ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြက်ခင်းစိမ်းပေါ်က ဂရန်စလန် တင်းနစ်ပြိုင်ပွဲ
၂၀၁၉ခုနှစ်ရဲ့ တတိယ ဂရန်စလန် တင်းနစ်ပြိုင်ပွဲကြီးကို ဒီကနေ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ သြစတြေးလျ အိုးပင်းမှာ နိုဗတ် ဂျိုကိုဗစ်၊ ပြင်သစ် အိုးပင်းမှာ နာဒါးလ်တို့ ဗိုလ်စွဲခဲ့ကြအပြီး ဝင်ဘယ်ဒန်မှာ ဘယ်သူဗိုလ်စွဲမလဲ အားလုံးက စိတ်ဝင်စားနေကြတာပါ။
ဝင်ဘယ်ဒန် အိုးပင်းဟာ ဂရန်စလန် တင်းနစ်ပြိုင်ပွဲကြီးတွေထဲ တစ်ခုတည်းသော မြက်ခင်း တင်းနစ်ပြိုင်ပွဲဖြစ်ပြီး ဖက်ဒါရာ၊ ဂျိုကိုဗစ်နဲ့ နာမည်ကြီး ကစားသမားတွေကြိုက်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ မြေစေးကွင်းဘုရင် နာဒါးလ်အတွက်တော့ ဝင်ဘယ်ဒန်မှာ ၂ကြိမ် ချန်ပီယံ ဖြစ်ဖူးပေမယ့် မြက်ခင်းကွင်းတွေမှာ ရုန်းကန်နေရတဲ့ အစဉ်လာရှိနေသလို ဖိုင်နယ်ကို တက်ရမယ့် လမ်းကြောင်းက ခက်ခဲလွန်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
အမျိုးသမား တစ်ဦးချင်း
အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာတော့ ဆားဘီးယားက ကမ္ဘာ့နံပါတ်တစ်လည်းဖြစ် လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ နိုဗတ် ဂျိုကိုဗစ်က ဆီဒင် ထိပ်ဆုံးမှာ ပေးခံရပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ နာဒါးလ်က လက်ရှိ ကမ္ဘာ့အဆင့် ၂နေရာမှာ ရှိပေမယ့် ဆီဒင် ၃သာ ရခဲ့ပြီး ဖက်ဒါရာက ဆီဒင် ၂၊ မနှစ်က ဖိုင်နယ်တက်ခဲ့တဲ့ တောင်အာဖရိက အန်ဒါဆင်က ဆီဒင် ၄ရခဲ့ပါတယ်။ ဂရန်စလန် ချန်ပီယံဟောင်း ဒယ်ပိုထရိုက ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့သလို ဆီဒင် ၁၄ ရထားတဲ့ ခရိုအေးရှားက ချော်ရစ်လည်း လွဲချော်မှာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အချိန်ကြာကြီး နားနေတဲ့ ၂ကြိမ် ဝင်ဘယ်ဒန် ချန်ပီယံ အန်ဒီ မာရေးကတော့ နှစ်ယောက်တွဲ ပြိုင်ပွဲတွေမှာ ဝင်ကစားဖို့ ရှိပါတယ်။
အမျိုးသမီး တစ်ဦးချင်း
အမျိုးသမီးပြိုင်ပွဲကတော့ အမျိုးသားတွေထက် ပိုပြီး အကြိတ်အနယ်ရှိနိုင်ပြီး ဗိုလ်စွဲနိုင်ခြေရှိတဲ့သူ ၁၀ဦးလောက် ရှိပါတယ်။ ချန်ပီယံဟောင်း ဆရီနာဝီလျံက ဆီဒင် ၁၁ သတ်မှတ်ခံထားရပြီး ပြင်သစ်အိုးပင်းချန်ပီယံ ဘာတီက ဆီဒင်ထိပ်ဆုံးရပါတယ်။ မနှစ်က ချန်ပီယံ ခါဘာကတော့ ဆီဒင် ၅ရခဲ့သလို နာအိုမီ အိုဆာကာ၊ ခီဗီတိုဗာ၊ ဟာ့လပ်၊ ဝါ့ဇ်နီယားစကီးတို့လည်း ပါဝင်မှာပါ။ ဆီဒင် သတ်မှတ်ချင်းမခံရပေမယ့် ချန်ပီယံဟောင်း ရှာရာပိုဗာကတော့ ပုခုံး ဒဏ်ရာ ပြန်သက်သာလာလို့ ပါ၀င်ကစားမှာ ဖြစ်ပါတယ်။
ဆုကြေးငွေ
ဒီနှစ် ဝင်ဘယ်ဒန် အိုးပင်း တင်းနစ်ပြိုင်ပွဲကို စုစုပေါင်း ဆုကြေးငွေ ပေါင် ၃၁သန်း ကျော် ချီးမြှင့်မှာဖြစ်ပြီး တစ်ဦးချင်း ချန်ပီယံဖြစ်မယ့်သူက ပေါင် ၂.၂သန်းစီ ရရှိမှာပါ။ ဖိုင်နယ်တက်ပြီးမှ ဒုတိယဆုနဲ့သာ ကျေနပ်ရတဲ့သူက ပေါင် ၁.၁သန်းရရှိမှာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ပေါင် ၅သိန်းခွဲစီ ဝင်ငွေရှိမှာပါ။ ဝင်ဘယ်ဒန် အိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူတိုင်း ပေါင် ၃သောင်းခွဲ စတင်ရရှိမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ၅သောင်း ၇ထောင်၊ တတိယအဆင့်မှာ ၉သောင်း၊ စတုတ္ထအဆင့်မှာ ၁သိန်းကျော်နဲ့ ကွာတားဖိုင်နယ်မှာ ၃သိန်းနီးပါ ရရှိမှာ ဖြစ်ပါတယ်။
အောင်မြင်မှုများ
ဝင်ဘယ်ဒန် အိုးပင်းမှာ အအောင်မြင်ဆုံး တင်းနစ်သမားကတော့ ဆွစ်ဇာလန် နာမည်ကြီး ရော်ဂျာဖက်ဒါရာဖြစ်ပြီး ၈ကြိမ်အထိ ချန်ပီယံဖြစ်ထားတာပါ။ လက်ရှိ ပြိုင်ပွဲဝင်တွေထဲ ဖက်ဒါရာပြီးရင် ဂျိုကိုဗစ်က ၄ကြိမ် ချန်ပီယံဖြစ်ဖူးပြီး နာဒါးလ်က ၂ကြိမ် ရထားပါတယ်။ အမျိုးသမီးဖက်မှာတော့ ချက်နဲ့ အမေရိကန် တင်းနစ်မယ်ဟောင်း နာဗာတီလိုဗာက ၉ကြိမ်အထိ ဗိုလ်စွဲထားပြီး ဂျာမန် နာမည်ကြီး တင်းနစ်မယ်ဟောင် စတက်ဖီ ဂရပ်ဖ်နဲ့ ဆရီနာဝီလျံက ၇ကြိမ်စီ ရထားပါတယ်။ ဆရီနာဝီလျံရဲ့ အစ်မဖြစ်သူ ဗီးနပ်စ် ဝီလျံက ၅ကြိမ် ချန်ပီယံဖြစ်ထားပြီး ခီဗီတိုဗာက ၂ကြိမ်ရထားပါတယ်။ လက်ရှိ ချန်ပီယံ ခါဘာနဲ့ စပိန်က မူဂူရူဇာတို့လည်း တစ်ကြိမ်စီ ဗိုလ်စွဲထားကြပါတယ်။
ဘယ်သူ ဗိုလ်စွဲမလဲ
အမျိုးသား တစ်ဦးချင်းဖက်မှာ လက်ရှိ ချန်ပီယံ နိုဗတ် ဂျိုကိုဗစ်က ရေပန်းအစားဆုံး ဖြစ်နေသလို ကစားရမယ့် ပွဲစဉ်တွေကလည်း ပြိုင်ဖက် နာဒါးလ်၊ ဖက်ဒါရာတို့ထက် လွယ်ကူတာကို တွေ့ရပါတယ်။ ဂျုကိုဗစ်ဟာ ဖိုင်နယ်ကို တက်လာမယ့် လမ်းကြောင်း တစ်လျောက် ခက်ခက်ခဲခဲ ရိုက်ရမယ့်သူ သိပ်မရှိဘဲ ဆီမီးရောက်မှသာ ဂျာမနီက ဗယ်လ်ရာနဲ့ ဆုံတွေ့ဖွယ် ရှိနေတာပါ။ တစ်ဖက်မှာတော့ ဖက်ဒါရာနဲ့ နာဒါးလ်တို့က ဆီမီးမှာ အချင်းချင်း ဆုံတွေ့မှာဖြစ်သလို ကွာတားအဆင့်မှာ နီရှိကိုရီ၊ ဒိုမိနစ်သိမ်းတို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အမျိုးသမီးဖက်ကတော့ ခန့်မှန်းက ခက်ခဲပြီး ဆရီနာဝီလျံ ၊ သြစတြေးလျ အိုးပင်းချန်ပီယံ နာအိုမီ အိုဆာကာ၊ ပြင်သစ်အိုးပင်းချန်ပီယံ ဘာတီ၊ လက်ရှိချန်ပီယံ ခါဘာ အပါအဝင် ခီဗီတိုဗာ၊ မူဂူရူဇာဝါ့ဇ်နီယားစကီး၊ ဟာ့လပ်၊ ပလစ်ကိုဗာတို့အားလုံး အခွင့်အရေး ကိုယ်စီ ရှိနေကြပါတယ်။
နောက်ဆုံး ဖိုင်နယ် ၅ကြိမ် ဆုံတွေ့မှု
အမျိုးသား တစ်ဦးချင်း
၂၀၁၄ - ဂျိုကိုဗစ် (ချန်ပီယံ) ၊ ဖက်ဒါရာ (ဒုတိယ)
၂၀၁၅ - ဂျိုကိုဗစ် (ချန်ပီယံ) ၊ ဖက်ဒါရာ (ဒုတိယ)
၂၀၁၆ - မာရေး (ချန်ပီယံ) ၊ ရော်နစ် (ဒုတိယ)
၂၀၁၇ - ဖက်ဒါရာ (ချန်ပီယံ)၊ မာရင်ချစ်လစ် (ဒုတိယ)
၂၀၁၈ - ဂျိုကိုဗစ် (ချန်ပီယံ) ၊ အန်ဒါဆင် (ဒုတိယ)
အမျိုးသမီး တစ်ဦးချင်း
၂၀၁၄ - ခီဗီတိုဗာ (ချန်ပီယံ) ၊ ဘူးချတ် (ဒုတိယ)
၂၀၁၅ - ဆရီနာဝီလျံ (ချန်ပီယံ) ၊ မူဂူရူဇာ (ဒုတိယ)
၂၀၁၆ - ဆရီနာဝီလျံ (ချန်ပီယံ) ၊ ခါဘာ (ဒုတိယ)
၂၀၁၇ - မူဂူရိုဇာ (ချန်ပီယံ)၊ ဗီးနပ်စ်ဝီလျံ (ဒုတိယ)
၂၀၁၈ - ခါဘာ (ချန်ပီယံ) ၊ ဆရီနာဝီလျံ (ဒုတိယ)