နာမည်ကြီးတွေကို ကျော်ပြီး ATP World Tour Final မှာ ဂရိက ဆစ်ဆီပတ်စ် ဗိုလ်စွဲ

ရေးသားခဲ့သည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပတဲ့ ATP World Tour Final မှာတော့ ဂရိက လူငယ်တင်းနစ်သမား စတတ်ဖာနော့ဆစ်ဆီပတ်စ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာ ပထမဆုံးအကြိမ် ဝင်ခွင့်ရတဲ့ ဆစ်ဆီပတ်စ်ဟာ တစ်ပတ်လုံး အကောင်းဆုံး လက်စွမ်းပြခဲ့သလို သြစတြီးယားက ဒိုးမိနစ် သိမ်းကို ၂-၁ပွဲနဲ့ နိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်းစားနေကြတဲ့ နာမည်ကြီး ဂျိုကိုဗစ်၊ နာဒါးလ်တို့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရသလို ဖက်ဒါရာကလည်း ဆီမီးမှာ ဆစ်ဆီပတ်စ်ကို ရှုံးခဲ့ပါတယ်။ လက်ရှိချန်ပီယံ ဗယ်လ်ရာကလည်း ဖိုင်နယ်တက်ခဲ့တဲ့ ဒိုမိနစ် သိမ်းကိုရှုံးခဲ့လို့ ပရိသတ်တွေ မထင်ထားတဲ့ တင်းနစ်သမားနှစ်ယောက် ဗိုလ်လုရတာပါ။

ဖိုင်နယ်မှာ တင်းနစ် သမားနှစ်ယောက်စလုံး အကြိတ်အနယ် ရိုက်ခဲ့ကြသလို လန်ဒန်မှာ လုပ်တဲ့ ATP World Tour Final ပြိုင်ပွဲ သမိုင်းတစ်လျောက် အချိန်အကြားဆုံး ပွဲဖြစ်ခဲ့တာပါ။ ၃ပွဲကို ၂နာရီ ၃၅မိနစ်အထိ ရိုက်ခဲ့ရတဲ့ ဒီပွဲမှာ ဆစ်ဆီပတ်စ်က ၆-၇၊ ၆-၂၊ ၇-၆နဲ့ နိုင်ပြီး သူ့ကစားသမား ဘ၀ အမြင့်ဆုံး ဆုဖလားကို ရခဲ့တာ ဖြစ်ပါတယ်။ အုပ်စုက ထွက်ခဲ့ရပေမယ့် စပိန်က နာဒါးလ်ကတော့ ၂၀၁၉ခုနှစ်ကို ကမ္ဘာ့အဆင့် ၁နေရာနဲ့ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တင်းနစ် သက်တမ်းတစ်လျောက် ၅ကြိမ်မြောက် ရတာလည်း ဖြစ်ပါတယ်။

အအောင်မြင်ဆုံး တင်းနစ်သမားများ

၁) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၆ကြိမ်

၂) ဂျိုကိုဗစ် ( ဆားဘီးယား) - ၅ကြိမ်

၂) လန်ဒယ် ( ချက်) - ၅ကြိမ်

၂) ဆမ်းပရပ်စ် ( အမေရိကန် ) - ၅ကြိမ်

နောက်ဆုံး ၈နှစ် ချန်ပီယံများ

၂၀၁၂ ) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၃) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၄) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၅) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၆) မာရေး ( ဗြိတိန်)

၂၀၁၇) ဒီမီထရော့ဗ် ( ဘူဂေးရီးယား)

၂၀၁၈ ) ဗယ်လ်ရာ ( ဂျာမနီ)

၂၀၁၉) ဆစ်ဆီပတ်စ် ( ဂရိ)