ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချယ်လ်ဆီးနဲ့ လက်စတာတို့က ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိပြီလား
ဒီနှစ် ပရီးမီးယားလိဂ်ရာသီ ပွဲစဉ် ၁၂အပြီးမှာ လမ်းပတ်ရဲ့ ချယ်လ်ဆီးနဲ့ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာတို့က ထိပ်က လီဗာပူးလ်နဲ့ အမှတ်မကွာတဲ့ အနေအထား ကနေ ဖိအားတွေ ပေးနေတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ရာသီအစပိုင်းက အားလုံး အထင်ကြီးခြင်းမရခံရတဲ့ အသင်းတွေဖြစ်ပြီး လက်ရှိမှာတော့ ပုံမှန် ခြေစွမ်းပြပြီး ဆက်တိုက် နိုင်ပွဲတွေနဲ့အတူ မီဒီယာတွေ၊ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာပါ။
လမ်းပတ်ရဲ့ ချယ်လ်ဆီး
လူငယ်ကစားသမားတွေကို အခြေခံပြီး အသင်းကို တည်ဆောက်ထားတဲ့ လမ်းပတ်ရဲ့ ချယ်လ်ဆီးကတော့ အားလုံး မထင်မှတ်လောက်အောင်ကို ပုံစံကောင်း ရနေတဲ့အသင်းပါ။ ချန်ပီယံလိဂ်နဲ့ ပြည်တွင်း ပြိုင်ပွဲတွေကို ဟန်ချက်ညီညီ အကောင်းဆုံး တည်ဆောက်ထားသလို ဝါရင့် ကစားသမားတွေနဲ့ လူငယ်တွေအကြားမှာလည်း နာလည်မှုရှိပြီး အခုဆိုရင် ဆက်တိုက် နိုင်ပွဲတွေ ရတဲ့အထိ ဖြစ်နေတာပါ။ ရာသီအစတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်ကို စူပါကပ်မှာ ၂ပွဲဆက် ရှုံးခဲ့ပေမယ့် အပြောင်းအရွှေ့ဈေးကွက် ပိတ်ပင်ခံထားရတဲ့ အသင်းကို လမ်းပတ် တစ်ယေက် ဆွဲတင်ထားတာကတော့ အံ့မခန်း စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။ လက်ရှိ လမ်းပတ်ရဲ့ အသင်းဟာ ကလပ် သမိုင်းတစ်လျောက် ပြိုင်ပွဲအရပ်ရပ် အဝေးကွင်း ၇ပွဲဆက် နိုင်ထားပြီး အကောင်းဆုံး စံချိန်ကို ရယူနိုင်ခဲ့သလို နောက်ဆုံး ပရီးမီးယားလိဂ် ၆ပွဲကိုလည်း ဆက်တိုက် နိုင်ထားတာပါ။
ချယ်လ်ဆီးရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၈ပွဲရလဒ်
ဝုလ်ဖ် ၂-၅ ချယ်လ်ဆီး
ချယ်လ်ဆီး ၁-၂ လီဗာပူးလ်
ချယ်လ်ဆီး ၂-၀ ဘရိုက်တန်
ဆောက်သမ်တန် ၁-၄ ချယ်လ်ဆီး
ချယ်လ်ဆီး ၁-၀ နယူးကာဆယ်
ဘန်လေ ၂-၄ ချယ်လ်ဆီး
ဝက်ဖို့ဒ် ၁-၂ ချယ်လ်ဆီး
ချယ်လ်ဆီး ၂-၀ ပဲလေ့စ်
ရော်ဂျာရဲ့ လက်စတာ
ဆဲလ်တစ်ကနေ ပြီးခဲ့တဲ့ နှစ်မှာ ပြန်လာခဲ့ပြီး ပရီးမီးယားလိဂ် အသင်းကောင်း တစ်သင်းဖြစ်အောင် စွမ်းဆောင်ထားတဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာကတော့ ချီးကျူးရမယ့်သူပါ။ ၂၀၁၆ခုနှစ် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းထက်ကိုပင် ပိုပြီး အမှတ်ရအောင် စွမ်းဆောင်ပေးထားသလို အသင်းကလည်း ပရီးမီးယားလိဂ် ထိပ်သီး ၆သင်းကိုပင် အခက်တွေ့အောင် ကစားနိုင်ခဲ့တာပါ။ ရော်ဂျာ ရဲ့ အသင်းဟာ ဒီနှစ်ရာသီအတွင်း ၂ပွဲသာ ရှုံးထားသလို အရည်အသွေးမြင့်တဲ့ ကစားသမားတွေနဲ့ တိုက်စစ် အကောင်းဆုံး ပုံစံကို ပြသထားသလို ခံစစ်ကလည်း ပေးဂိုးအနည်းဆုံး ပေးထားရတာပါ။ ရော်ဂျာရဲ့ ကစားကွက်ကြောင့် တိုက်စစ်မှူး ဗာဒီ တစ်ကျော့ပြန် ဂိုးမြူးလာသလို မက်ဂွိုင်းယား မရှိတဲ့ ခံစစ်ကိုလည်း တည်တည်ငြိမ်ငြိမ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
လက်စတာရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၈ပွဲရလဒ်
မန်ယူ ၁-၀ လက်စတာ
လက်စတာ ၂-၁ စပါး
လက်စတာ ၅-၀ နယူးကာဆယ်
လီဗာပူးလ် ၂-၁ လက်စတာ
လက်စတာ ၂-၁ ဘန်လေ
ဆောက်သမ်တန် ဝ-၉ လက်စတာ
ပဲလေ့စ် ဝ-၂ လက်စတာ
လက်စတာ ၂-၀ အာဆင်နယ်
၁၂ပွဲအပြီး အကောင်းဆုံး ရမှတ်
ချယ်လ်ဆီးအတွက်တော့ အရင် နည်းပြဟောင်း မော်ရင်ညို တင်ထားတဲ့ စံချိန်တင် ရမှတ်ကို မမီသေးပေမယ့် လက်ရှိ လမ်းပတ်ရဲ့ အသင်းဟာ ၁၂ပွဲပြီးချိန်မှာ ၂၆မှတ်အထိ ရထားတာပါ။ လက်စတာကလည်း ချယ်လ်ဆီးလိုပဲ ၂၆မှတ်ရထားကြပြီး အဲ့ဒီနှစ်သင်း စလုံးက ၈ပွဲနိုင်၊ ၂ပွဲသရေ၊ ၂ပွဲစီ ရှုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနှစ်သင်းစလုံး ထူးထူးခြားခြား အမှတ်မယူနိုင်ခဲ့တဲ့ ၂ပွဲဟာ တူညီတဲ့ ပြိုင်ဖက်တွေကို ရှုံးခဲ့ကြတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးက ရာသီအစပိုင်းမှာ မန်ယူကို ၄ဂိုးပြတ်၊ လီဗာပူးလ်ကို အိမ်ကွင်းမှာ ၂-၁ဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပြီး လက်စတာကတော့ မန်ယူနဲ့ လီဗာပူးလ်တို့ကို အဝေးကွင်းတွေမှာ ကပ်ရှုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားအရ နှစ်သင်းစလုံးက ၂၆မှတ်ရထားလို့ ထိပ်က လီဗာပူးလ်ကို ဖိအားပေးနိုင်တာတော့ သေချာပါတယ်။
ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိပြီလား
ချယ်လ်ဆီးနဲ့ လက်စတာတို့ဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံမှာရှိနေကြတဲ့ အသင်းတွေဖြစ်သလို လက်ရှိ ခြေစွမ်းတွေအရ နာမည်ကျော် ဘောလုံးသမားဟောင်းတွေကတော့ ချန်ပီယံကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ဆိုနေကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားကတော့ လက်စတာဟာ ချန်ပီယံဆုကိုပင် ရနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သူတို့မှာ ကစားသမားတွေရှိတယ်။ အပတ်တိုင်းမှာလည်း လိုချင်တဲ့ ရလဒ်ကို ယူနိုင်စွမ်းရှိတယ်။ သူတို့ဟာ ထိပ်သီး ၂သင်းကို စိန်ခေါ်နိုင်စွမ်းရှိပြီး ဖလားလုရမယ့် အသင်းထဲမှာထည့်သွင်းလို့ ရပြီလို့ ဆိုပါတယ်။
မန်ချက်စတာ ကလပ်တွေရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အိုဝင် ဟားဂရေ့စ်ကတော့ ချယ်လ်ဆီးအနေနဲ့ ခံစစ်ပိုင်းကို ဒီထက်ပိုပြီး တည်ငြိမ်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လမ်းပတ်ရဲ့ အသင်းက ချန်ပီယံလုပွဲမှာ ပါလာနိုင်မယ့်အသင်းပါ။ လူငယ်တွေ၊ လူကြီးတွေ မျှတနေတဲ့ ချယ်လ်ဆီးအတွက် အခွင့်ရှိတယ်လု့ိ ဆိုခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလုပွဲ အခွင့်အရေး
ချယ်လ်ဆီးက နောက်ဆုံး ၆ပွဲဆက်တိုက် အနိုင်ရထားပြီး သူတို့ ပရီးမီးယားလိဂ် ရခဲ့တာက ၂၀၁၇ခုနှစ်မှာ ကွန်တေနဲ့ပါ။ လက်စတာကလည်း ၄ပွဲဆက် နိုင်ထားပြီး ၂၀၁၆မှာ ချန်ပီယံဖြစ်ခဲ့ဖူးသလို အားလုံး မထင်မှတ်အောင် တစ်ကျော့ပြန် လုပ်ပြနိုင်မလား စိတ်ဝင်စားစရားပါ။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး ပုံစံမှာ ရှိနေပြီး တိုက်စစ်ပိုင်းကလည်း ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ နှစ်သင်းစလုံးရဲ့ အနေအထားကြောင့် ချယ်လ်ဆီးရော၊ လက်စတာတို့ပါ ချန်ပီယံလုမယ့် အသင်းတွေထဲ ပါဝင်လာဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးရဲ့ ပြည်တွင်း အောင်မြင်မှု
ပရီးမီးယားလိဂ် - ၅ကြိမ်
အက်ဖ်အေကပ် - ၈ကြိမ်
လိဂ်ကပ် - ၅ကြိမ်
ကွန်မြူနတီဒိုင်း - ၄ကြိမ်
လက်စတာ ရဲ့ ပြည်တွင်း အောင်မြင်မှု
ပရီးမီးယားလိဂ် - ၁ကြိမ်
အက်ဖ်အေကပ်( ဒုတိယ) - ၄ကြိမ်
လိဂ်ကပ် - ၃ကြိမ်
ကွန်မြူနတီဒိုင်း - ၁ကြိမ်
ချယ်လ်ဆီးရဲ့ လာမယ့်ပွဲစဉ် ၁၀ပွဲ
မန်စီးတီး - ချယ်လ်ဆီး
ချယ်လ်ဆီး - ဝက်စ်ဟမ်း
ချယ်လ်ဆီး - ဗီလာ
အဲဗာတန် - ချယ်လ်ဆီး
ချယ်လ်ဆီး - ဘွန်းမောက်
စပါး - ချယ်လ်ဆီး
ချယ်လ်ဆီး - ဆောက်သမ်တန်
အာဆင်နယ် - ချယ်လ်ဆီး
ဘရိုက်တန် - ချယ်လ်ဆီး
ချယ်လ်ဆီး - ဘန်လေ
လက်စတာရဲ့ လာမယ့်ပွဲစဉ် ၁၀ပွဲ
ဘရိုက်တန် - လက်စတာ
လက်စတာ - အဲဗာတန်
လက်စတာ - ဝက်ဖို့ဒ်
ဗီလာ - လက်စတာ
လက်စတာ - နော့ဝစ်ချ်
မန်စီးတီး - လက်စတာ
လက်စတာ - လီဗာပူးလ်
ဝက်စ်ဟမ်း - လက်စတာ
နယူးကာဆယ် - လက်စတာ
လက်စတာ - ဆောက်သမ်တန်