ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ထိပ်တန်း မင်းသမီး ဖန်ပင်းပင်း ဘယ်ရောက်နေသလဲ ပရိသတ်တွေ စိုးရိမ်
- ရေးသားသူ, ကယ်ရီအလန်
- ရာထူးတာဝန်, ဘီဘီစီ မော်နီတာ
- ရေးသားခဲ့သည်။
တရုတ်ပြည်မှာ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် တယောက် ဘယ်ရောက်နေသလဲ လူမှုကွန်ရက်တွေမှာ မေးမြန်းနေကြပါတယ်။
ဖန်ပင်းပင်းဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တယောက် ဖြစ်ပြီး ဇူလိုင်လ ၁ ရက် နောက်ပြီး သူ့ကို လူကြားထဲမှာ မတွေ့ရဘဲ ပျောက်နေပါတယ်။
ဝေဘို တရုတ် ကွန်ရက်မှာလည်း သူ လုံးဝ အသံတိတ်နေတာကို လူတွေက သတိထားမိကြပါတယ်။ အဲဒီမှာ သူ့နောက်လိုက်က ၆၂ သန်းကျော် ရှိပါတယ်။
ဇူလိုင် ၂၃ ရက် ကစပြီး သူ့လှုပ်ရှားမှုတွေ အင်တာနက်မှာ မတွေ့ ဖြစ်နေပါတယ်။
မေလကလည်း ရုပ်သံ တင်ဆက်သူ တယောက်က ဖန်ပင်းပင်းကို အခွန်ရှောင်တယ်လို့ စွပ်စွဲပါတယ်။ သူ့ရဲ့ စတူဒီယိုဘက်က ဒါကို ပယ်ချပါတယ်။
သူ အခု ဘယ်ရောက်နေတယ် ဆိုတာကိုတော့ မသိရပါဘူး။
လူမှုကွန်ရက်ပေါ်က သောက
ပင်းပင်းကို အဆိုတော် ကိုယ်ဟန်ပြမယ်နဲ့ X-Men ရုပ်ရှင် ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်သူ အဖြစ် ကမ္ဘာက သိပါတယ်။
သူ့ဝက်ဆိုက်ကိုလည်း ကြည့်သူများပြီး သူ့ပို့စ်တွေအောက်မှာ မှတ်ချက် ထောင်ချီ ရပါတယ်။
ဒါကြောင့် အင်တာနက်မှာ သူဘာမပြောဘဲ ငြိမ်နေတာကို သိန်းချီတဲ့ လူမှုကွန်ရက် သုံးသူတွေက စိုးရိမ်လာကြပါတယ်။
ဒါကြောင့် ဇွန်လ ၂ ရက်က သူတင်ခဲ့တဲ့ ပို့စ်အောက်မှာ မှတ်ချက်တွေ ရေးပြီး သူနေကောင်း ကျန်းမာကြောင်း ကြေညာပေးဖို့ တောင်းဆိုနေကြပါတယ်။
ဖန်ပင်းပင်းကို ချစ်တယ်လို့ လူအများအပြားက ရေးနေကြပြီး တယောက်ကတော့ အဖြေရအောင် စောင့်မယ်လို့ ဆိုပါတယ်။
တချို့ကလည်း သူအဖမ်းခံနေရပြီလား စဉ်းစားနေကြပါတယ်။ သူ့ကို အခွန်ရှောင်မှုနဲ့ အစိုးရက ဖမ်းသလား တွက်ဆနေကြတာ ဖြစ်ပါတယ်။
တချို့ နာမည်ကြီး သရုပ်ဆောင်တွေက အလုပ်ကန်ထရိုက် အတုနဲ့ အစစ်နှစ်ခု ထားပြီး အခွန်ရှောင်လေ့ ရှိကြပါတယ်။
ဒီအတွက် ဇွန်လကတည်းက မင်းသမီးမှာ ဒီလို စာချုပ်အတု အစစ်တွေ မရှိပါကြောင်း သူ့ စတူဒီယိုဘက်က ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ် လို့လည်း သူတို့က ဆိုပါတယ်။ ပရိသတ်ရဲ့ သံသယတွေ ပျောက်အောင် စုံစမ်းရေး အစီရင်ခံစာ မကြာခင် ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရေးသားထားပါတယ်။
အပိတ်ခံရတဲ့သတင်း
သူ့ကို စစ်ဆေးနေတယ် ဆိုပြီး အရင်ပတ်က စီးပွားရေး သတင်းစာတစောင်က ဖော်ပြခဲ့ပြီးနောက် လူမှုကွန်ရက်တွေမှာ စိုးရိမ်မှုတွေ ပိုများလာပါတယ်။
သူ့ဝန်ထမ်း တော်တော်များများကို ရဲက ခေါ်စစ်နေတယ် ဆိုပြီး ဇူလိုင်လ ၂၆ ရက်က စီးပွားရေး စောင့်ကြည့် သတင်းစာကနေ ရေးသားခဲ့တာပါ။ သူ့မောင်ဖြစ်သူလည်း တရုတ်ပြည်ကနေ ပြည်ပ မထွက်ခွင့်ပိတ်ထားတယ်လို့ သူတို့က ဆိုပါတယ်။ ဒီအကြောင်းကိုတော့ မောင်ဖြစ်သူက ဘာမှတ်ချက်မှ မပေးပါဘူး။
ဒီဆောင်းပါးကို အင်တာနက်ကနေ ချက်ချင်း ဖြုတ်ချထားလိုက်ပါတယ်။ ဒီအကြောင်း ဖော်ပြတဲ့ ပို့စ်တွေ ကိုလည်း ဝေဘို လူမှုကွန်ရက်ကနေ စိစစ် ဖြတ်တောက်ခဲ့ပါတယ်။
ဒီထဲမှာ တရုတ် အစိုးရနဲ့ ဆိုင်တဲ့ မီဒီယာတွေတောင် အစိစစ်ခံရတာပါ။
တရုတ်ပြည်က စီးပွားရေး သတင်းစာတွေဟာ လွတ်လပ်စွာ ရေးလေ့ရှိပေမယ့် အကြောင်းအရာကို လိုက်ပြီး မကြာခဏ အစိုးရရဲ့ စိစစ်တာကို ခံရတတ်ပါတယ်။
မီဒီယာတွေက အရိပ်အမြွက်
အဓိက မီဒီယာကြီးတွေမှာ ပင်းပင်း ဘယ်ရောက်နေသလဲ ဆိုတဲ့ သတင်းမျိုးတွေ ပါလေ့ မရှိဘဲ လက်ရှောင်နေပါတယ်။
သူ စာချုပ်ချုပ်ထားတဲ့ ဟွာရီ ညီနောင် ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုး အရင်ပတ်က ၇ ရာခိုင်နှုန်းထိ ထိုးကျသွားတာကိုလည်း စီးပွားရေး သတင်းရပ်ကွက်က ထောက်ပြပါတယ်။ ကုမ္ပဏီဘက်ကတော့ ဒါဟာ ပင်းပင်းနဲ့မဆိုင်ဘူး လို့ပဲ ထုတ်ပြန်ပါတယ်။
မစ္စ ပင်းပင်းကို ဖမ်းထားတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ် လို့ အွန်လိုင်း မီဒီယာတခုက ဖော်ပြပါတယ်။ ဒီအတွက် မီဒီယာတွေနဲ့ ပရိသတ်ရဲ့ မေးမြန်းမှုကို သူ့စတူဒီယိုဘက်က မတုံ့ပြန်ဘူးလို့လည်း ဆိုပါတယ်။
သူ့ရုံးဝန်ထမ်းတွေကို စစ်ဆေးနေလို့ ဖြစ်နိုင်တယ်လို့လည်း တချို့က ရေးကြပါတယ်။ ခုချိန်ထိတော့ သက်ဆိုင်သူတွေဘက်က ဘာမှ ထုတ်မပြောသေးပါဘူး။