ဖားကန့်မြေပြိုမှု ရေမဆေး ရာကျော်သေဆုံး

ရေးသားခဲ့သည်။

ဇူလိုင်လ ၂ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဆိပ်မူ အုပ်စုထဲက ကျောက်စိမ်းလုပ်ကွက်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ အတွက် ရေမဆေးကျောက် ရှာဖွေသူ တစ်ရာကျော် သေဆုံး ခဲ့ရပါတယ်။

မိုးသီးထန်စွာရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ရဲတပ်ဖွဲ့က အဲဒီလုပ်ကွက်မှာ ကျောက်စိမ်းရှာတာတွေ မလုပ်ကြဖို့ မနေ့က သတိပေးထားတဲ့ကြားက လူအတော်များများက ကျောက်စိမ်းဝင်ရှာခဲ့ကြတာဖြစ်တယ်ဆို့ ဆိုပါတယ်။

မြန်မာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းမှာ ဒီလိုမျိုး မတော်တဆမှုတွေမကြာခဏ ဖြစ်လေ့ရှိပြီး။ အခုတခါကတော့ လူသေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။

အဲဒီ ကျောက်လုပ်ကွက်မှာ သွားရောက်တူးဖော်ခဲ့တဲ့ ရေမဆေးသမား ကိုမောင်ခိုင်က မြေပြိုမှုကြောင့် တစ်မိနစ်အတွင်းမှာ လူတွေ အားလုံး မြေပြိုတဲ့အထဲကို ပါသွားကြတယ်လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။

ကမ္ဘာပေါ်မှာ ကျောက်စိမ်း အများဆုံး ထုတ်လုပ်တဲ့ မြန်မာ နိုင်ငံမှာ နှစ်စဉ် ကျောက်စိမ်း ထုတ်လုပ်မှုက ဒေါ်လာ ၃၀ ဘီလျံ တန်းကြေးရှိတယ်လို့ သိရပါတယ်။

ဆိပ်မူမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ဒီနေ့မွန်းလွဲပိုင်းအထိ အလောင်း ၁၁၃ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု NLD ဉက္ကဋ္ဌ ဦးရွှေသိန်း ကတော့ မြေပြိုမှု ဖြစ်ပွားပုံနဲ့ပတ်သက်လို့ ဘီဘီစီကို အခုလို ပြောပြပါတယ်။