ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

သံတွဲကို စစ်တပ်ဗုံးကြဲမှု လူ ၁၄ ဦးသေဆုံး

သံတွဲကို စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေအပါအဝင် ၁၄ ဦးသေဆုံးပြီး နောက်ထပ်အယောက် ၂၀ ကျော် ဒဏ်ရာရ၊ ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားထောင်ချီကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီဆီကို ပြန်လွှဲပေးနေတဲ့ သတင်းနဲ့အတူ စက်တင်ဘာလ ၂၆ ရက်နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု

အနှစ်ချုပ်

  • အာရက္ခတပ်တော်(AA)က နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၄ ဦးသေဆုံးတယ်လို့ အေအေက ပြောပါတယ်။
  • ထိုင်းမှာတရားမဝင်ရွှေ့ပြောင်းလုပ်သား ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းမိတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ချီကို ထိုင်းအာဏာပိုင်တွေက မြန်မာစစ်ကောင်စီကို လွှဲ‌ပြောင်းပေးနေပါတယ်။
  • ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ပေါင်းပြီး အမေရိကန်ထောက်ပံ့မှုယူနေတယ်လို့ စစ်ကောင်စီစွပ်စွဲလိုက်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာလ ၂၆ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မုံရွာထောင်ကနေ ရေကြောင်းနဲ့ခေါ်ထုတ်သွားတဲ့ နိုင်/ကျဉ်း ၁၀၀ မကွေးထောင် ပို့ခံရတယ်လို့ဆို

    စက်တင်ဘာ ၂၁ ရက်တုန်းက မုံရွာအကျဉ်းထောင်ကနေ ခေါ်ထုတ်သွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို မကွေးထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

    ဒီနိုင်ငံရေးအကျဉ်းသားတွေကို ရေကြောင်းကတဆင့်ခေါ်ထုတ်သွားတာဖြစ်ပြီး မိသားစုတွေကိုကြိုတင် အကြောင်းကြားတာမရှိခဲ့ဘူးလို့ဆိုပါတယ်။

    “အကျဉ်းသားတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ ကိုဝေမိုးနိုင်တော့ ‌ထောင်ပြောင်းတဲ့ ထဲမပါပါဘူး”လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီ အဖွဲ့ဝင်ကပြောပါတယ်။

    ထောင်ပြောင်းခံရတဲ့ နိုင်ကျဉ်းတွေဟာ ထောင်အာဏာပိုင်တွေကို ထောက်ပြပြောဆိုလို့ပြောင်းခံရတာလို့ သူက ပြောပါတယ်။

    မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက ၂၀၂၃ ခုနှစ် စက်တင်ဘာတုန်းကလည်း အစာငတ်ခံဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။

    ဒီဆန္ဒထုတ်ဖော်တာနဲ့ဆက်စပ်ပြီး နိုင်ကျဉ်း ၁၇ ဦးလည်း တရားရင်ဆိုင်နေရဆဲဖြစ်ကာ ရှေ့ နေငှားရမ်းပြီး ပြန်လည်ချေပခွင့်မရကြဘူးလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီ က ထုတ်ပြန်ထားပါတယ်။

    မုံရွာထောင်ပြောင်းပြီးနောက်တစ်ရက် စက်တင်ဘာ ၂၂ ရက်မှာ အင်းစိန်ထောင်က နိုင်ကျဉ်းအပါအဝင် အကျဉ်း သား ၅၀၀ ကို ဒိုက်ဦး နဲ့ သာယာဝတီထောင်တွေဆီ ရွှေ့ပြောင်းခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။

    ၂၀၂၄ ခုနှစ်အတွင်း ထောင်ပြောင်းရွှေ့မှု ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အကျဉ်းသားထောင်နဲ့ချီ ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပါတယ်။

  3. မူဆယ်က ကျားဖြန့်လုပ်ငန်းကိုဝင်ရောက်စီးနင်းချိန် ပြည်သူ့စစ်အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီပြော, ကျားဖြန့်လုပ်ငန်းကနေ တရုတ်၊မြန်မာ စုစုပေါင်း ၇၀၀ ကျော်ဖမ်းမိတယ်လို့ဆို

    စစ်ကောင်စီတပ်က စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ရှမ်းမြောက်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်အိမ်ရာဝန်းထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)ကို ဝင်ရောက်စီးနင်းခဲ့ပြီး ငွေလိမ်ဂိုဏ်းမှာလုပ်ကိုင်နေသူ ၇၄၉ ဦးကိုဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသားက ၁၉၄ ဦး နဲ့ မြန်မာနိုင်ငံသား ၅၅၅ ဦး ပါဝင်တယ်လို့ဆိုပါတယ်။ “ဝင်ဖမ်းတဲ့အချိန်မှာ မူဆယ်မြို့မှာဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်မန်ပိန်းအဖွဲ့က စတင်ပစ်ခတ်ခဲ့တာရှိပါတယ်။ပစ်ခတ်မှုအတွင်း စစ်သည်နဲ့အရာရှိတချို့ ထိခိုက်ဒဏ်ရာရရှိတာရှိပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    ဒီစီးနင်းမှုအတွင်း ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ပစ္စည်းတွေ၊ဖုန်း၅၈လုံး၊တရုတ်ယွမ်ငွေ ၇ သိန်းကျော် နဲ့ လက်နက် ၅ လက် သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

    ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရုတ်နိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းမှာ ဖြစ်ပြီး ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီကပြောထားပါတယ်။

    မူဆယ်မြို့ဟာ ရှမ်းမြောက်မှာ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ မူဆယ်မြို့ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဟိုင်ဂင်ဆွေးနွေးပွဲပေါ်ပေါက်လာပြီးနောက် ကျန်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

    တရုတ်-မြန်မာ နယ်စပ်ဂိတ်နားက မင်္ဂလာမူဆယ် စျေးဝယ်စင်တာဝန်းဟာ တရုတ်ပြည်နဲ့ ရွှေလီမြစ်ပဲခြားတဲ့ နယ်စပ်ဘေးမှာရှိတာဖြစ်ပါတယ်။

  4. အဆင့်မြင့်အရာရှိတွေပါတဲ့ ရိုဟင်ဂျာအရေးဆွေးနွေးပွဲလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ပြင်ထား, အမေရိကန်က ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ဒေါ်လာ ၁၉၉ သန်း‌ထောက်ပံ့မယ်

    ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ မိုဟာမက်ယူနွတ်ကဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်နေတဲ့ ရိုဟင်ဂျာတွေအရေးအဆင့်မြင့်အစည်းအဝေးတရပ်ကိုကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး တာဝန်ခံ တောဟစ်ဟူစိန်က ပြောပါတယ်။

    မိုဟာမက်ယူနွတ် ဟာ အမေရိကန်၊ နယူးယောက်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ကိုရောက်နေပြီး အဲဒီညီလာခံရဲ့ ဘေးပန်းဆွေးနွေးပွဲအနေနဲ့ အဆင့်မြင့်အရာရှိတွေပါတဲ့ ရိုဟင်ဂျာတွေအရေးဆွေးနွေးပွဲတရပ်ကို ကျင်းပဖို့ပြင်နေတာလို့ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီအစည်းအဝေးကို အဆင့်မြင့်အစည်းအဝေးဖြစ်မယ်လို့ပြောပြီး ပါဝင်ဆွေးနွေးသူများများနဲ့ ကျင်းပဖို့ကြိုးစားနေပါတယ်။

    ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်ကတော့ မြန်မာဘက်ကရိုဟင်ဂျာ ၁ သန်း ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေပြီး ဒီပမာဏဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကလက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်နေတာကြောင့် ရိုဟင်ဂျာအရေးဖြေရှင်းနိုင်မယ့် အကြံသစ်တွေပေးဖို့ ကုလမိန့်ခွန်း မှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒါအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပါဝင်သင့်သူအားလုံးပါဝင်တဲ့ ရိုဟင်ဂျာအရေးညီလာခံကို အမြန်ဆုံးကျင်းပေးရေးကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ကလည်း ဘင်္ဂလားဒေ့ရှ်အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခေါ်ယူထားတဲ့ဒေသတွင်းက အိမ်ရှင်လူ့အဖွဲ့အစည်းနဲ့ ရိုဟင်ဂျာတွေအရေး ကူညီရေးကိစ္စရပ်တွေမှာ အမေရိကန်ဒေါ်လာ ၁၉၉ သန်း ထည့်ဝင်သွားမယ် လို့ အမေရိကန် အရပ်ဘက်လုံခြုံရေး၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး အူဇရာဇေယာက ပြောထားပါတယ်။

    “အမေရိကန်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လက်ခံထားတဲ့ လူ့အဖွဲ့အစည်း မြှင့်တင်ရေးအတွက် ဘင်္ဂလား‌ဒေ့ရှ်ကြားဖြတ်အစိုးရ နဲ့အတူ လက်တွဲလုပ်ကိုင်သွားပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ကြီးလေးတဲ့တာဝန်ကြီးကို ဘင်္ဂလား‌ဒေ့ရှ်တစ်နိုင်ငံတည်းကပဲတာဝန်ယူရတာမျိုးမဖြစ်စေချင်ဘူး” လို့ အတွင်း ရေးမှူး အူဇရာ ဇေယာက ပြောပါတယ်။

    အမေရိကန်ရဲ့အထောက်အပံ့ကို ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယာယီစခန်း၊စားနပ်ရိက္ခာ၊ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ပညာရေး နဲ့ အရည်အသွေးမြှင့်တင်ရေးသင်တန်းတွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အူဇရာ ဇေယာက ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာအရေးမှာ ဒေသတွင်းအာဆီယံအဖွဲ့ဝင်တွေရဲ့ ကူညီထောက်ပံ့မှု ရယူပြီး ဆက်လက်လုပ်ကိုင်ဖို့ တိုက်တွန်းတယ်လို့ဆိုထားပါတယ်။

    အမေရိကန်အနေနဲ့ ၂၀၀၉ ခုနှစ်ကစလို့ ရိုဟင်ဂျာဒုက္ခသည် ၁၇,၀၀၀ ကို ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့သလို ၂၀၂၂ခုနှစ်နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

  5. ချင်းနဲ့ယောနယ်အစပ်က စစ်ရှောင်သားအမိ ၂ ဦး တောင်ကျရေနဲ့မျောပါသေဆုံး

    ချင်းပြည်နယ်၊မင်းတပ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ‌တောင်ကျရေရုတ်တရက်စီးဆင်းလာတာကြောင့် ဒီကနေ့ စက်တင်ဘာ ၂၆ ရက်မှာ မင်းတပ်မြို့နယ် နဲ့မကွေးတိုင်း၊ယောနယ်အစပ်က စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ရေထဲမျောပါ သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးသွားခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    “အတူနေတဲ့စစ်ရှောင်တွေက ဝိုင်းဆွဲကြသေးပေမယ့် ရေအားသန်လို့ ပါသွားတယ်ပြောကြတယ်။ကျွန်တော်တို့ ကတော့ ရေလွတ်တဲ့ဆီရွှေ့ပေးတာပဲလုပ်နိုင်တယ်။ ငွေကြေးမရှိတော့ တခြားဟာလည်းမကူနိုင်ဘူးလို့” သူက ပြောပါတယ်။

    သေဆုံးသူမိသားစုမှာ ကလေးဖခင်နဲ့အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးကျန်ရစ်တယ်လို့ ပြော ပါတယ်။ ဒီစစ်ရှောင်စခန်းအပြင် ယောနယ်ထဲက မင်းတပ်စစ်ရှောင်တွေနေထိုင်တဲ့ စခန်းနောက်တစ်ခုမှာလည်း တောင်ကျ ရေကြောင့် ရေဘေးကြုံခဲ့ရပြီး စစ်ရှောင်တွေနေအိမ်အများစုပျက်စီးသွားတာပါ။

    အဲဒီစခန်းတွေမှာတော့ စက်တင်ဘာ ၂၆ ရက်၊ ဒီနေ့မှာ ရေပြန်ကျသွားပေမယ့် စစ်ရှောင်တွေမှာ စားစရာနဲ့ ခြုံစောင်တွေ အခက်အခဲ ဖြစ် နေတယ်လို့လည်း ကယ်ဆယ်ရေးသွားခဲ့သူက ဘီဘီစီကို ပြောပါတယ်။

    ဒီစစ်ရှောင်စခန်း ၂ ခုမှာ ‌နေထိုင်သူတွေဟာ မင်းတပ်မြို့နယ်အတွင်းလေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ရှောင်နေထိုင်နေရသူတွေဖြစ်ပါတယ်။ ဒီစစ်ရှောင်စခန်းရှိတဲ့နေရာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ထိန်းချုပ်နေရာတွေဖြစ်ပြီး ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်‌တောက်ခံထားရပါတယ်။

  6. ချင်းမိုင်မြို့မှာ ပင်းမြစ်ရေလျှံလို့ စံချိန်တင်ရေကြီးနေ

    ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ မြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ပင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော် နေတာကြောင့် မြစ်ဘေးတလျှောက်နဲ့ ချင်းမြိုင်မြို့ဟောင်းအရှေ့ဘက်ခြမ်းက နေရာတွေမှာ ရေကြီးနေပါတယ်။

    ပင်းမြစ်ရေကြောင့် နဝရတ်တံတားအနီးက အမေရိကန်ကောင်စစ်ဝန်ရုံး၊ ဝါရိုရော့စျေးရှိတဲ့ ချင်းမိုင်တရုတ်တန်းအပြင် မြန်မာတွေ အနေများတဲ့ ပင်းမြစ်တောင်ပိုင်းမြေနိမ့်ပိုင်း ဟန်တုံးရပ်ကွက်မှာလည်း ကားလမ်းတွေ ရေလျှံနေပါတယ်။

    မြို့ခံတွေကတော့ အခုတစ်ကြိမ်ရေကြီးမှုဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးလို့ပြောပါတယ်။

    ချင်းမိုင် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ကတော့ ခရီးသွားတွေအနေနဲ့ ချင်းမိုင်ခရိုင်ထဲက ရေကြီးရေလျှံမှုတွေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ရေလျှံမှုတွေကို သတိပြုကြဖို့ သတိပေးချက်ထုတ်ပြန်ထားပြီး 1155 ကို ဖုန်းခေါ်ဆို အကူအညီတောင်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

  7. သံတွဲမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်, အမျိုးသမီး နဲ့ ကလေးအပါအဝင် ၁၄ ဦး သေဆုံး၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ

    ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ် ရပ်ကွက် ၈ ကို စက်တင် ဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်အေအေက ဘီဘီစီကိုအတည်ပြု ပါတယ်။

    ရပ်ကွက် ၈ ထဲက မြို့နယ်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို ဗုံး၂ လုံးစီကြဲခံရတာဖြစ်တယ်လို့ အေအေပြောရေးဆိုခွင့် ဦးခိုင်သုခက ပြောပါတယ်။

    “အခုလို အရပ်သားပြည်သူခိုလှုံရာ‌ နေရာကို ဦးတည်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်သလို ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ပြောင်ပြောင် တင်းတင်း ချိုဖောက်တာဖြစ်ပါတယ်” လို့ အေအေပြောရေးဆိုခွင့် ဦးခိုင်သုခက ပြောပါတယ်။

    အခုသေဆုံးသူတွေဟာ သံတွဲမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှာ စစ်ရှောင်နေထိုင်နေတဲ့ အမျိုးသမီး၊ ကလေး နဲ့ သက်ကြီးရွယ်အိုတွေ အများစုဖြစ်တယ်လို့ ဆိုပါတယ်။

    “မြို့နယ်ခန်းမမှာ ရက္ခိုင့်တပ်တော်က ရှေ့ လေးငါးရက်က ဆန်၊ထမင်း နဲ့ ဆန်ပြုတ်ဝေပေးတယ်။ ဒါကို သတင်း ပေးတွေရှိနေလားမပြောတတ်ဘူး”လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အာရက္ခတပ်တော် အေအေက သံတွဲမြို့လေဆိပ်၊‌မောင်ရွှေလေးရေတပ်စခန်းအပါအဝင် မြို့က နေရာအတော်များများကို သိမ်းထားတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ ရက်၊ မနေ့က မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီက တောင်ကုတ်မြို့နယ်ထဲက ရွာမမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ဦးသေဆုံးခဲ့ပါတယ်။

    သံတွဲမြို့ပေါ် ‌လေ‌ေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သတ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

  8. ပဲခူးမြစ် စိုးရိမ်ရေအမှတ်ကျော်လာ, နောက်တစ်ရက်အတွင်းဆက်လက်မြင့်တက်နိုင်

    ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ၁ လက်မ ရောက်လာပြီး နောက်တစ်ရက်အတွင်း ၄ လက်မ ဆက်လက်မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၆ ရက် ဒီမနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ဒါကြောင့် ပဲခူးမြို့နယ်ထဲက မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေကို နေထိုင်သူတွေ ရေလွတ်တဲ့နေရာကို ရွှေ့ပြောင်းကြဖို့ ရေကြီးသတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။

    "‌ရေကတက်လာတယ်။ ပဲခူး-ရန်ကုန်အမြန်လမ်း‌‌ ရေမကျော်သေးဘူး။ စောင့်ကြည့်ရမှာပေါ့”လို့ ပဲခူးမြို့ခံလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

    ပဲခူးဒေသခံတွေက အမြန်လမ်းရေကျော်မကျော်ကိုကြည့်ပြီး ရေအခြေအနေခန့်မှန်းကြတာပါ။

    ပဲခူးတိုင်းအတွင်းက တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၇ ပေကျော်အထိ မြင့်တက်ခဲ့တဲ့ တောင်ငူမြစ်ရေကတော့ စိုးရိမ်ရေအမှတ်ရဲ့ တစ်ပေခွဲခန့်မှာရှိနေကော နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

    ဒီမြစ်ရေဟာ မဒေါက်မြို့မှာလည်း စိုးရိမ်ရေအမှတ်အထက် ၂ပေခွဲကျော် လွန်နေရာကနေ နောက်တစ်ရက်အတွင်း ၁ ပေဝန်းကျင် ဆက်လက်ကျဆင်းလာမှာ ဖြစ်ပါတယ်။

    မိုးနှောင်းကာလ စက်တင်ဘာလ ဒုတိယပတ်အတွင်း စံချိန်တင်ရေကြီးရေလျှံတာကြောင့် မြို့နယ်ပေါင်း ၅၄ ခုမှာ ပြည်သူတစ်သိန်းခွဲနီးပါး ရေဘေးကြုံရကာ ၄၁၉ ဦး သေဆုံးပြီး ၈၉ ဦးပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

  9. MNDAA နဲ့ TNLA တို့ NUG နဲ့ စစ်ရေးပူးပေါင်းနေ, NUG က အမေရိကန်ထောက်ပံ့မှုယူနေတယ်လို့ စစ်ကောင်စီစွပ်စွဲ

    ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ်(TNLA)တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ထားပြီး NUG ဟာ အမေရိကန်ကနေ နှစ်စဥ် ကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရနေတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။

    စစ်ကောင်စီ က စက်တင်ဘာ ၂၅ ရက် ညပိုင်းကထုတ်တဲ့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားတာပါ။

    အမေရိကန်က မြန်မာပြည်တွင်းမငြိမ်သက်အောင်လုပ်နေပြီး အဲဒီလိုငွေကုန်ခံဆောင်ရွက်တာက မြန်မာမှာအမေရိကန်အကျိုးစီးပွားရှိတာကြောင့်မဟုတ်ဘဲ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို ထိုးနှက်ဖို့ဖြစ်တယ်ဆိုပြီး လည်းပြောထားပါတယ်။

    မြန်မာနိုင်ငံတွင်းမှာ တရုတ်အကျိုးစီးပွားများစွာရှိတာကြောင့် တရုတ်ကိုထိန်းချုပ်ဖို့ မြန်မာပြည်တွင်းရေးကို ပါနေတာလို့ စစ်ကောင်စီထုတ်ပြန်ချက်ထဲ‌ဖော်ပြထားပါတယ်။

    စစ်ကောင်စီထုတ်ပြန်စာထဲမှာ တရုတ်က မြန်မာကိုအိမ်နီးချင်းကောင်းပီသစွာ အမြဲရပ်တည်ပေးတယ်လို့ဆိုပြီး ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ ကိုဖိအားပေးပြီး နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ခြင်းအပါအဝင် အရေးယူမှုတွေတိုးမြှင့်ဆောင်ရွက်ပေးခဲ့တာဟာ မြန်မာမှာ တည်ငြိမ်အောင်လုပ်ဖို့ ဆောင်ရွက်ခဲ့တာလို့ လည်းရေးထားပါတယ်။

    စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်မတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ကိုးကန့်တပ် MNDAA က ချက်ချင်းအပစ်ရပ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွပူးပေါင်းကာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို အဖြေရှာမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

    ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊နိုင်ငံရေးပူးပေါင်းတာနဲ့ စစ်မြေပြင်ချဲ့ထွင်တာတွေလုပ်မှာမဟုတ်ဘူးလို့ ကိုးကန့်တပ်က ပြောထားပြီး တရုတ်နိုင်ငံက မြန်မာရဲ့လက်ရှိမတည်ငြိမ်တဲ့ အခြေအနေကို ကြားဝင်စေ့စပ်ပေးဖို့လည်း MNDAA က တောင်းဆိုထားပါတယ်။

    တရုတ်နဲ့ မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆက်ဆံတာမလုပ်သလို မဟာမိတ်ဖွဲ့မှာမဟုတ်ဘူးလို့ လည်း ထည့်ပြောထားပြီး ဒါက MNDAA ရဲ့ ခိုင်မာတဲ့ မူဝါဒ - Redline ဖြစ်တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးစဥ်အပြီး တရုတ်ရဲ့ စစ်ကောင်စီအပေါ် ဆက်ဆံရေးပုံစံပြောင်းလာပြီး မြောက်ပိုင်းတပ်တွေအပေါ်မှာ ဖိအားပေးလာတယ်လို့ သုံးသပ်ကြတာလည်းရှိနေပါတယ်။

    စစ်ကောင်စီဘက်က ဒီလိုထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

    အသိပေးချက် - ဒီသတင်းအပြည့်အစုံမှာ ပိုပြီးရှင်းလင်းနိုင်စေဖို့ ဘီဘီစီက ထပ်မံဖြည့်စွက်ရေးသားထားပါတယ်။

  10. ထိုင်းမှာဖမ်းမိတဲ့ မြန်မာလုပ်သားထောင်ချီကို စစ်ကောင်စီကို ပြန်လွှဲပေးနေ

    ထိုင်းအာဏာပိုင်တွေက ပြုလုပ်နေတဲ့ တရားမဝင်လုပ်သား ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက် ၂ သိန်းနီးပါးအထိရှိလာပြီး ဖမ်းမိတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီကို မြန်မြန်ဆန်ဆန်ပြန်လွှဲနေတယ်လို့ မြန်မာအလုပ်သမားအရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

    တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ဇန်နဝါရီလ ၁ ရက်ကနေစတင်တဲ့ ဖမ်းဆီးရေး ၁၂၀ စီမံချက်အတွင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က လူပေါင်း နှစ်သိန်းငါးသောင်းကျော်အထိရှိပေမဲ့ အဲဒီထဲက နှစ်သိန်းနီးပါးဟာ မြန်မာတွေဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

    ဒီနေ့မှာလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းမိထားတဲ့တရားမဝင် ဝင်ရောက်နေထိုင်သူ မြန်မာ ၁၀၀ ကျော်ကို ရနောင်းမြို့ကနေတဆင့် မြန်မာအာဏာပိုင်တွေရှိရာ ကော့သောင်းမြို့ဆီကို ပြန်လွှဲပေးဖို့ရှိနေပါတယ်။

    အရင်က ထိုင်းမှာ ဖမ်းဆီးမိတဲ့မြန်မာတွေကို ထိုင်းဘက်က တရားမဝင်လူဝင်မှုနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ထားခဲ့ပေမဲ့ အခုတော့ ဖမ်းဆီးတဲ့အရေအတွက်များတာကြောင့် ထိန်းသိမ်းရေးစခန်းတွေမှာ မထားတော့ဘဲ မြန်မာဘက်ကို မြန်မြန်ပြန်လွှဲနေတာလို့ သိရပါတယ်။

    ‘’အာဏာသိမ်းပြီးတုန်းကတောင် တစ်လကို အယောက် ၁၀၀ လောက် ပြန်လွှဲတာ။ အခုတော့ တစ်လကို အယောက်တစ်ရာကျော်စီ လေးကြိမ် ငါးကြိမ်လောက် ပြန်လွှဲပေးနေတယ်။ အများစုက မပြန်ချင်ကြပါဘူး။ ဒါပေမဲ့လည်း မတတ်သာဘဲ ပြန်လွှဲတော့ ပြန်ကြရတယ်’’ လို့ ရနောင်းမှာ မြန်မာအလုပ်သမားတွေအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

    ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေကို ထိုင်းဘက်က နယ်စပ်ဂိတ်တွေကနေ တရားဝင် ပြန်လွှဲပြောင်းပေးနေတာ သြဂုတ်လ ၁ လတည်းမှာတင် လူပေါင်း တစ်ထောင်နီးပါးရှိတယ်လို့ စစ်ကောင်စီက အခုလဆန်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

  11. မင်္ဂလာပါ ... စက်တင်ဘာလ ၂၆ ရက် မြန်မာနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုကနေ ကြိုဆိုပါတယ်။ ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။