အိုဇေးရဲ့ မှတ်ချက်ကြောင့် အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ပွဲကို တရုတ် နိုင်ငံပိုင် CCTV မလွှင့်ဖို့ ဆုံးဖြတ်

ရေးသားခဲ့သည်။

အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ဟာ တရုတ်ပြည်အတွင်း ဝီဂါ လူမျိုးစုတွေ အပေါ် တရုတ် အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို မှတ်ချက်ပေးခဲ့မှုကြောင့် မကြာခင် ကန်တော့မယ့် အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲကို တရုတ် နိုင်ငံမှာ ထုတ်လွှင့်ပြသမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်းကတော့ မူလက ပရီးမီးယားလိဂ် ပွဲတွေကို အဓိက ပြသနေတာဖြစ်ပြီး အိုဇေးလ်က ဝီဂါ လူမျိုးစုဘက်ကတော့ ထောက်ခံ အားပေးခဲ့တဲ့ မှတ်ချက် စကားတွေကြောင့် တိုက်ရိုက် ထုတ်လွှင့်ဖို့ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ဝီဂါ ဆိုတာ တရုတ်ပြည်ကြီးကနေ တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား လူမျိုး ၅၅ ခုထဲမှာ တစ်ခုဖြစ်ပြီး တာကစ် နွယ်ဝင် လူမျိုးတွေ ဖြစ်ပါတယ်။ အဲ့ဒီ လူမျိုးတွေဟာ ကမ္ဘာ့မှာ ၁၃သန်းနီးပါးလောက်ရှိတယ်လို့ စစ်တမ်းတွေမှာတော့ ဖော်ပြထားပြီး အဲ့ဒီထဲက ၁၁သန်းကျော်က တရုတ်နိုင်ငံအတွင်း Xinjiang ဒေသမှာ နေထိုင်နေကြတာပါ။ ကျန် အနည်းစုကတော့ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ ဥဇဘတ်ကစ္စတန် နိုင်ငံတွေမှာ နေထိုင်ကြတာပါ။

လက်ရှိမှာ တရုတ် အစိုးရဟာ သူတို့နိုင်ငံရဲ့ ကွန်မြူနစ်ပါတီ အငွေ့အသက်တွေကို ဘာသာမတူ၊ ကိုးကွယ်မှုမတူညီတဲ့ လူမျိုးစုတွေ အကြား ပြန့်သွားအောင် နည်းမျိုးစုံနဲ့ လုပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိက အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေကိုလည်း အဲ့ဒီဒေသတွေမှာ ဖွင့်လှစ်ပြီး ပြုလုပ်ခဲ့တာတွေကြောင့် လူ့အခွင့်အရေး စောင့်ကြည့်သူတွေကတော့ Xinjiang ဒေသက ဝီဂါ လူမျိုးတွေကို တရုတ်က ဝါဒ မှိုင်းတွေ တိုက်သွင်းနေတယ်လို့ စွပ်စွဲထားပါတယ်။

ဒီလူမျိုးစုနဲ့ တရုတ်ပြည်မကြီးအကြား အခုလို အပြန်အလှန် ဖြစ်နေချိန် အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်က အဆိုပါ လူမျိုးစုတွေဖက်က ထောင်ခံအားပေးတဲ့ မှတ်ချက်တွေကို ဆိုရှယ် မီဒီယာမှာ ပြုလုပ်ခဲ့ပြီးနောက် တရုတ်ဖက်က အာဆင်နယ်နဲ့ မန်စီးတီးပွဲကို မပြသဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီပွဲအစား ဝုလ်ဖ်နဲ့ စပါးတို့ရဲ့ အစောပိုင်းပွဲကို ပြောင်းလဲ ပြသခဲ့ပါတယ်။

သတင်းတွေအရ ဝီဂါ လူမျိုးစုတွေဖက်က ထောက်ခံခဲ့တဲ့ အိုဇေးလ်ကိုတော့ သူ့ကို စပွန်ဆာ ပေးထားတဲ့ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်း အများစုကတော့ ရပ်တန့်လိုက်တယ်လို့ ဆိုခဲ့ပါတယ်။ တရုတ်ဖက်ကတော့ အိုဇေးလ်လို ကစားသမားရဲ့ အခုလို ပြောဆိုမှုဟာ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ အာဆင်နယ် ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်လို့ ဆိုခဲ့သလို ဘောလုံးသမားတွေနဲ့ ဘာသာရေး၊ နိုင်ငံရေးက လုံး၀ မပတ်သက်သင့်ဘူးလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ အဲ့ဖြစ်ရပ်မှာ ကလပ်အသင်းအနေနဲ့ ကစားသမားရဲ့ မှတ်ချက်နဲ့ လုံး၀ မသက်ဆိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

အိုဇေးလ်နဲ့ တရုတ်ပြည်အကြား အခုလို ဖြစ်နေချိန် Global Times သတင်းစာ ကတော့ အိုဇေးရဲ့ သတင်းဟာ လုပ်ကြံသတင်းသာ ဖြစ်တယ်လို့ ထုတ်ဖော် ရေးသားလာခဲ့ပါတယ်။ သေချာတာကတော့ အားကစားဟာ ဘာသာရေး၊ နိုင်ငံရေးတို့နဲ့ လုံး၀ မပတ်သက်တဲ့ အရာဖြစ်လို့ ပရီးမီးယားလိဂ်နဲ့ ဥရောပ ကလပ်တွေအတွက်လည်း သတိထားစရာ ဖြစ်လာခဲ့ပါတယ်။