ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘောလုံးသင်တန်းအပြင် အင်္ဂလိပ်စာလည်း လေ့လာသင်ကြားရတဲ့ မြန်မာ လူငယ်များ
အင်္ဂလန် နိုင်ငံ၊လန်ဒန်မြို့မှာ အာဆင်နယ် လူငယ် ဖွံဖြိုးရေး အစီစဉ်( Arsenal Football Development ) နဲ့ လာရောက် ဘောလုံး သင်တန်း တက်နေတဲ့ မြန်မာလူငယ် ဘောလုံးသမားလေးတွေဟာ မနေ့က အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းကို သွားရောက် လေ့လာခဲ့ကြပါတယ်။ မြန်မာ လူငယ်တွေနဲ့အတူ အာဆင်နယ် လူငယ် ဖွံဖြိုးရေး အစီစဉ်မှာ သင်ကြားနေကြတဲ့ ကမ္ဘာ အရပ်ရပ်က လူငယ် ဘောလုံးသမားတွေ အားလုံး သွားရောက် ခဲ့ကြတာပါ။
အဲ့ဒီ လေ့လာရေး ခရီးစဉ်မှာ မြန်မာနိုင်ငံက MISA ကျောင်းအုပ်ကြီး မိုက်ကယ် ဂေတန် အပါအဝင် မြန်မာလူငယ် ဘောလုံးသမား ၅ဦးဟာ အမ်းမရိတ် ကွင်းကြီးထဲမှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။ မြန်မာလူငယ်တွေဟာ Arsenal Football Development နဲ့ လန်ဒန်မြို့၊ ရက်ဒင်း အရပ်မှာ ၂ပတ်ကြာ လေ့ကျင့် သင်ကြားနေကြတာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ရက်နေ့မှာ သင်တန်းကာလ ပြီးဆုံးမှာ ဖြစ်ပါတယ်။
မြန်မာ လူငယ် ဘောလုံးသမားတွေနဲ့အတူ အုပ်ထိန်းသူ အဖြစ် လိုက်ပါလာခဲ့တဲ့ MISA ကျောင်းအုပ်ကြီး မိုက်ကယ် ဂေတန်ကတော့ " ကျွန်တော်တို့ ကျောင်းသားတွေအတွက် အခွင့်အရေးပဲလို့ တွေးမိတာနဲ့ သွားဖို့ လုပ်ခဲ့တာပါ။ ဘောလုံး သင်တန်းအပြင် အင်္ဂလိပ်စာ ပိုမို တိုးတက် အောင်လုပ်ခွင့်လည်း ရဖို့ ရည်ရွယ်တာပါ။ လာမယ့်နှစ်တွေမှာတော့ မြန်မာနိုင်ငံက လူငယ် ကစားသမားတွေ များစွာကို ဒီထက်ပိုပြီး အခွင့်အရေး ရအောင် ကြိုးစားနတယ်လို့ " မိုက်ကယ် က ဘီဘီစီ မြန်မာပိုင်းကို ဆိုပါတယ်။
အာဆင်နယ် လူငယ် ဖွံဖြိုးရေး သင်တန်းကို Stafford House အစီစဉ်နဲ့ နှစ်စဉ် ဇွန်၊ ဇူလိုင်လအတွင်း ၂လ တာ ပြုလုပ်တာဖြစ်ပြီး ဘောလုံး အားကစားနည်းအပြင် အခြား အားကစားနည်းတွေနဲ့ အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားပေးတာ ဖြစ်ပါတယ်။
Arsenal Football Development Program မှာ ကမ္ဘာ့အရပ်ရပ်က အသက် ၈နှစ်ကနေ ၁၆နှစ် အတွင်းရှိတဲ့ လူငယ် ဘောလုံးသမားတွေ လာရောက် သင်ကြားနေကြတာဖြစ်ပြီး အာဆင်နယ်အသင်းက လူငယ် နည်းပြ ၃ဦးက နေ့စဉ် မနက် ၉နာရီကနေ ၁၂နာရီအထိ ဘောလုံး စွမ်းရည် တိုးတက်လာအောင် အဓိက သင်ကြားပေးတာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ ဘောလုံး အားကစားနည်းကို အဓိက သင်ကြားပေးပြီး နေလည်နဲ့ ညနေပိုင်းမှာတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ ဘာသာ စကားတွေအပြင်၊ အင်္ဂလန်နိုင်ငံရဲ့ ယဉ်ကျေးမှု အကြောင်းတွေကိုလည်း သင်ကြားပေးရတာ ဖြစ်ပါတယ်။