ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ဆန့်ကျင်ရေးသမား အီရတ်ရွေးကောက်ပွဲမှာ အနိုင်ရ
အမေရိကန်ဦးဆောင်တဲ့ အဖွဲ့တွေ အီရတ်နိုင်ငံကို ကျူးကျော်ခဲ့မှုအပေါ် ဆန့်ကျင်တဲ့ ရှီအာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ မိုတာဒါ ဆာဒါးဟာ ကျင်းပခဲ့တဲ့ အီရတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
သူဟာ ရှီအာ ဘာသာရေးခေါင်းဆောင်တဦးလည်း ဖြစ်ပြီး အီရန်တွေရဲ့ အီရတ်နိုင်ငံအတွင်း ပါဝင်ပတ်သက်မှုကိုလည်း ဆန့်ကျင်သူဖြစ်ပါတယ်။
ရွေးကောက်ပွဲအနိုင်ရခဲ့ပေမဲ့ သူဟာဝန်ကြီးချုပ်မဖြစ်နိုင်တဲ့အတွက် အသစ်ဖွဲ့မယ့် အစိုးရအဖွဲ့မှာတော့ အဓိကကျတဲ့ နေရာကို ယူသွားမယ်လို့ မျှော်လင့်ရသူပါ။
လက်ရှိဝန်ကြီးချုပ်ဟိုင်ဒါ အဘာဒီကတော့ တတိယနေရာမှာပဲရှိနေခဲ့ပြီး အီရန်လိုလားသူ မဟာမိတ်အုပ်စုတွေရဲ့ နောက်မှာ ရှိနေခဲ့တာပါ။
ဘာသာရေးခေါင်းဆောင်တဦးအနေနဲ့ ဘေးမှာနေပြီး အီရန်နောက်ခံပေးထားတဲ့ မဟာမိတ်အုပ်စုအပေါ် အနိုင်ရခဲ့တဲ့ မစ္စတာ ဆာဒါးရဲ့ အနိုင်ရရှိမှုဟာ ထူးခြားတဲ့အနိုင်ရရှိမှုဖြစ်ပါတယ်။
အစ္စလာမ်မစ် IS အဖွဲ့တွေကို နှင်ထုတ်ခဲ့တဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်းကစလို့ ဒီရွေးကောက်ပွဲဟာ အီရတ်မှာ ပထမဆုံးအကြိမ်ပြန်လည် ကျင်းပတဲ့ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
အင်အား ၅၀၀၀ လောက်ရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အီရတ်မှာ ရှိနေဆဲဖြစ်ပြီး အီရတ် တပ်ဖွဲ့ဝင်တွေကို ကူညီမှုတွေပေးနေတာလည်းဖြစ်ပါတယ်။
စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရတော့ မစ္စတာ ဆာဒါးရဲ့ ဆေရွန်မဟာမိတ်အဖွဲ့ဟာ နေရာ ၅၄ နေရာအနိုင်ငရခဲ့ပြီး မစ္စတာ အဘာဒီကတော့ ၄၂ နေရာရခဲ့ပါတယ်။
အီရန်လိုလားသူ အုပ်စုတွေကတော့ ၄၇ နေရာ ရရှိခဲ့တာပါ။
မစ္စတာ ဆာဒါးရဲ့ အမျိုးသားရေးမဟာမိတ် အဖြစ် ဘာသာရေးအခြေမခံတဲ့ ကွန်မြူနစ်ပါတီအပါအဝင် ပါတီ၆ ခုရှိနေပြီး နေရာ ၃၂၉ နေရာရှိတဲ့အနက် ၅၅ နေရာထက်မနည်း သူ့ရဲ့မဟာမိတ်ပါတီတွေက ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့်သူဟာ အစိုးရဖွဲ့ဖို့ဆိုရင် အနည်းငယ်ရှုပ်ထွေးမှုရှိနိုင်တဲ့ မဟာမိတ်ဖွဲ့မှုမျိုးနဲ့ ကြုံရမှာဖြစ်ပါတယ်။