ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟယ်ရီမက်ဂွိုင်းယား ကို ပေါင်သန်း၈၀နဲ့ ခေါ်ဖို့ မန်ယူ သဘောတူ
လက်စတာ စီးတီးအသင်းရဲ့ အလယ်နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ကို ပေါင်သန်း၈၀နဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းက သဘောတူလိုက်ပါပြီ။ ဒီပြောင်းရွေ့ကြေးဟာ နောက်ခံလူတယောက် အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး လည်း ဖြစ်ပါတယ်။
မက်ဂွိုင်းယား ဟာ အသက် ၂၆ နှစ် ရှိပြီ ဖြစ်ပြီး ဒီသတင်းပတ်ကုန်ပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆေးစစ်မှု ခံယူဖို့ ရှိပါတယ်။
သူဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်က ခေါ်ယူခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာပါတယ်။ သူ့အရင် ခရစ်စတယ်ပဲလေ့စ် က အာရွန်ဝန် ဘစ်ဆာကာနဲ့ ဆွမ်ဆီးက ဒန်နီယယ်ဂျိမ်းစ်တို့ကို ခေါ်ယူထားပါတယ်။
ဟယ်ရီ မက်ဂွိုင်းယား ဟာ ပြီးခဲ့တဲ့၂၀၁၇ တုန်းက ဟားလ်စီးတီးကနေ ပရီးမီးယားလိဂ်က လက်စတာစီးတီးအသင်းကို ပြောင်းလာခဲ့ တာဖြစ်ပြီး လက်စတာအတွက် ပရီးမီးယားလိဂ် ပွဲ ၆၉ ပွဲ ကစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီတုန်းက လစ်ဗာပူးလ်အသင်းဟာ ဗာဂျဲလ် ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ နောက်ခံလူ တယောက်အတွက် ကမ္ဘာ့စံချိန် ပေါင်၇၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အခုတော့ ဒါကို ကျော်တက်ပြီး မက်ဂွိုင်းယားဟာ ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်လာခဲ့ပါပြီ။
အခုချုပ်ဆိုလိုက်တဲ့ စာချုပ်အရ မက်ဂွိုင်းယားဟာ ကမ္ဘာ့ စျေးအကြီးဆုံးနောက်တန်းလူဖြစ်လာတာပါ။
မက်ဂွိုင်း ကို အရင်ကတည်းက စိတ်ဝင်စားနေ တဲ့ မန်ယူဟာ လွန်ခဲ့တဲ့ ၁၂လတုန်းက ပေးရမယ့် ပြောင်းရွှေ့ကြေး သန်း၇ဝ ကို များလွန်း တယ်ဆို ပြီးနောက်ဆုတ်ခဲ့ဖူးပါတယ်။
ယူနိုက်တက် ဟာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ကြာပြီ လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လက်စတာက ပေါင် သန်း ၇၀ တောင်းခဲ့တာကြောင့် ပြန်လှည့် သွားခဲ့တာဖြစ်ပါတယ်။
အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ သတ္တမမြောက် အလယ်နောက်ခံလူ ဖြစ်လာတော့မှာပါ။ ယူနိုက်တက်မှာ သူ့အပြင် ဗစ်တာ လင်းဒလော့ဖ်၊ အဲရစ် ဘိုင်ယီ၊ ဖေးလ်ဂျုံးစ်၊ ခရစ္စစမောလင်း၊ မားကော့စ် ရိုဟိုနဲ့ အက်ဆဲလ် တွန်ဇေဘီ တို့ ရှိနေပါတယ်။ ဒါပေမယ့် အဲရစ် ဘိုင်ယီဟာ ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာ ရသွားတာကြောင့် လ အနည်းငယ် အနားယူရမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အိုလေး ဂွန်းနိုင် ဆိုးလ်ရှဲ ဟာ ဒီနွေရာသီမှာ နောက်ခံ အလယ်လူ တဦးကို မဖြစ်မနေ ခေါ်ယူရမယ် ဆိုပြီး ဆုံးဖြတ်ထားခဲ့တာပါ။
လွန်ခဲ့တဲ့ ၃ ပတ်လောက်က ယူနိုက်တက် ဘက်က တခြား ကစားသမားတွေကို ခေါ်ယူဖို့ စဉ်းစားခဲ့သေးပေမယ့် နောက်ဆုံးမှာ မက်ဂွိုင်းယားကိုပဲ ခေါ်ယူဖြစ်သွားတာ ဖြစ်ပါတယ်။
ယူနိုက်တက် မန်နေဂျာ အိုလေးဂွန်းနိုင်ဆိုးလ်ရှဲက ဟယ်ရီ မက်ဂွိုင်းယားဟာ ခြေစွမ်း ထက်မြက်တာသာ မကဘဲ သူ့ အသင်းမှာ လိုအပ်နေတဲ့ ခေါင်းဆောင်မှုမျိုးကို ပေးနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်လို့ ယူဆထားပါတယ်။