ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှား ရေနံ ယိုဖိတ်မှု ငါးဖမ်းသမား ၄ဦး သေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဘော်နီယို ကျွန်းနားက ပင်လယ်ပြင်မှာ သီတင်းပတ်ကုန် ရက်ပိုင်းက ရေနံ ယိုဖိတ်မှုကြီး ဖြစ်ခဲ့အပြီး အခုအခါ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ရေနံတွေ မီးထလောင် ခဲ့တဲ့အတွက် ဘာလစ်ခ်ပါပန် ဆိပ်ကမ်းမြို့မှာ အနည်းဆုံး ငါးဖမ်းသမား ၄ဦး သေဆုံးခဲ့ပါတယ်။
ယိုဖိတ်နေတဲ့ ရေနံတွေ ကမ်းရိုးတန်း တလျှောက် ပြန့်နှံ့သွားခဲ့ရာမှာ ငါးဖမ်းတဲ့ နေရာတွေမှာလည်း ရေနံတွေ ရောက်ကုန်ပြီး နောက်ထပ် မီးထလောင်မယ့် အန္တရာယ်မျိုး ရှိနေပါတယ်။
ရေနံ ယိုဖိတ်ခဲ့တဲ့ စနေနေ့က စလို့ လူတထောင်ကျော်လောက် အသက်ရှုကြပ်တာတွေ၊ မူးမော် ပျို့အန်တာတွေ ဖြစ်ခဲ့ကြတယ်လို့ ဒေသန္တရ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဘာ့ကြောင့် ရေနံတွေ ယိုဖိတ်ရသလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
အရှေ့ ကယ်လီမန်တန် ပြည်နယ်မှာ ရှိတဲ့ ဘာလစ်ခ်ပါပန်မြို့ဟာ အစိုးရပိုင် ပါတာမီနာ ရေနံ ကုမ္ပဏီပိုင် ရေနံချက်စက်ရုံကြီးတခု ရှိရာ မြို့လည်း ဖြစ်ပါတယ်။
ရေနံတွေ ပင်လယ်ထဲ ဘာ့ကြောင့် ယိုဖိတ်ခဲ့တာလဲ ဆိုတာကို စုံစမ်း စစ်ဆေးမှုတွေ ဆက်လုပ်နေချိန်မှာ ပါတာမီနာ ရေနံကုမ္ပဏီကတော့ သူတို့ရဲ့ ရေအောက် ရေနံပိုက်လိုင်းတွေ ယိုစိမ့်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဘာလစ်ခ်ပါပန်မြို့က ငါးဖမ်းသမားတွေကတော့ ရေနံ ယိုဖိတ်မှုအတွက် အင်ဒိုနီးရှား အစိုးရနဲ့ ပါတာမီနာ ရေနံကုမ္ပဏီတို့ တာဝန်ယူ ဖြေရှင်းပေးဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက် ဆန္ဒပြမှုတခု လုပ်မယ်လို့ ပြောပါတယ်။