ဇူလိုင် ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘန်ကောက်က ဘားမီးလောင်မှု သေဆုံးသူ ၂၈ ဦးအထိမြင့်တက်လာ
ဘန်ကောက်က စားသောက်ဆိုင်(ဘား) မီးလောင်မှုမှာ သေဆုံးသူ ၂၈ ဦးအထိရှိလာတဲ့သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဇူလိုင် ၁၃ ရက် မနက် ၃ နာရီ ၄၅ မိနစ်အထိ အတည်ပြုအချက်အလက်အရ စားသောက်ဆိုင် မီးလောင်မှုကြောင့် သေဆုံးသူ ၂၇ ဦး ရှိ။
- သေဆုံးသူတွေထဲ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ပြီး အမျိုးသမီးအများဆုံးဖြစ်။
- ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ရှိ၊ စိုးရိမ်ရသူ ၈ ဦး၊ ဒဏ်ရာရသူ ၇ ဦး (စောင့်ကြည့်အဆင့်) နဲ့ ဒဏ်ရာအနည်းငယ်ရသူ ၃ ဦး ရှိပြီး ဆေးရုံတွေကို ပို့ဆောင်ကုသပေးမှုပေးထား။
- ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်တမှုတွေလျှော့ချရေးလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူညီတွေ မြန်မာကဘယ်နေရာမဆိုပေးနိုင်ဖို့ ခွင့်ပြုရေး နေပြည်တော်ကို အာဆီယံ ထပ်တောင်းဆို
- မင်းကင်းမြို့နယ်ထဲ စွပ်စွဲချက်တွေကြောင့် NUG ပကဖက ဖမ်းဆီးထားတဲ့ SRF တပ်ခေါင်းဆောင် ကိုစံတင်ထွန်း ထွက်ပြေးလွတ်မြောက်နေ
- ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ လျှော့ချခဲ့တဲ့ စားသုံးဆီခွဲတမ်းတွေကို လာမယ့်ရက်ပိုင်းအတွင်း ပြန်တိုးပေးဖို့ရှိတယ်လို့ လုပ်ငန်းရှင်တချို့ပြော
- ထိုင်း၊ ပတ္တရားမြို့မှာ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ တွေ့ဆုံ
- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက ရေဘေးသင့်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်နေတယ်လို့ အေအေပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
ဘန်ကောက်က ဘားမီးလောင်မှုမှာ အရေးပါ်ထွက်ပေါက်တွေကို အဓိကစစ်ဆေးနေနေ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မနေ့ညပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ဘီယာဘား မီးလောင်မှုမှာ ဆိုင်ရဲ့အရေးပေါ် ထွက်ပေါက်တွေကို ထားသင့်တဲ့စံနှုန်းအတိုင်း ထင်သာမြင်သာရှိပြီး ထွက်လို့ လွယ်ကူအောင် ထား မထားဆိုတာကို အဓိက စုံစမ်းနေတယ်လို့ဆိုပြီး ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
ဒီမီးလောင်မှုမှာ လူပေါင်း ၂၇ ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းအများစုဟာ အရေးပေါ် ထွက်ပေါက်တစ်ခုအနီးက အိမ်သာတွေထဲမှာ စုပြုံတွေ့ခဲ့ရတာကြောင့် ရဲက အခုလို အာရုံစိုက် စုံစမ်းနေတာလို့လည်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒါကြောင့် အရေးပေါ် ထွက်ပေါက်တွေ ထင်သာမြင်သာအောင် မှတ်သားဖော်ပြ ထား မထားနဲ့ ဝင်ထွက် လွယ်အောင် ထား မထားဆိုတာကို ရဲတပ်ဖွဲ့က အဓိက စစ်ဆေးမှာလို့ ဆိုပါတယ်။
မီးလောင်ခဲ့တဲ့ဆိုင်အနောက်ဘက်မှာ ထွက်ပေါက် ၂ ခုရှိပြီး တစ်ခုက အိမ်သာတွေအနီးမှာ ဖြစ်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ညက မီးလောင်မှုမှာ သေဆုံး ရုပ်အလောင်းများစုကို အိမ်သာအနီးမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ကြီး ကစ်သာရာကတော့ မီးကြောင့် လျှပ်စစ်မီး ပြတ်တောက်သွားတဲ့အခါ ဆိုင်ထဲရောက်နေသူတွေဟာ အိမ်သာတွေထဲကို ထွက်ပေါက်လို့ မှားဝင်မိပြီး ပိတ်မိခဲ့တာဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။
''ဒီထွက်ပေါက်ကို သော့ခတ်ထားခဲ့လားဆိုတာကို ရဲက စုံစမ်းစစ်ဆေးနေပါပြီ။ သော့ခတ်ထားခဲ့တယ်ဆိုရင်တော့ ဒါဟာ အမျှော်အမြင်မဲ့မှု ဖြစ်ပါတယ်။'' လို့ သူက ပြောပါတယ်။
နောက်ထပ် ဆိုင်အနောက်ပေါက်တစ်ခုကတော့ မီးဖိုချောင်ကို ဖြတ်သွားရတာဖြစ်ပါတယ်။ အဲဒီအပေါက် ထွက်ပေါက်ပြ သင်္ကေတဟာ မီးကြောင့် အရည်ပျော်ကျခဲ့ပြီး မီးလုံးနဲ့ တံခါးလက်ကိုင် ပျောက်နေတယ်လို့လည်း သူက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။
ဒါကြောင့် တံခါးလှည့်ဖွင့်တဲ့လက်ကိုင် အရင်ကတည်းက ပျက်နေတာလား၊ မီးလောင်တာကြောင့် ပျက်နေတာလားဆိုတာကိုလည်း ဆက်ပြီး စစ်ဆေးနေတယ်လို့ ရဲချုပ်က ပြောတဲ့အကြောင်း သတင်းက ဆိုပါတယ်။
ရဲချုပ်အပြောအရ ထွက်ပေါက်ဘေးမှာ ၃ ပေလောက်ကျယ်တဲ့ လူသွားလမ်းရှိပေမဲ့ အဲဒီလမ်းပေါ်မှာလည်း စင်တွေ၊ သေတ္တာတွေနဲ့ပြည့်နေလို့ လူတစ်ယောက်ဖြတ်သွားလို့ရတဲ့ အကျယ်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
''လမ်းမှာ အခုလို ပစ္စည်းတွေ ပိတ်နေတာကိုကြည့်ရင် သူတို့ဟာ အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားမှုအပိုင်းမှာ ပေါ့ဆတာကို ပြသနေတယ်'' လို့ ရဲချုပ်က ပြောပါတယ်။
လက်ရှိမှာ မီးလောင်သွားတဲ့အဆောက်အဦ ကြံ့ခိုင်မှုကိုလည်း အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
မီးလောင်မှုမှာ သေဆုံးခဲ့သူ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ ဆေးမှုခင်းဌာနက ဖော်ထုတ်နေဆဲဖြစ်ပါတယ်။
ဒီနေ့ညနေပိုင်းအထိဆိုရင် သေဆုံးသူ ၁ ဦးထပ်တိုးလို့ မီးလောင်မှုမှာ သေဆုံးသူ ၂၈ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၇၀ ကျော်အထိရှိနေပါတယ်။
သေဆုံးသူတွေထဲ အမည်ဖော်နိုင်သူ ၁၀ ဦးရှိပြီး အဲဒီထဲမှာ လာအိုနိုင်ငံသားတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။
လူမှုအခက်အခဲ၊ လုံခြုံရေးနဲ့ အလုပ်အကိုင်အရေး CDM တွေ SCEF နဲ့ဆွေးနွေး
CDM ဝန်ထမ်းတွေရဲ့လူမှုအခက်အခဲတွေကို အထိုက်အလျောက် ဖြေရှင်းပေးရေး၊ အလုပ်ပြန်လုပ်နိုင်ရေးနဲ့ လုံခြုံရေးအပါအ၀င် အချက် ၉ ချက်ကို စီမံဆောင်ရွက်ပေးဖို့ CDM အဖွဲ့အစည်းတွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကို တောင်းဆို ဆွေးနွေးခဲ့တယ်လို့ဆိုပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC – SFU)က သတင်းထုတ်ပါတယ်။
SCEF နဲ့ ဒေသဆိုင်ရာ CDM ဝန်ထမ်းအဖွဲ့အစည်း ၈ ခုတို့ မနေ့က အွန်လိုင်းကနေ တွေ့ဆုံချိန် အခုလိုတောင်းဆိုလိုက်တာလို့လည်း အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။
တောင်းဆိုဆွေးနွေးတဲ့အဆိုပြုချက်တွေဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ကရင်နီ၊ မွန် စတဲ့ဒေသတွေက CDM ဝန်ထမ်းအစုအဖွဲ့တွေ စုပေါင်းညှိနှိုင်းပြင်ဆင်ထားတဲ့အချက်တွေလို့လည်း ဆိုပါတယ်။
သက်ဆိုင်ရာ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဒေသဆိုင်ရာ CDM အဖွဲ့အစည်းတွေကို အသိအမှတ်ပြုရေးအပါအဝင် အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့အခန်းကဏ္ဍ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရာမှာ SCEF နဲ့ NUCC တို့ရဲ့လုပ်ငန်းဆိုင်ရာကို CDM ဝန်ထမ်းတွေ ရှင်းလင်းစွာသိရေး လုပ်ဆောင်ပေးဖို့အချက်တွေကိုလည်း CDM အဖွဲ့ ၈ ခုက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ NUG ရဲ့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် SCEF ရဲ့မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်တာဝန်ယူထားတဲ့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနဲ့ တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့ တက်ရောက်ခဲ့ကြတယ်လို့ CCSC – SFU က ဆိုပါတယ်။
SCEF ကိုတော့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လမှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
မြန်မာအရေး ဖိလစ်ပိုင်နဲ့ထိုင်းခြေလှမ်းမှာ NUG မပါတဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိ
မြန်မာပြည်တွင်းစစ်ကို ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းချက်အနေနဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ဆီဟာဆက်ရဲ့ ရှင်းလင်းချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲဖို့ ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အာဆီယံက မျှော်လင့်ထားချက်နဲ့ နေပြည်တော်ဘက်က လက်ရှိရပ်တည်ချက်ကြားမှာတော့ ကွာဟချက်ကြီးကြီးမားမား ရှိနေဆဲဖြစ်ပါတယ်။
နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဘန်ကောက်အစည်းအဝေးနဲ့ပတ်သက်တဲ့ ကြေညာချက်မှာတော့ ''လွှတ်တော်က အတည်ပြုခဲ့တဲ့ အရေးကြီးအဆိုကို ရွေးကောက်ခံ အစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ တာဝန်ရှိကြောင်း'' ပြောဆိုထားပါတယ်။
တစ်ဖက်မှာတော့ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ အာဆီယံနဲ့ ဆက်ဆံရေးကို အပြည့်အဝ ပုံမှန်ပြန်ဖြစ်ချင်တဲ့သဘောထားရှိကြောင်း မကြာခဏထုတ်ပြောနေပါတယ်။
တဖက်မှာလည်း ထိုင်းနဲ့ ဖိလစ်ပိုင်တို့ရဲ့ ကနဦးခြေလှမ်းမှာ NUG မပါဘဲရှိနေပါတယ်။
ဆောင်ပါးအပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
အာဆီယံရဲ့ရှေ့ဆက်ထိတွေ့ပြောဆိုမှုတွေ လက်တွေ့ကျ မျှတဖို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေပြော
အာဆီယံအနေနဲ့ ရှေ့ဆက်လုပ်မယ့် ထိတွေ့ဆက်ဆံမှုတွေမှာ မူဝါဒပိုင်းသာမက လက်တွေ့မှာလည်း မျှမျှတတလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စာထုတ် တိုက်တွန်းပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအများစုရဲ့ ဇူလိုင် ၁၂ ရက် အလွတ်သဘောတွေ့ဆုံပွဲကို ရည်ညွှန်းပြီး NUG က အခုလို စာထုတ်ပြောတာဖြစ်ပါတယ်။
အာဆီယံအနေနဲ့ NUG အပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တခြား ဒီမိုကရေစီ အင်အားစုတွေအပြင် သက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံခဲ့ပေမဲ့ ဒီ ဆက်ဆံမှုတွေဟာ သီးခြားစီဖြစ်နေတယ်လို့ NUG က ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုဟာ တူညီတဲ့နိုင်ငံရေးအရှိန်အဝါ ဒါမှမဟုတ် ညီညွတ်တဲ့ မူဘောင်တစ်ခုအောက်မှာ ရှိ မနေတာကြောင့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်မှုတစ်ခုရဖို့ အာဆီယံအနေနဲ့ တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ NUG က ထောက်ပြပါတယ်။
အာဆီယံဘက်က နေပြည်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ ထိတွေ့ဆက်ဆံမှုတွေလုပ်တာက အောင်မြင်မှုစံနှုန်းတစ်ခု မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနဲ့ မျှတ ညီညွတ်ပြီး ပူးပေါင်းညှိနှိုင်းတဲ့ဆွေးနွေးမှုတွေ လုပ်နိုင်အောင် ဆောင်ရွက်မှသာ မြန်မာ့ငြိမ်းချမ်းရေးအတွက် စိတ်ချရတဲ့လမ်းကြောင်းကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ NUG က ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ရှေ့ဆက်ထိတွေ့မှုတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပါဝင်ပြီး မျှတမှုရှိတဲ့ဆွေးနွေး ဆက်ဆံမှုတွေလုပ်ဖို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပါဝင် မြန်မာ့ဒီမိုကရေစီအင်အားစု အစုအဖွဲ့ ၂၀ ကလည်း အစောပိုင်းမှာ တောင်းဆိုထားပါတယ်။
နေပြည်တော်က ကိုယ်စားလှယ်နဲ့ အာဆီယံဝန်ကြီးတွေရဲ့မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ မတိုင်ခင်ကတည်းက ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ဒီစာထဲမှာ အာဆီယံအနေနဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ နေပြည်တော်ကိုယ်စားလှယ်ကိုသာ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်ကိုလည်း ပူပန်တယ်လို့ အင်အားစုတွေက ပြောထားပါတယ်။
ဒီအင်အားစုတွေကတော့ စစ်အုပ်စုအနေနဲ့ နိုင်ငံထဲမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်နေတာ၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့်တွေကို ကန့်သတ်ထားတာအပြင် မြန်မာမှာ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်တာ မရှိဘူးလို့ အင်အားစုတွေက ထောက်ပြပါတယ်။
အလားတူ အာဆီယံအနေနဲ့ ဒီလိုဘုံသဘောတူညီချက် မူဘောင်တွေကို ငြင်းပယ်နေတဲ့ စစ်အုပ်စုနဲ့ အဆင့်မြင့်ဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကို မြန်မာက ဒီမိုကရေစီအင်အားစုတွေဘက်က လက်ခံနိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ဟာ မြန်မာက တိုင်းရင်းသားလက်နက်ကိုင်(EAOs) အဖွဲ့တချို့နဲ့ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံနေတယ်လို့ သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြန်မာက K2C ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party - KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်တယ်လို့ သတင်းရင်းမြစ်ရဲ့ ကနဦးပြောပြချက်အရ သိရပါတယ်။
ဘူးသီးတောင်က ရေဘေးသင့်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်နေတယ်လို့ အေအေပြော
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်ထဲမှာ မနေ့ဇူလိုင် ၁၂ ရက်မှာ မိုးသည်းပြီး ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ရွာတချို့ ရေမြုပ်ပြီး ဒေသခံတွေကို အေအေရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒေသတွင်းသတင်းတချို့မှာလည်း ဘူးသီးတောင်မြို့အထက်ပိုင်းက ရပ်ကွက်တချို့နဲ့ ရွာပေါင်း ၆ ရွာလောက်က သက်ကြီးပိုင်းနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံတွေကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။
အေအေထိန်းချုပ်ထားတဲ့မြို့နယ် ၆ ခု ထက်မနည်းမှာ ဇူလိုင်လဒုတိယ သီတင်းပတ်လောက်ကစပြီး ရေကြီးနေတာကြောင့် ကျေးရွာပေါင်းဆယ်နဲ့ချီ ရေမြုပ်နေတယ်လို့ သတင်းရင်းမြစ်တချို့က အဲဒီအချိန်ကတည်းက ပြောထားပါတယ်။
အေအေရဲ့လူသားစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကတော့ လက်ရှိရေကြီးမှုအခြေအနေကို စောင့်ကြည့်နေပြီး လိုအပ်တာတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
HDCO ကတော့ ဘူးသီးတောင်မြို့အပါအဝင် မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ်(ပလက်ဝ)စတဲ့မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာ ၇၀ နဲ့အထက်မှာ ရေဘေးသင့်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ခရိုင်ပြည်နယ်ထဲ အေအေ ထိန်းချုပ်နယ်မြေတွေမှာဖြစ်နေတဲ့ ရေကြီးမှု အတိုင်းအဆကို အေအေဘက်က အတိအကျ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒီနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာတော့ ရသေ့တောင်၊ မြောက်ဦးနဲ့ မောင်တောက ရွာတချို့မှာ ရေနည်းနည်း ပြန်ကျပြီး တချို့ရွာတွေမှာတော့ ရေမြုပ်တာ ဆက်ဖြစ်နေသေးတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီ၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ မနက်ဖြန်ဇူလိုင် ၁၄ ရက် မနက်ပိုင်းအထိ ဒေသအလိုက်နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပါတယ်။
အလားတူ ရခိုင်အပါအဝင် ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်းနဲ့ မွန် စတဲ့ဒေသတွေမှာ မိုးတိမ်တောင်တွေ ဆက်ပြီး ဖြစ်ထွန်းနေတာကြောင့် မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်လို့ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
ထိုင်း၊ ပတ္တရားမှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ EROs အချို့တွေ့ဆုံ
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် တို့ဟာ မြန်မာကတိုင်းရင်းသားလက်နက်ကိုင် - EROs အဖွဲ့တချို့နဲ့ ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဒီအကြောင်းသိရှိထားတဲ့ သံတမန် သတင်းရင်းမြစ်ကပြောပါတယ်။
ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်ရဲ့ ကနဦးရရှိတဲ့ အချက်အလက်တွေအရ ဖိတ်ကြားခံရတဲ့အထဲမှာ K2C ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party - KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်တယ်လို့ သူက ပြောပါတယ်။
''EROs တွေကိုလည်း တစုတစည်းတည်းတွေ့တာမဟုတ်ဘဲ သီးခြားတွေ့မယ်လို့ သိထားပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ ပတ္တရားကို ခေါ် တွေ့တာလို့ သိထားပါတယ်'' လို့ သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ ဘီဘီစီက မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
အာဆီယံရေးရာကျွမ်းကျင်သူ၊ နိုင်ငံရေးအကဲခတ် ဦးဝင်းမင်းကတော့ ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံအကျိုးစီးပွားအပေါ် အခြေခံပြီး မြန်မာအရေးဆွေးနွေးပွဲတွေကို ဦးဆောင်နေသလို နေပြည်တော်နဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတဲ့ ပုံစံပေါ်လာတယ်လို့ သူ့အမြင်ကို ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုမှာ အဓိက သက်ဆိုင်သူအားလုံးကို ဖိတ်ကြားတာမရှိဘဲ ရွေးချယ်ဖိတ်ကြားမှုရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရှုမြင်နေတယ်လို့သူကပြောပါတယ်။
သူ့အမြင်အရ ထိုင်းအစိုးရအနေနဲ့ ထိုင်းနယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာ အဓိကဖိတ်ခေါ် မှုဟာ နယ်စပ်ဒေသရှိ ဒုက္ခသည်ပြဿနာနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ပြဿနာတွေကို ဖြေရှင်းလိုတဲ့အတွက် သူ့ရဲ့အမျိုးသားအကျိုးစီးပွားအပေါ် ဦးစားပေးတာလို့ သူက သုံးသပ်ပါတယ်။
တစ်ဖက်မှာလည်း ဒီလို သီးခြားစီတွေ့ဆုံမှုက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖယ်ထားမှုဖြစ်စေတယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းရဲ့တက်ကြွမှုဟာ သူ့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး၊လုံခြုံရေးစဥ်းစားချက်တွေနဲ့လည်း ချိတ်ဆက်နေသလို တစ်ချိန်တည်းမှာ မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်လည်း ပုံဖော်လိုတာလို့ သံတမန်သတင်းရင်းမြစ်တချို့က အစောပိုင်းမှာ ပြောထားပါတယ်။
ပတ္တရားမှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နေပြည်တော်ရဲ့ NSPNC အဖွဲ့ဝင်တချို့ တွေ့ဆုံမယ်
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး လာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် တို့ဟာ နေပြည်တော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဖြစ်တဲ့ NSPNC က အဖွဲ့ဝင်တချို့နဲ့ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ တွေ့ဆုံမယ်လို့ NSPNC နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရှိရပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တာဖြစ်ပြီး ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူအပြီးမှာ ပြန်လည်ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။
ဒီနေ့ ပတ္တရားက ဆွေးနွေးပွဲကိုတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ ဦးလှမောင်ရွှေတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်တယ်လို့ သိရှိရပါတယ်။
ဘန်ကောက်အခြေစိုက်သံတမန်ရင်းမြစ်ကတော့ ''မြန်မာအရေးမှာ ထိုင်းရဲ့အခန်းကဏ္ဍက ရှေ့ကို ရောက်လာပြီး နေပြည်တော်ကို အာဆီယံမှာ ပြန်ဝင်ဆံ့ဖို့ အားထုတ်ပေးနေတာ'' လို့ ကောက်ချက်ချပါတယ်။
တဖက်မှာလည်း ဒီကနေ့မှာပဲ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ဟာ မြန်မာကတိုင်းရင်းသားလက်နက်ကိုင်( EROs) အဖွဲ့တချို့နဲ့ သီးခြား တွေ့ဆုံဖို့ရှိနေတယ်လို့ EROs တချို့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကနေ သိရှိထားရပါတယ်။
''ထိုင်းက နှစ်ဖက်စလုံးကို အပြိုင်တွေ့နေတဲ့သဘောရှိတယ်'' လို့ NSPNC နဲ့ နီးစပ်သူကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ ဘီဘီစီက မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ဘီဘီစီအနေနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မှု ရှိ၊ မရှိကိုလည်း သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
စားဆီပြင်ပပေါက်စျေး ၂ ဆနီးပါးစျေးတက်နေချိန် မြို့ကြီးတွေရဲ့စားဆီခွဲတမ်း ပြန်တိုးဖို့ရှိတယ်လို့ဆို
ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စာသုံးဆီခွဲတမ်းကို တန်ချိန်ထောင်ချီအထိ လျှော့ချခဲ့ပြီး တစ်ပတ်အကြာမှာပဲ ဆီခွဲတမ်းကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ စားသုံးဆီခွဲတမ်းတွေကို လာမယ့်ရက်ပိုင်းအတွင်း ပြန်တိုးပေးဖို့ရှိတယ်လို့ ဆီလုပ်ငန်းရှင်တချို့ဆီကနေ သိရပါတယ်။
ရန်ကုန်တိုင်းရဲ့ဆီခွဲတမ်းကို ဇူလိုင် ပထမအပတ်မှာ တန်ချိန် ၁၄,၈၅၀ ကနေ ၆,၀၁၅ ခန့် လျှော့ချခဲ့တာကြောင့် ဒါဟာ ခွဲတမ်းကို ထက်ဝက်ကျော် လျှော့ချခဲ့တာဖြစ်ပါတယ်။
ဆီလုပ်ငန်းရှင်တွေကတော့ နေပြည်တော်ဟာ နိုင်ငံခြားငွေအသုံး လျှော့ချဖို့ဆိုပြီး စားသုံးဆီ တင်သွင်းတာကို လျှော့ချလိုက်လို့ ပြည်တွင်းမှာ ခွဲတမ်းတွေလည်း လျော့ကျသွားတာလို့ပြောပါတယ်။
ရန်ကုန်က စားသုံးဆီလုပ်ငန်းရှင်တစ်ဦးကတော့ လျှော့ချခဲ့တဲ့ဆီခွဲတမ်းတန်ချိန် ၆,၀၁၅ ကို လာမယ့်ရက်ပိုင်းအတွင်း မူလအတိုင်းဖြစ်အောင် ပြန်တိုးပေးသွားဖို့ရှိတယ်ဆိုပြီး သိရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
ဆီခွဲတမ်း လျှော့ချပြီးနောက် လူနေထူထပ်မှုများတဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စားသုံးဆီ ရှားပါးမှုဖြစ်နေပြီး ဈေးတွေ ၂ ဆဝန်းကျင် မြင့်တက်လာတာကြောင့် ဆီခွဲတမ်းကို ပြန်တိုးပေးဖို့ စီစဉ်နေတာလို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။
မန္တလေးတိုင်းမှာလည်း ခွဲတမ်းလျှော့ချခဲ့တဲ့ ဆီတန်ချိန် ၃၆၉ တန်နဲ့ နေပြည်တော်အတွက် တန်ချိန် ၁,၀၂၅ တန်ကိုလည်း ပြန်တိုးပေးမှာဖြစ်တယ်လို့ အဲဒီဒေသက စားသုံးဆီ လုပ်ငန်းရှင်တချို့ဆီကနေ သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာတော့ ဆီလုပ်ငန်းရှင်များအသင်းကနေ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ အိမ်ထောင်စုတစ်စုအတွက် စားသုံးဆီ တစ်ပိဿာကို ကျပ် ၇,၀၀၀ ကျော်နဲ့ ရောင်းချပေးနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“အကြော်ဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့လို သတ်မှတ်ထားတဲ့လုပ်ငန်းရှင်တွေကိုတော့ ဦးစားပေး ရောင်းတာပေါ့” လို့ သူက ဖြည့်ပြောပါတယ်။
တစ်ပိဿာကို ဆီလုပ်ငန်းရှင်များအသင်းက ချပေးတဲ့ ဆီဈေး ကျပ် ၇,၆၇၅ နဲ့ ဝယ်ယူခဲ့တယ်လို့ သင်္ဃန်းကျွန်းမှာနေထိုင်တဲ့မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ရန်ကုန်က မြို့နယ်အလိုက် ရပ်ကွက်ဈေးတွေမှာတော့ စားသုံးဆီ တစ်ပိဿာကို ကျပ် ၁၇,၀၀၀ ကနေ ၁၈,၀၀၀ ကြား ဈေးပေါက်နေတယ်လို့ ရန်ကုန်မှာနေထိုင်တဲ့သူတချို့က ဆိုပါတယ်။
ဇူလိုင်လထဲမှာပဲ နေပြည်တော်သမ္မတရုံးပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကတော့ မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့စားဆီ စားသုံးမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့အကြံပြုချက်ထက် ကျော်လွန်နေပြီး ဒါကြောင့် ပြည်တွင်းကို စားဆီသွင်းရတဲ့နိုင်ငံခြားငွေ ပမာဏလည်း တိုးလာရတယ်လို့ ပြောပါတယ်။
ပြည်တွင်းမှာ စားသုံးဆီတွေ ဈေးတက်နေတာကို စိစစ်မယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ပြည်တွင်း မြို့ကြီးတွေမှာ ဒီနေ့ စားဆီ ပြင်ပ ပေါက်စျေးဟာ အာဏာပိုင်တွေ ရောင်းချပေးတဲနှုန်းထက် ၂ ဆ ကျော်နေပါတယ်။
မင်းကင်းမြို့နယ်ထဲ NUG ဖမ်းထားတဲ့ကျောင်းသားတပ်(SRF)ခေါင်းဆောင် အချုပ်ကနေ ထွက်ပြေး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲ စွပ်စွဲချက်တွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်(SRF)ခေါင်းဆောင် ကိုစံတင်ထွန်းဟာ အချုပ်ကနေ ထွက်ပြေးသွားတယ်လို့ မင်းကင်းမြို့နယ် ပကဖနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုစံတင်ထွန်းကို အချုပ်ထောင်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး “ဇူလိုင် ၇ ရက်နေ့တုန်းက လွတ်သွားတာဆိုတော့ တစ်ပတ်နီးပါး ကြာနေပြီ” လို့ သူက ဆက်ပြောပါတယ်။
ဦးစံတင်ထွန်းကို သူ့ရဲ့ SRF တပ်ဖွဲ့ဝင် ၄ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ကြိုတင်ပြင်ဆင် လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့နဲ့အတူ ပကဖ အချုပ်ထောင်ကို စောင့်ကြပ်တဲ့ ပကဖတစ်ဦးလည်း ထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
“အချုပ် တာဝန်ခံ ပကဖ ကိုပါ စည်းရုံးပြီး အတူတူ ပြေးသွားကြတာ” လို့ သူက ပြောပါတယ်။
ကိုစံတင်ထွန်း ခေါင်းဆောင်တဲ့ SRF ဟာ မင်းကင်းမြို့နယ်ထဲ တပ်သားသစ်စုဆောင်းတာ၊ ကာကွယ်ရေးစရိတ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အိမ်ထောင်စုအလိုက် ဖိအားပေးငွေကြေးတောင်းခံတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။
မင်းကင်းမှာ NUG အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးလည်း လည်ပတ်တာဖြစ်လို့ ကိုစံတင်ထွန်းခေါင်းဆောင်တဲ့ SRF နဲ့ NUG အုပ်ချုပ်ရေးတို့ အခုနှစ် ဖေဖော်၀ါရီလမှာ တင်းမာမှုဖြစ်ခဲ့ပါတယ်။
အဲဒီနောက် မေလ ၂၇ ရက်မှာတော့ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို NUG ရဲ့ မင်းကင်းမြို့နယ် ပကဖကနေ အင်အားသုံးပစ်ခတ်မှု တွေလုပ်ပြီး ဖမ်းဆီးထားတယ်လို့ SRF က စာထုတ်ပါတယ်။
မင်းကင်းပကဖနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ဦးစံတင်ထွန်းတစ်ဦးတည်းကိုသာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့ SRF တပ်ဖွဲ့ဝင်တချို့ကို အကျယ်ချုပ်သဘောနဲ့ ဒေသထဲမှာ နေထိုင်ခွင့်ပေးထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ SRF တပ်ဖွဲ့ဝင်တချို့ကို အကျယ်ချုပ်သဘောနဲ့ လွတ်လပ်စွာနေထိုင်ခွင့်ပေးထားတာမျိုး ဟုတ်မဟုတ် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲဒီနောက် မေလကုန်ပိုင်းမှာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကနေ SRF ရဲ့ဥက္ကဋ္ဌ နဲ့ NUG ရဲ့ မင်းကင်းနဲ့ ကလေးခရိုင် တပ်ရင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီး သဘောတူညီချက်ရခဲ့တယ်လို့ မင်းကင်း ပအဖက ထုတ်ပြန်ပါတယ်။
သဘောတူညီချက်အရ အမှုဖွင့်တိုင်ကြားခံရတဲ့ SRF ရဲဘော်တွေကို ဥပဒေဘောင်ထဲက ဖြေရှင်းဖို့နဲ့ ပြစ်မှုကျူးလွန်မှုမရှိတဲ့ SRF ရဲဘော်တွေကို NUG ရဲ့ COC နှစ်ရပ်ကို လက်ခံပြီးတော်လှန်ရေးဆက်လုပ်ဖို့ ဆိုတဲ့အချက်တွေကို လက်ခံခဲ့ကြတယ်လို့ မင်းကင်းပအဖရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
CoC နှစ်ရပ်ဆိုတာဟာ ဆင့်ကဲကွပ်ကဲမှုစနစ် (Chain of Command)နဲ့ စစ်သည်ကျင့်ဝတ်(Code of Conduct) ကိုဆိုလိုတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ပြီးတဲ့နောက် NUG ရဲ့ COC ကို သဘောတူလက်ခံပြီး ဝင်လာတဲ့ SRF ရဲဘော်အရေအတွက် ၁၀၀ ရှိတယ်လို့ မင်းကင်းမြို့နယ် ပကဖတစ်ဦးကပြောပါတယ်။
မင်းကင်းက SRF နဲ့ ကိုစံတင်ထွန်းတို့ အခြေအနေနဲ့ပတ်သက်ပြီး ဘီဘီစီက SRF ဘက် ပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
လူငယ်တွေ ဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေ ဘယ်လိုကူညီနေလဲ
တောင်ကိုရီးယားမှာ လူငယ်တွေ လက်ထပ်ထိမ်းမြားနှုန်းနဲ့ ကလေးယူနှုန်းကျဆင်းနေတာကြောင့် ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဖူးစာ ရှာဖွေပေးတဲ့အစီအစဉ်တွေ လုပ်နေပါတယ်။
ဒီအချိန်မှာပဲ တောင်ကိုရီးယားက နာမည်ကျော် ပယ်လဂွန်ဆယ်တောင် သစ်ရိပ်ဝါးရိပ်အောက် ကျောင်းတော်တစ်ခုထဲမှာ လူငယ်ဆယ်ကျော်သက်တွေကို ဖူးစာရှာပေးတဲ့အစီအစဉ်တစ်ခု ရှိနေပါတယ်။
ဒီလူငယ်တွေဟာ နာရီပေါင်း ၃၀ အတွင်း ပြုလုပ်မယ့်အစီအစဉ်တွေမှာ ပါဝင်ပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်း အနေအထားကနေ မေတ္တာသက်ဝင်သွားကြတဲ့အထိ ဖြစ်မလားဆိုတာကို ကြိုးပမ်းကြရမှာပါ။
ထူးခြားတာက အခုဖူးစာဖက်ရှာပေးတဲ့အစီအစဉ်ကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။
ကျောင်းက ပြန်အထွက်မှာ ဒီလူငယ်တွေ ဖူးစာဖက်အသီးသီးရရှိကြမှာပါလား။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေကို ပြန်လွှတ်ပေးရေးအပါအဝင် အချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေလျှော့ချရေးလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူညီတွေ မြန်မာတလွှား ကျယ်ကျယ်ပြန့်ပြန့်ရောက်နိုင်ဖို့တွေ ပြုလုပ်ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာကို တောင်းဆိုခဲ့တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မနေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကနေ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံချိန် ထပ်ပြီး တောင်းဆိုလိုက်တာလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က ပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အကြမ်းဖက်မှုတွေကို အပြီးတိုင် ရပ်တန့်ဖို့၊ မြန်မာနိုင်ငံအနှံ့အပြား ဘယ်နေရာကိုပဲဖြစ်ဖြစ် လူသားစာနာမှုအကူအညီတွေ အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center)ကနေတဆင့် ပေးနိုင်ရေးကိုလည်း အာဆီယံဝန်ကြီးတွေက တောင်းဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လာရင် အပြုသဘောဆောင်တဲ့ သိသာတဲ့တိုးတက်မှုတစ်ခုကိုလည်း မြင်တွေ့လိုတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က ထုတ်ပြောပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာထရီဇာ လာဇာရိုကလည်း ဆွေးနွေးပွဲအပြီး ဇူလိုင် ၁၃ ရက်မှာပဲလုပ်တဲ့ သူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်ပြီး စောင့်ရှောက်ထားတယ်လို့ နေပြည်တော်ဝန်ကြီး ဦးတင်မောင်ဆွေရဲ့ပြောပြချက်ကို သူက အသိပေးထားပါတယ်။
မြန်မာနဲ့ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ရာလည်း အရင်အတိုင်း အရေးပါနေဆဲဖြစ်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထောက်ပြတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ကထပ်ပြောပါတယ်။
နေပြည်တော်ကို အာဆီယံဝန်ကြီးတွေ တောင်းဆိုတဲ့အချက်တွေအပေါ် နေပြည်တော်ဘက်က ဘယ်လိုတုံ့ပြန်မလဲ၊ တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အခြေအနေတွေကိုလည်း အာဆီယံက ဆက်ပြီးစောင့်ကြည့်နေတယ်လို့ သူက သတင်းစကားပါးပါတယ်။
ဘန်ကောက်မြို့က ဘီယာ ဘား မီးလောင်မှုကို စုံစမ်းစစ်ဆေးရေး စတင်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လက်ဖရောင်လမ်းပေါ်က လူ ၂၇ ဦးသေဆုံးခဲ့တဲ့ ဘီယာဆိုင် မီးလောင်မှုကို ထိုင်းအာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းကစလို့ စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ဘီဘီစီထိုင်းဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။
ဆေးမှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးသူတွေနဲ့ ဓာတုကျွမ်းကျင်သူတွေဟာ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ အဆောက်အဦရဲ့ဘေးကင်းလုံခြုံမှုစံနှုန်းတွေကို ဘန်ကောက်စံတော်ချိန် ဒီနေ့ နက် ၉ နာရီကစလို့ စတင်စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီဖြစ်ရပ်မှာ ထိခိုက်သေဆုံးသူတွေရဲ့ကျန်ရစ်သူ မိသားစုတွေကို အကူအညီပေးဖို့ ညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ထားလိုက်ပြီဖြစ်ပါတယ်။
ထိုင်းသတင်းဌာန ခေါက်ဆွတ်မှာတော့ သေဆုံးသူ ၂၇ ဦးထဲက ၁၀ ဦးဟာ ဘယ်သူတွေလဲဆိုတာကို အာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းမှာ အမည်ဖော်ထုတ်နိုင်ပြီလို့ သတင်းဖော်ပြပါတယ်။
ဘားဆိုင်မီးလောင်ပြီးနောက် ဘန်ကောက်မြို့တော်ဝန်ရဲ့ပြောကြားချက်များ
- ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA)ရဲ့ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့၊ မှုခင်းဆေးပညာရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အခင်းဖြစ်ပွားတဲ့ နေရာကို စစ်ဆေးနေ၊ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါကို အတည်ပြုဖော်ထုတ်နေ
- ကနဦးစစ်ဆေးချက်များအရ သေဆုံးသူအချို့ကို အဆောက်အအုံရဲ့ ဘယ်ဘက်အရေးပေါ်ထွက်ပေါက်အနီး မှာ တွေ့ရှိခဲ့ကြောင်း၊ ထွက်ပေါက်ပိတ်ဆို့မှုရှိခဲ့နိုင်ပေမဲ့ အတည်ပြုနိုင်ဖို့ အသေးစိတ်စုံစမ်းစစ်ဆေးရမယ်လို့ဆို
- ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဘန်ကောက်က အရက်၊ဘီယာနဲ့ ဘားဆိုင်တွေရဲ့ စီးပွားရေးလိုင်စင်နဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေကို စစ်ဆေးသွားမယ်လို့ဆို
- အထူးသဖြင့် မီးဘေးအရေးပေါ်ထွက်ပေါက် အရေအတွက်နဲ့ အခြေအနေ၊ အရေးပေါ်ထွက်ပေါက် အမှတ်အသားတွေမြင်သာမှုနဲ့လမ်းကြောင်းများမှာ ပိတ်ဆို့မှု ရှိ၊ မရှိ တို့ကို စစ်ဆေးမယ်လို့ဆို
ဘန်ကောက်က ဘားဆိုင်မီးလောင်မှု လူ ၂၇ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘီယာနဲ့ အရက်ရောင်းချတဲ့ဘားဆိုင်တစ်ဆိုင် မနေ့ ဇူလိုင် ၁၁ ရက် ည ၁၁ နာရီ ၅၇ မိနစ် က မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီး အများဆုံးပါဝင်ပြီး အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦးအထိရှိခဲ့ပါတယ်။
မျက်မြင်သက်သေတချို့ရဲ့ ပြောကြားချက်အရ ဘားဆိုင်မှာရှိတဲ့ သီချင်းဆိုဖျော်ဖြေတဲ့ စင်မြင့်အနီးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသလို အဲဒီနောက်မှာ မီး ကူးစက်မှုမြန်လွန်းကာ အခန်းတစ်ခုလုံးကို မီးခိုးတွေနဲ့ ဖုံးသွားတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ဆိုင်ထွက်ပေါက်ကနေ မီးတောက်ကြီးတွေ အရှိန်ပြင်းစွာ ထွက်ပေါ်နေပြီး ဆိုင်ထဲက လူတွေက ထိတ်လန့်တကြား အပြင်ကို ထွက်ပြေးနေကြပါတယ်။ အချို့ဆိုရင် အင်္ကျီမှာ မီးစွဲတဲ့အထိ ဖြစ်လာပြီးထွက်ပြေးလာတာတွေ့ရပါတယ်။
မီးသတ်သမားတွေက မီးကို အချိန်တိုအတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ သေဆုံးသူအများစုရဲ့ ရုပ်အလောင်းတွေကို သန့်စင်ခန်း အတွင်း တွေ့ရှိခဲ့ပြီးအများစုက အဲဒီမှာ မီး လွတ်မယ်လို့ယူဆပြီး နေခဲ့ကြဟန်တူတယ်လို့ ကနဦးကောက်ချက်ချထားကြပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောထားပါတယ်။
မီလောင်မှုဖြစ်တဲ့နေရာကို ထိုင်းဝန်ကြီးချုပ်အနုတင် သွားရောက်ခဲ့ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်တဲ့ ဘားဆိုင်ဟာ ဘီယာဘားလို့လူသိများပြီး ဘန်ကောက်မြို့က လူသိများတဲ့ ချက်တူချက်အရပ်က လပ်ဖရောင်းမှာရှိတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်ကလည်း ဘန်ကောက်မြို့တောင်ဘက်က မြို့ တခုမှာ ဘားဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကလည်း ဘန်ကောက်ရှိ နိုက်ကလပ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၆၆ ဦး သေဆုံးခဲ့ပါတယ်။
မင်္ဂလာပါ။ ဇူလိုင် ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။