စင်ကာပူ ဂရင်းပရီမှာ ဖာရာရီက ဗက်တဲလ် ဗိုလ်စွဲ

ရေးသားခဲ့သည်။

၂၀၁၉ခုနှစ် စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်း ကာမောင်း ပြိုင်ပွဲမှာတော့ နာမည်ကြီး ဖာရာရီအသင်းရဲ့ ဂျာမန် ကာမောင်းသမား ဗက်တဲလ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီအတွင်း အသင်းဖော်ရဲ့ ဖိအားပေးမှုကို ခံနေရပြီး အမှားများစွာ ကျူးလွန်နေတဲ့ ဗက်တဲလ်အတွက် ပထမဆုံး ချန်ပီယံဖြစ်တာလည်း ဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ အကြိုစမ်းသတ်မောင်းနှင်မှုမှာ အကောင်းဆုံး စံချိန်ရခဲ့တဲ့ ဖာရာရီက Leclerc က ထိပ်ဆုံးမှာ တာထွက်ခွင့်ရခဲ့ပြီး မာစေးဒီးစ်က ဟာမီလ်တန်က ဒုတိယ၊ ဗက်တဲလ်က တတိယနေရာက ထွက်ခဲ့ရတာပါ။ စင်ကာပူရဲ့ညပိုင်းမှာ မောင်းတဲ့ ဒီပြိုင်ပွဲမှာ Leclerc က တာထွက်ကောင်းခဲ့ပြီး ဟာမီလ်တန်ကို ဦးဆောင်ခဲ့တာပါ။ ဗက်တဲလ်ကလည်း တတိယနေရာကနေ ဖိအားဆက်ပေးခဲ့ပြီး ဒီနှစ်အတွက် ပထမဆုံးနိုင်ပွဲရဖို့ ကြိုးစားခဲ့ပါတယ်။

Leclerc က ၂၅ပတ်ကျော်အထိ ထိပ်ကနေ ဦးဆောင်မောင်းနှင်ခဲ့ပေမယ့် တာယာ လဲချိန် အမှားကြောင့် အသင်းဖော် ဗက်တဲလ်ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။ ဗက်တဲလ်ဟာ ဒီပြိုင်ပွဲကို ဦးဆောင်ပြီးကတည်းက အမှားအယွင်းမရှိတော့ဘဲ မောင်းနှင်နိုင်ခဲ့သလို ၂၀၁၉ခုနှစ်အတွင်း ပထမဆုံး ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါဟာ ဗက်တဲလ်အတွက် ဖော်မြူလာဝမ်းမှာ ရက်ပေါင်း ၃၉၂ အတွင်း ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်သလို စင်ကာပူ ဂရင်းပရီမှာ ဖာရာရီအသင်းက ထိပ်ဆုံး ၁၊ ၂နဲ့ ပထမဆုံး အကြိမ် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဗက်တဲလ်အတွက်လည်း စင်ကာပူ ဂရင်းပရီ ၅ကြိမ်မြောက် ရခဲ့တာလည်း ဖြစ်ပါတယ်။

ဗက်တဲလ်ရဲ့ဖာရာရီ အသင်းဖော် Leclerc က ဒုတိယနဲ့ ရက်ဘူးလ်က ဗက်စတာဗန်က တတိယရခဲ့ပြီး မာစေးဒီးစ်က ဟာမီလ်တန်က စတုတ္ထနဲ့ ပန်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ၁၅ပွဲအပြီးမှာ ဖာရာရီအတွက် နောက်ဆုံး ၃ပွဲဆက်တိုက် အနိုင်ရခဲ့သလို အသင်း ချန်ပီယံဆုအတွက် မာစေးဒီးစ်ကို ဖိအားပေးနိုင်လာပြီ ဖြစ်ပါတယ်။ လာမယ့် ဖော်မြူလာဝမ်းပြိုင်ပွဲကိုတော့ စက်တင်ဘာ ၂၉ရက်နေ့ ရုရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ဖြစ်ပါတယ်။

ကာမောင်းချန်ပီယံရှစ်

၁) ဟာမီလ်တန် ( မာစေးဒီးစ် ) - ၂၉၆မှတ်

၂) ဘော့တပ်စ် ( မာစေးဒီးစ်) - ၂၃၁မှတ်

၃) ရှာလော့ လကယ်လ် - ( ဖာရာရီ) - ၂ဝဝမှတ်

၄) ဗက်စတာဗန် ( ရက်ဘူးလ် ) - ၂ဝဝမှတ်

၅) ဗက်တဲလ် ( ဖာရာရီ) - ၁၉၄မှတ်

အသင်းချန်ပီယံရှစ်

၁) မာစေးဒီးစ် - ၅၂ရမှတ်

၂) ဖာရာရီ - ၃၉၄မှတ်

၃) ရက်ဘူးလ် - ၂၈၉မှတ်

၄) မက္ကလာရင်ရေးနော့ဗ် - ၈၉မှတ်

၅) ရေးနော့ဗ် - ၆ရမှတ်