ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တီရဲလ်ထန်၊ ဖိုးသော်၊ အန်တိုနီယာ မြန်မာကစားသမားတွေ အကုန်လုံး အနိုင်ရတဲ့ သိုင်းပေါင်းစုံပွဲ
မတ်လ ၈ ရက်နေ့က ရန်ကုန် သုဝဏ္ဏအားကစားရုံမှာ ယှဉ်ပြိုင်တဲ့ One Championship ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား တီရဲလ်ထန်က ပြိုင်ဘက်ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ကမ္ဘောဒီးယားက ခမာ သိုင်းပေါင်းစုံလက်ဝှေ့ကစားသမားကို ၃ ချီအပြည့် ကစားခဲ့ရပြီး ဒိုင်လူကြီး ၃ ယောက်လုံးက တီရဲလ်ထန်ကို တညီတညွတ်တည်း အနိုင်အဖြစ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်ကတော့ တီရဲလ်ထန်ကို အားပေးကြပေမယ့် ထိုးကွက်၊ ချုပ်ကွက်တွေကို တချို့က သိပ်အားမရကြပါဘူး။ သူက မြန်မာမြေမှာ ပွဲဦးထွက် အနိုင်ရလို့ တာထွက် ကောင်းတယ်လို့တော့ ပြောရမှာဖြစ်ပါတယ်။
သူ့ရဲ့ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ MMA ပြိုင်ပွဲကို မနော ရဲ့ ဗိုလ်အောင်ဒင်သီချင်းနဲ့ အတူ မြန်မာ အလံခြုံပြီး ကြိုးဝိုင်းထဲ ဝင်လာတာလည်း ဖြစ်ပါတယ်။
အမေရိကန်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တီရဲလ်ထန်ကို ကချင်တိုင်းရင်းသား အောင်လအန်ဆန်က လေ့ကျင့်ပေးထားပြီး အောင်လအန်ဆန်ရဲ့ ကမ္ဘာ့ချန်ပီယံ အမွေကို ဆက်ခံဖို့ ကြိုစားနေသူလည်းဖြစ်ပါတယ်။
ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ ကလည်း မလေးရှားက ပြိုင်ဘက်ကိုအနိုင်ရ ရှိခဲ့ပါတယ်။
နှစ်ထပ်ကွမ်း လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့သူ မြန်မာနိုင်င်ငံရဲ့ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား အန်တိုနီယာဟာ ဒီပွဲမှာ မလေးရှားက ပြိုင်ဘက်ကို ၂ ချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူ နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ပြိုင်ဘက်ကို ပထမအချီမှာ ရှုံးခဲ့တဲ့ ဖိုးဘူရှီဒိုသော် ခေါ် ဖိုးသော်ကလည်း ဒီပွဲမှာ အနိုင်ကစားပြီး အရင်ပွဲက ရှုံးကြွေးကို ပြန်ဆပ်ပြီး ပရိသတ်တွေ ကျေနပ်စေခဲ့ပါတယ်။ ဖိုးသော်ကတော့ ဒီပွဲအတွက် အထူး ပြင်ဆင်ထားပုံ ရပြီး သူ့အရင်က သိပ် မကျွမ်းကျင်တဲ့ Ground Fighting ချုပ်ကွက်တွေနဲ့ ကစားသွားတယ်။
အဲဒီမှာ နှစ်ခါ သုံးခါ အပြန်အလှန် ချုပ်ခံရတာတွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ပြိုင်ဘက်ကို မြေပြင်ပေါ်မှာ ပက်လက် အနေ အထား ဖြစ်သွားတဲ့အခါမှာ လက်သီးတွဲလုံးတွေ ဆက်တိုက် ထိုးခွင့် ရသွားခဲ့ပြီး နောက်ဆုံးမှာတော့ ပြိုင်ဘက် အတော်အထိနာလာလို့ ဒိုင်ပွဲရပ်နဲ့ ဖိုးသော်နိုင်သွားတာ ဖြစ်ပါတယ်။
ပထမအချီ ပြီးခါနီး စက္ကန့်ပိုင်းအလိုမှာပဲ ဖိုးသော်က Technical Knockout နဲ့ အနိုင်ယူသွားတာဖြစ်ပါတယ်။