VAR ရဲ့ အငြင်းပွားမှုနဲ့ လက်ထိဘော ဥပဒေ အသစ်

ရေးသားခဲ့သည်။

VAR ကို ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ စတင် အသုံးပြုလာတဲ့ အချိန် အရင်လို မဖြစ်သင့်တဲ့ အမှားတွေကို လျော့နည်းဖို့ အဓိက ရည်ရွယ်ခဲ့တာပါ။ VAR သုံးတဲ့ အပေါ် ပရီးမီးယာလိဂ် ပွဲစဉ် ၁မှာ ဝက်စ်ဟမ်း- မန်စီးတီး၊ လက်စတာ - ဝုလ်ဖ် တို့ပွဲတွေမှာ အငြင်းပွားဖွယ်ရာ အချို့လည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် လက်စတာနဲ့ ဝုလ်ဖ်ပွဲတုန်းက ဧည့်သည် ဝုလ်ဖ်က ဒန်ဒွန်ကာ သွင်းခဲ့တဲ့ ဂိုးမှာ ဝုလ်ဖ် ကစားသမား လက်မောင်းနဲ့ ထိထွက်ခဲ့တယ်ဆိုပြီး VAR က ပယ်ဖျက် ခဲ့ပါတယ်။ ဝုလ်ဖ် နည်းပြ နူနို ဆန်တိုကတော့ VAR ရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိသလို အချိန် ၂မိနစ်ကျော် ၃မိနစ်လောက်အထိ စောင့်ခဲ့ရတာက ပွဲရဲ့ အရှိန်ကို အများစွာ ထိခိုက်သလို ပရိသတ်တွေလည်း ကြိုက်နှစ်သက်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒီတစ်ပတ် နောက်ထပ် ပွဲကြီး တစ်ပွဲမှာလည်း အဲ့ဒီလို ဖြစ်ရပ်မျိုး ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ မန်စီးတီးနဲ့ စပါးတို့ စနေနေ့က ကစားခဲ့တဲ့ ပွဲမှာ ၂ဂိုးစီ သရေနဲ့ ပြီးခဲ့ပေမယ့် ပြောစရာတွေ များစွာ ဖြစ်ခဲ့တာပါ။ ဖီဖာက အသစ်ထုတ်ထားတဲ့ လက်ထိ ဘော ဥပဒေသစ်အရ မန်စီးတီးရဲ့ အဖိုးတန် အနိုင်ဂိုး ငြင်းပယ်ခံခဲ့ရတာပါ။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့မှာ အငြင်းပွားဖွယ်ရာတွေနဲ့ အဆုံးသတ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက စပါးဖက်က တတိယ ချေပဂိုး သွင်းခဲ့တဲ့ လော်ရန်တေးရဲ့ ဂိုးမှာ လက်ထိဘော ဖြစ်ခဲ့ပေမယ့် VAR က ခွင့်ပြုခဲ့ပြီး မန်စီးတီးရဲ့ အနိုင်ဂိုးကိုတော့ VAR က ပယ်ဖျက်ခဲ့ဖူးတာပါ။

စနေနေ့ကပွဲမှာ မန်စီးတီးအသင်း အချိန်ပို မိနစ် ၉ဝကျော်မှ သွင်းခဲ့တဲ့ ဂါဘရီရယ် ဂျေဆုရဲ့ ဂိုးကို VAR က ပြန်လည် သုံးသပ်ပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဂိုးမှာ ဂျေဆုကို ခေါင်းတိုက် ဖန်တီးပေးခဲ့တဲ့ စီးတီး နောက်ခံလူ လာပေါ့ပ်ရဲ့ လက်နဲ့ မတော်တဆ ထိခဲ့မိတာကြောင့် VAR က ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာကတော့ သူတို့ရဲ့ နောက်ဆုံး အနိုင်ဂိုးကို VAR နဲ့ ပယ်ဖျက်တာ လက်ခံပေမယ့် ပွဲအတွင်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ စူပါဖလား ပွဲတုန်းက ဖြစ်ရပ်တွေအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ ပတ်ဂွါဒီယိုလာကတော့ VAR ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အားလုံးအနေနဲ့ တစ်ပြေးညီပဲ ဖြစ်စေချင်ကြောင်း၊ လက်စတာ - ဝုလ်ဖ်ပွဲမှာလည်း ဖြစ်ခဲ့ပြီးသလို စီးတီး ကွင်းလယ်လူ ရိုဒရီကို ဧရိယာထဲမှာ စပါးဖက်က ကျူးလွန်းခဲ့မှုကို လစ်လျူရှုခဲ့တာ၊ စူပါဖလားပွဲမှာ အက်ဒီယန်ရဲ့ ပင်နယ်တီ ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ရဲ့ စူပါဖလားပွဲက အေဘရာဟမ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုမှာ လီဗာပူးလ် ဂိုးသမား အက်ဒရီယန် ဂိုးစည်းပေါ်မှာ ရှိမနေခဲ့ဘဲ ကာကွယ်ခဲ့မှုပြုလုပ်ခဲ့တာပါ။ ဖီဖာရဲ့ အသစ်ထုတ်ထားတဲ့ စည်းမျဉ်းအရ ပင်နယ်တီ ကန်သွင်းချိန်မှာ ဂိုးသမားဟာ ဂိုးစည်းပေါ်မှာ အနည်းဆုံး ခြေတစ်ဖက် ရှိနေရမယ် ဆိုတဲ့ အချက်ကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်တုန်းကလည်း ကျွန်တော်တို့ ကြုံခဲ့ပြီးပါပြီ၊ တာဝန်ရှိသူတွေဟာ VAR ကို သူတို့ကြည့်ချင်တဲ့ ဟာကျတော့ ကြည့်ပြီး တကယ်ကြည့်ရမယ့် ဟာတွေကျတော့ မကြည့်ပါဘူးလို့ VAR အပေါ် ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စပါးနည်းပြ ပိုချက်တီနိုကတော့ VAR ရဲ့ ပါဝင် ပတ်သက်မှုကို ကျေနပ်ကြောင်းနဲ့ ဘောလုံးမှာ အရင်လို အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေကို အဆုံးသတ်စေတယ်လို့ ဆိုခဲ့ပါတယ်။

ဖီဖာရဲ့ အသစ်ထုတ်ထားတဲ့ လက်ထိဘော စည်းမျဉ်းကိုတော့ ဘောလုံးသမားဟောင်း တွေနဲ့ မီဒီယာတွေကပါ မေးခွန်းထုတ်နေကြပါတယ်။

လက်ထိဘောနဲ့ ပတ်သက်ပြီး အသစ်ထုတ်ထားတဲ့ စည်းမျဉ်း

ပွဲအတွင်းမှာ ရတဲ့ သွင်းဂိုးတိုင်းနဲ့ ဂိုးဖန်တီးမှု တိုင်းမှာ လက်၊ လက်မောင်းတို့နဲ့ ထိခဲ့ပါက( ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲ မတော်တဆဖြစ်စေ) အဲ့ဒီ သွင်းဂိုးတွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ BBC Match of the Day အစီစဉ်ရဲ့ ဘောလုံး သုံးသပ်သူတွေဖြစ်ကြတဲ့ အီယန်ရိုက် နဲ့ ဒန်နီ မာဖီတို့ကတော့ လက်ထိဘော စည်းကမ်းသစ်ကို လုံးဝ နားမလည်နိုင်ကြောင်းနဲ့ ဒီလို စည်းမျဉ်းတွေကို ဖီဖာအနေနဲ့ ပြန်လည် စဉ်းစားသင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

စပိန်လာလီဂါမှာဆိုလည်း လူကာမိုဒရစ် အထုတ်ခံခဲ့ရတာတွေ၊ ပြင်သစ်မှာ ဖာဘရီဂတ်စ် ထုတ်ခံခဲ့ရတာတွေဟာ VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့တာ ဖြစ်လို့ ဘောလုံး ပရိသတ်တွေကတော့ VAR ကို ကြိုက်နှစ်သက်မှု မရှိကြောင်းနဲ့ အရင်လိုပဲ အမှားတွေ ဆက်ဖြစ်နေကြောင်း ဆိုရှယ် မီဒီယာတွေမှာ ဝေဖန် ထားကြပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ VAR နဲ့ ဖီဖာရဲ့ စည်းမျဉ်း အသစ်တွေကတော့ ပရီးမီးယားလိဂ်နဲ့ ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်နေရာယူနေဆဲဖြစ်သလို နောက် လာမယ့်ပွဲတွေမှာလည်း ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။