ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်လေယာဉ်မှူး စီးကရက်ကြောင့် လေယာဉ်ဇောက်ထိုးကျ
အဲချိုင်းနား တရုတ် လေကြောင်းလိုင်းရဲ့ တွဲဘက် လေယာဉ်မှူး ဟာ လေယာဉ်ပျံနေချိန် အီးစီးကရက် သောက်နေခဲ့တာကို ဖွက်ဖို့ ကြိုးစားရင်း လေယာဉ် အရေးပေါ် ဆင်းသက် ခဲ့ရတာဟာ မှားယွင်းဖြစ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူ တွေက ကောက်ချက်ချပါတယ်။
အဲဒီ လေယာဉ်က ဟောင်ကောင်ကနေ ဒါလီယန် ကို ပျံသန်းခဲ့တာပါ။
တရုတ် သတင်းမီဒီယာတွေမှာတော့ အဲဒီလေယာဉ်မှူးက သူသောက်နေတဲ့ အီးစီးကရက်ရဲ့ အငွေ့တွေ ခရီးသည်တွေဆီမရောက်အောင် လေဝင်လေထွက်စနစ်ကို ပိတ်ခဲ့တာလို့ ပြောနေကြပါတယ်။
လေယာဉ်ကပ္ပတိန်ကို မပြောဘဲ ပိတ်ခဲ့တာပါ။
ဒါပေမဲ့ သူက မှားယွင်းပြီး လေယာဉ်ရဲ့ လေအေးပေးစက်ကို ပိတ်လိုက်တဲ့အတွက် လေယာဉ်ပေါ်မှာ အောက်ဆီဂျင် နည်းသွားခဲ့ပါတယ်။
လေယာဉ်ဆင်းမှာမို့ သူတို့ခါးပတ်တွေ တင်းတင်းပတ်ထားဖို့ လေယာဉ်မှူးက ပြောတယ်လို့ လေယာဉ်စီးခရီးသည်တွေက ဆိုပါတယ်။
အဲဒီနောက် အောက်စီဂျင် မျက်နှာဖုံးတွေ ကျလာပြီး လေယာဉ်ကို ပေနှစ်သောင်းကျော် ထိုးဆင်းခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ခန်းတွင်း ဖိအားကျဆင်းသွားရင် လေယာဉ်ကို စိတ်ချရအောင် အနိမ့်ကို ထိုးဆင်းရတာ ဖြစ်ပါတယ်။
ပြဿနာ ဘာဖြစ်မှန်း မသိခင်မှာ အရေးပေါ် ဆင်းဖို့ လုပ်ပြီး အောက်ဆီဂျင် မျက်နှာဖုံးတွေ ချပေးခဲ့ရတာပါ။
လေအေးပေးစက် ခလုတ်ပိတ်ထားတာကို တွေ့မှ ပြန်ဖွင့်ပြီး လေယာဉ်ကို ပုံမှန် အမြင့်ရောက်အောင် ပြန်ပြီး ပျံသန်းရပါတယ်။
လေယာဉ်အမှုထမ်းတွေရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး လုံးဝသည်းမခံတဲ့မူကို ကျင့်သုံးတယ်လို့ လေကြောင်းလိုင်းက ကတိပြုကြောင်း တရုတ် လူမှုကွန်ယက် ဝေဘိုမှာ ရေးသားထားပါတယ်။
တရုတ် လေကြောင်း အမှုထမ်းတွေကို ဆေးလိပ်သောက်ခွင့်မပေးသလို လေယာဉ်ပေါ်မှာ အီးစီးကရက် သောက်တာကိုလည်း ၂ဝဝ၆ ကတည်းက ပိတ်ထားပါတယ်။
ဒါပေမဲ့ တရုတ်လေယာဉ်မှူးတွေ လေယာဉ်ပေါ် ဆေးလိပ်သောက်တာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကတော့ ရှိနေပါတယ်။
၂ဝ၁၅ တုန်းက ဟောင်ကောင်က ဘေဂျင်းကိုသွားတဲ့ လေယာဉ်တစင်းပေါ်မှာ မီးခိုးနံ့ရတယ် ဆိုပြီး ခရီးသည်တွေက ပြောလို့ တရုတ်အစိုးရ ရေဒီယိုက မေးမြန်းခဲ့ပါတယ်။