ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်းမရွာ မီးရှို့ခံရမှု မျက်မြင် သက်သေတွေရဲ့ ပြောကြားချက်
ဇွန်လ (၁၅) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်က အိမ်ခြေ(၂၅၀) ကျော်ရှိတဲ့ကင်းမကျေးရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။ ရွာသူရွာသားတွေ နွေစာမိုးစာ စုဆောင်းသိုလှောင်ထားတဲ့ စပါး၊ ပဲ၊ ဆန်၊ ဆီ၊စတဲ့စားနပ်ရိက္ခာတွေအပြင် ဆိုင်ကယ်၊ ကား၊ ထွန်စက်၊ မီးစက် စတဲ့စက်ပစ္စည်းတွေလဲ မီးလောင်ဆုံးရှုံးခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ဝက်၊ဆိတ်၊ နွား စတဲ့တိရိစ္ဆာန်ပေါင်းစုံလဲ မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒီအထဲမှာ အသက်(၈၀) ကျော်အရွယ်ရှိ အဘိုးဦးမြမောင်၊ အဖွား ဒေါ်ကြီးမှိန်တို့လင်မယားနှစ်ဦးလဲ အရှင်လတ်လတ် မီးလောင်ကျွမ်း သေဆုံးခဲ့ရပါတယ်။ အခုလိုမီးရှို့ မယ်လို့ထင်မှတ်မထားတာကြောင့် အဘိုးအဘွားနှစ်ဦးကို နှစ်ရက်သုံးရက်စာ စားနပ်ရိက္ခာများနဲ့ထားခဲ့ပြီး ထွက်ပြေးခဲ့ရာမှာ အခုလိုအဖြစ် ဆိုးမျိုးကြုံတွေ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ရွာမီးလောင်ကျွမ်းမှုဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်အိမ်ချင်းမီးရှို့ခဲ့တာကြောင့် ဖြစ်တယ်လို့ မျက်မြင်ကြုံတွေ့ခဲ့တဲ့ ရွာသားတချို့ကပြောပါတယ်။