ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး ၃ ဦးကို ပါလက်စတိုင်း ပစ်သတ်
အနောက်ဘက်ကမ်းခြေက ဂျူးအခြေချရပ်ကွက်သစ်ဖြစ်တဲ့ ဟာအာဒရာမှာ အစ္စရေး ၃ ဦးဟာ ပါလက်စတိုင်း သေနတ်သမားလက်ချက်နဲ့ သေဆုံးသွားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ အဲဒီ သေနတ်သမားဟာလည်း အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေသန်ယာဟုကလည်း ပြစ်တင်ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်ဖြစ်တဲ့ ဂျက်ဆန် ဂရင်းဘလက်ဟာ အစ္စရေလ်းနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့အတွက် ဂျေရုစလင်ကို ရောက်ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတာလည်းဖြစ်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီး အိမ်ဖြူတော်ဘက်က သမ္မတ ဒေါ်နယ်ထရမ့် အာဏာရယူခဲ့တဲ့ ဇန်နဝါရီလကတည်းက ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နှစ်ဘက် တင်းမာရန်စောင်မှုတွေရှိလာခဲ့တဲ့ ၂၀၁၄ ခုနစ် ဧပြီလကစပြီး ဆွေးနွေးပွဲတွေဟာ ရပ်ဆိုင်းခဲ့ရပါတယ်။
သေနတ်သမားဟာ ဟာအာဒါ ရပ်ကွက် ဝင်ပေါက်အနီးမှာ နယ်ခြားရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦးကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သေနတ်သမားဟာ အခြားသူတဦးကို ထပ်မံတိုက်ခိုက် နေစဉ်အတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတာပါ။ တိုက်ခိုက်သူရဲ့ ဖခင်အပါအဝင် စုစုပေါင်း ၄ ဦးဟာ အနောက်ဘက်ကမ်းခြေမှာရှိတဲ့ အစ္စရေးရဲ့ ဂျူးအခြေစိုက် အိမ်ရာတွေ တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ခွင့် ရရှိထားသူတွေဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ ကြေငြာတာမျိုး မရှိကြပေမဲ့ ဂါဇာအခြေစိုက် ဟားမတ်စ် စစ်သွေးကြွတွေနဲ့ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့တို့ကတော့ အခုတိုက်ခိုက်မှုကို ကြိုဆိုကြောင်း ပြောဆိုခဲ့ကြပါတယ်။
ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်ကတော့ အစ္စရေးလ်အနေနဲ့ တိုက်ခိုက်မှုတွေအပေါ် တာဝန်ယူရလိမ့်မယ် ဘာကြောင့်လဲဆိုရင် ပါလက်စတိုင်းတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေ ဆက်လုပ်နေတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေးလ် ဝန်ကြီးချုပ် နေသန်ယာဟုကတော့ တိုက်ခိုက်သူတွေရဲ့ နေအိမ်တွေဟာ ဖျက်ဆီးခံရမှာဖြစ်ပြီး တိုက်ခိုက်သူနဲ့ ပတ်သက်နေတဲ့ သူတို့ ဆွေမျိုးတွေရဲ့ အလုပ်လုပ်နိုင်ခွင့်အတွက် ခွင့်ပြုချက်တွေကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။