အနောက်ဘက်ကမ်းမှာ အဓိကရုဏ်းဖြစ်

ရေးသားခဲ့သည်။

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသမှာ အစ္စရေး လုံခြုံရေးနဲ့ ပါလက်စတိုင်းတွေကြား အချင်းများခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်က ဂျေရုဆလင်ကို အစ္စရေး မြို့တော် အဖြစ် အသိအမှတ်ပြုမယ်လို့ ကြေညာပြီးနောက် ဒီလို အဓိကရုဏ်း ဖြစ်ခဲ့တာပါ။

ဆန္ဒပြသူတွေက ကားတာယာတွေ မီးတင်ရှို့ပြီး ကျောက်တုံး ကျောက်ခဲတွေနဲ့ အစ္စရေး ရဲတွေကို ပစ်ခတ် ခဲ့ပါတယ်။

ရဲတွေဘက်က မျက်ရည်ယို ဗုံး၊ ရာဘာ ကျည်ဆန်တွေနဲ့ လူစုခွဲခဲ့ပါတယ်။

ပါလက်စတိုင်း ၁ဝ ယောက်လောက် ဒဏ်ရာရလို့ ဆေးရုံပို့လိုက်ရပါတယ်။

ထရမ့်ရဲ့ လုပ်ရပ် ကိစ္စမှာ နံဘေးက အိမ်နီးချင်း အာရပ်နိုင်ငံတွေဘက်က သူတို့အတွက် ဆန့်ကျင် ကန့်ကွက်တာ သိပ်မရှိဘူးလို့ ပါလက်စတိုင်း အများစုက ခံစားကြကြောင်း ရာမာလာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပါလက်စတိုင်း လှုပ်ရှားမှု အားကောင်းတဲ့ ဂါဇာမှာတော့ အုံကြွဖို့ ဟားမတ်စ် အဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့ ဆက်သွယ် ပြောဆိုနေကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောပါတယ်။