ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်း ၄ကြိမ်မြောက် ချန်ပီယံဖြစ်
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံ အမေရိကန်အသင်းက ချန်ပီယံဆုကို ပြန်ကာကွယ်နိုင်ခဲ့ပြီး ၄ကြိမ်မြောက် ချန်ပီယံ ဖြစ်လာပါတယ်။ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ အမေရိကန်ဟာ အုပ်စုတုန်းကလည်း ထိုင်းကို ၁၃ဂိုးပြတ်အထိ သွင်းပြီး နိုင်ခဲ့တဲ့ အသင်းဖြစ်သလို ပွဲတိုင်း နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ပြိုင်ပွဲတစ်လျောက် ရေပန်းစားနေတဲ့ အိမ်ရှင်ပြင်သစ်၊ နာမည်ကြီး ဂျာမနီ၊ ဂျပန်၊ ဘရာဇီးတို့ကတော့ မျှော်လင့်သလိုဖြစ်မလဲဘဲ ပြိုင်ပွဲက စောစောစီးစီး ထွက်ခဲ့ရတာပါ။ အမေရိကန်ကတော့ အိမ်ရှင် ပြင်သစ်၊ အင်္ဂလန်၊ နယ်သာလန်တို့လို အသင်းကောင်းတွေကို ကျော်လာခဲ့ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရခဲ့သလို နယ်သာလန်လည်း ယူရိုချန်ပီယံဖြစ်ပြီးမှ အားလုံး မထင်မှတ်အောင် ဒုတိယရခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်
ဆီမီးဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ အမေရိကန်က အင်္ဂလန်ကို အကြိတ်အနယ် ကစားခဲ့ပြီး ၂-၁ဂိုးနဲ့ နိုင်ပါတယ်။ ပွဲအတွင်းမှာ အနီကတ်၊ လူကျွံဘော၊ ပင်နယ်တီနဲ့ VAR ဆုံးဖြတ်ချက်တွေ များစွာဖြစ်ခဲ့ပြီးမှ အမေရိကန် နိုင်ခဲ့တာပါ။ အင်္ဂလန်ဖက်က ၈၃မိနစ် ရောက်မှာ ပင်နယ်တီရခဲ့ပေမယ့် အမေရိကန် ဂိုးသမား ကာကွယ်သွားခဲ့လို့ ချန်ပီယံ အမေရိကန် အသင်း ၃ကြိမ်ဆက် ဗိုလ်လုပွဲ တက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ဆီမီးဖိုင်နယ်မှာ ဆွီဒင်နဲ့ နယ်သာလန်တို့ ခြေစွမ်းမကွာကြဘဲ မိနစ် ၉၀ပြည့်အထိ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အချိန်ပိုမှာ နယ်သာလန်က ၁ဂိုးသွင်းပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။ နယ်သာလန်အတွက်တော့ ယူရိုချန်ပီယံဖြစ်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဆင့်ကို ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲ
အမေရိကန် ၂-ဝ နယ်သာလန်
အတွေ့အကြုံရှိတဲ့ နာမည်ကြီး အမေရိကန်တော့ အကောင်းဆုံး ခြေစွမ်းပြပြီး ၄ကြိမ်မြောက် ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပွဲအတွင်းမှာ နယ်သာလန်ရဲ့ ခံစစ်ကစားပုံကောင်းမှု၊ ဂိုးသမား လက်စွမ်းပြနေမှုကြောင့် အမေရိကန်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။ ပထမပိုင်းမှာ အမေရိကန်ဖက်က အပိုင် ဂိုးသွင်းခွင့် ၄ကြိမ်ကို နယ်သာလန်ရဲ့ အာဆင်နယ် ဂိုးလက်စွမ်းပြခဲ့လို့ ဂိုးမရှိ သရေနဲ့ ပြီးခဲ့တာပါ။
အကြိတ်အနယ် ကစားနေတဲ့ ဗိုလ်လုပွဲရဲ့ အလှည့်အပြောင်းဟာ ၆၁မိနစ်မှာ ဖြစ်ခဲ့တဲ့ VAR ရဲ့ အဆုံးဖြတ်ပါ။ ပွဲချိန် ၆၁မိနစ်မှာ အဲလက်စ်မော်ဂန်ကို နယ်သာလန် နောက်ခံလူ ပြစ်ဒဏ်ကျူးလွန်းခဲ့လို့ ပင်နယ်တီ ပေးခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီ ပင်နယ်တီကို အမေရိကန် အသင်းခေါင်းဆောင် မက်ဂန် ရာပီနို အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ဒါဟာ သူမအတွက် ဒီနှစ် ကမ္ဘာ့ဖလားမှာ ၆ဂိုးမြောက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း နယ်သာလန်ဖက်က ဖွင့်ကစားလာလို့ အမေရိကန်အသင်း အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ၆၉မိနစ်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ရိုစ်လာဗယ်လ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ အမေရိကန် ၂ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နယ်သာလန်ဖက်က တိုက်စစ်မှူးတွေ အားဖြည့်ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အတွေ့အကြုံများတဲ့ အမေရိကန်က အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပြန်ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် ရလဒ်များ
အမေရိကန် ၂-၁ အင်္ဂလန်
ဆွီဒင် ဝ-၁ နယ်သာလန်
တတိယနေရာလုပွဲ
ဆွီဒင် ၂-၁ အင်္ဂလန်
ဗိုလ်လုပွဲ
အမေရိကန် ၂-ဝ နယ်သာလန်
အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံများ
၁) အမေရိကန် - ၄ကြိမ်
၂) ဂျာမနီ - ၂ကြိမ်
၃) နော်ဝေး - ၁ကြိမ်
၄) ဂျပန် - ၁ကြိမ်
ပြိုင်ပွဲသမိုင်းတစ်လျောက် ချန်ပီယံများ
၁၉၉၁) အမေရိကန် ၂-၁ နော်ဝေး
၁၉၉၅) နော်ဝေး ၂-ဝ ဂျာမနီ
၁၉၉၉) အမေရိကန် ဝ-ဝ တရုတ် ( ပင်နယ်တီမှာ အမေရိကန်နိုင်)
၂၀ဝ၃) ဂျာမနီ ၂-၁ ဆွီဒင် ( အချိန်ပိုမှာ ဂျာမနီနိုင်)
၂၀ဝ၇) ဂျာမနီ ၂-ဝ ဘရာဇီး
၂၀၁၁) ဂျပန် ၂-၂ အမေရိကန် ( ပင်နယ်တီမှာ ဂျပန်နိုင်)
၂၀၁၅ အမေရိကန် ၅-၂ ဂျပန်
၂၀၁၉) အမေရိကန် ၂-ဝ နယ်သာလန်
တစ်ဦးချင်း အကောင်းဆုံးဆုများ
ရွှေဖိနပ်ဆု - မက်ဂန် ရာပီနို (အမေရိကန်) ၆ဂိုး
ငွေဖိနပ်ဆု - အဲလက်စ် မော်ဂန် ( အမေရိကန် ) ၆ဂိုး
ရွှေဘောလုံးဆု - မက်ဂန် ရာပီနို ( အမေရိကန်)
ငွေဘောလုံးဆု - လူစီဘရောင်း ( အင်္ဂလန် )
ကြေးဘောလုံးဆု - လာဗယ်လ် ( အမေရိကန်)
ရွှေလက်အိတ် - ဆာရီ ဗန်ဗီနန်ဒယ် ( နယ်သာလန်)