပါတယ်။ သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ရနိုင်ခြေစာရင်းမှာတော့ အီဂျစ်က နံပတ် ၁၆၆ မှာ ရှိပါတယ်။ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုရမှာပါ။

သဘာဝဘေးဆိုးတွေ ရင်ဆိုင်ရမှုမှာ ၂ဝ၁၈ ခုနှစ်ဟာ တကဲ့ မျက်စိဖွင့်ပေးလိုက်တဲ့ နှစ်ပါပဲ။ အဆိုးဆုံး သဘာဝဘေးတွေကို ရင်ဆိုင်ရာမှာ ကြိုတင်ပြင်ဆင်မှု ရှိခြင်းဟာ သိပ်အရေးကြီးတယ်ဆိုတာ ထင်ထင်ရှားရှားပြလိုက်တာပါပဲလို့ ဖွံ့ဖြိုးရေး အကူအညီ မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ အန်ဂယ်လီကာ ဘိုလင်းက ပြောပါတယ်။