ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နော်တင်ဟမ်ဖောရက်စ် ပိုင်ရှင်နဲ့ အာဆင်နယ် ကစားသမားတွေ လက်ဆွဲနှုတ်ဆက်ခဲ့

ရေးသားခဲ့သည်။

အာဆင်နယ် ကစားသမားတချို့ ကိုယ့်ဖာသာ သီးခြားခွဲ နေဖို့ စီစဉ် ခံထားရတာကြောင့် ဒီနေ့ မတ်လ ၁၁ရက်နေ့မှာ ကစားမယ့် မန်စီးတီးနဲ့ အာဆင်နယ် တို့ ကစားကြမယ့် ပွဲစဉ်ကို ရွေ့ဆိုင်းလိုက်ပါတယ်။

ဂရိက အိုလံပီယာကော့စ် ပိုင်ရှင် Evangelos Marinakis ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရ ပြီးနောက်မှာ အခုလို စီစဉ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အသက် ၅၂နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ မရီနာကစ် ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ယူရိုပါလိဂ် ပွဲစဉ်တခုမှာ အာဆင်နယ် ကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက် ခဲ့ဖူးတယ်လို့ အာဆင်နယ်က ပြောပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်း ပိုင်ရှင်လည်း ဖြစ်တဲ့ မစ္စတာ မရီနာကစ် ဟာ ကိုဗစ် နိုင်တင်း စမ်းသပ် စစ်ဆေး တွေ့ရှိရတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ကိုလံပီယာကော့စ် ဟာ မနက်ဖြန် ကြာသပတေး မတ်လ ၁၂ ရက်နေ့မှာ ယူရိုပါလိဂ် ပွဲစဉ် တခု ဖြစ်တဲ့ ဝိုးဖ်စ် အသင်းနဲ့ ကစားဖို့ ရှိပါတယ်။

၁၆ အသင်း ပထမအဆင့် ပွဲစဉ်တွေကို ဖျက်သိမ်းပေးဖို့ ဝိုးဖ် ရဲ့ တောင်းဆိုချက်ကို UEFA က ပယ်ချခဲ့ပြီးနောက် အခုလို ကစားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကတော့ ဒီနေ့ အာဆင်နယ်နဲ့ မန်စီးတီး ပွဲကလွဲလို့ တခြားပွဲစဉ်တွေ အားလုံးကို ရွေ့ဆိုင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားလုံးကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လာမယ့် စနေနေ့ အိမ်ကွင်းမှာ ကစားမယ့် အာဆင်နယ်နဲ့ ပွဲကို အရင် စီစဉ်ထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဘရိုက်တန် အသင်းက ပြောပါတယ်။

ဘောလုံးသမားတွေ သီးခြား ခွဲနေရမယ့် ကာလ အတိုင်းအတာက လာမယ့် ကြာသပတေး ဆိုရင် ပြီးဆုံးသွားပြီမို့ ပွဲဖျက်ဖို့ အစီအစဉ် ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်လို့ ဘရိုက်တန် က ပြောပါတယ်။

မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက် အရ ယူကေမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ယောက်ရှိပြီး ကူးစက်ခံထားရသူ ၃၈၂ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဖျားတက် ၊ ချောင်းဆိုး နဲ့ အသက်ရှုကြပ်တဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိတဲ့ ကိုဗစ်နိုင်တင်း ရောဂါဟာ ကမ္ဘာတလွှား ကူးစက်ပျံ့နှံ့လျက်ရှိကာ လူတစ်သိန်း တစ်သောင်း ခြောက်ထောင်မှာ ဒီရောဂါပိုး တွေ့ရပါတယ်။

ဒီရောဂါ ကူးစက်မှုကြောင့် ကမ္ဘာတလွှား အားကစားပွဲတွေ အပေါ် ရိုက်ခတ်မှု ရှိနေပြီး အီတလီမှာ ဆိုရင် စီးရီးအေ ပွဲတွေ ရပ်ဆိုင်းခဲ့ရသလို ပြင်သစ်နဲ့ စပိန် ထိပ်တန်း ပွဲတွေကိုလည်း ကွင်းပိတ်ကာ ပရိသတ် မရှိဘဲ ကစားခဲ့ရပါတယ်။

မန်ယူ ၊ ရိန်းဂျားစ် နဲ့ ချယ်လ်ဆီး တို့ပါတဲ့ ဥရောပ ဘောလုံး ပွဲစဉ်တွေကို သြစတြီးယား နဲ့ ဂျာမနီမှာ လာမယ့် ရက်တွေက ကစားဖို့ ရှိရာ အခုလို ကွင်းပိတ်ပြီး ကြည့်သူမဲ့ ကန်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အခု မန်စီးတီးနဲ့ အာဆင်နယ် တို့ရဲ့ ရွှေ့ဆိုင်းထားရတဲ့ ပွဲစဉ်ဟာ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သက်ရောက်မှု ရှိလာတဲ့ ကစားပွဲ ဖြစ်ပါတယ်။