ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အီရန်နဲ့အပစ်ရပ်တာ ‘‘ပြီးဆုံးပြီ’’ လို့ သမ္မတ ထရမ့်ပြော

အီရန်နဲ့ အမေရိကန်တို့ အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲထားတာ ပြီးဆုံးပြီလို့ သမ္မတထရမ့်ပြောတဲ့သတင်းအပါအဝင် ဇူလိုင် ၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အခုနှစ် ဇွန်နဲ့ ဇူလိုင်လထဲမှာ ဗိုလ်ချုပ်ရုပ်ထု ၇ ရုပ်ဖယ်ရှားခံရ
  • ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆုကို လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက ကိုယ်စားပြုလက်ခံမယ်
  • မြန်မာလုပ်ငန်းရှင်အချို့ကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေ
  • ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ ပါ ၄၃ ချက် ပြင်ဆင်မယ်
  • အီဂျစ်အသင်းဟာ ကွင်းထဲမှာ မမျှမတ ဆက်ဆံခံခဲ့ရတယ်လို့ အီဂျစ်နည်းပြ ပြော
  • မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံဒေသကို စစ်တပ်က အင်အားထောင်နဲ့ချီ ဖြည့်တင်းနေ
  • မြန်မာအမျိုးသားတစ်ဦးဟာ အသက် ၆၁ နှစ်အရွယ် ထိုင်းအငှားယာဉ်မောင်းတစ်ဦး မျက်စိတစ်ဖက် အမြင်ကွယ်စေတဲ့အထိထိုးနှက်
  • လျှပ်စစ်အတွက် စက်သုံးဆီသုံးစွဲနေတာကိုလျှော့ဖို့ ပြည်ပကိုတင်သွင်းဖို့မလိုတဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေတည်ဆောက်မယ်
  • ဖွဲနုဆီထုတ်ကာ စားသုံးဆီအဖြစ် အသုံးပြုဖို့အတွက် ဦးမင်းအောင်လှိုင် ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင်လ ၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အိန္ဒိယအကူအညီနဲ့အဆင့်မြှင့်တဲ့စစ်ကိုင်းက အဝေးပြေးလမ်းပိုင်းကို စစ်တပ်ပြန်ထိန်းချုပ်

    စစ်ကိုင်းတိုင်းထဲ အိန္ဒိယနိုင်ငံက ဒေါ်လာသန်းဆယ်ချီအကူအညီနဲ့ အဆင့်မြှင့်နေတဲ့ မိုင် ၁၀၀ ကျော် အဝေးပြေးလမ်းမကို တော်လှန်ရေးတပ်တွေ လက်ထဲကနေ ပြန်သိမ်းလိုက်ပြီလို့ နေပြည်တော်က ဒီနေ့ သတင်းထုတ်ပါတယ်။

    ဒီလမ်းပိုင်းဟာ အိန္ဒိယ - မြန်မာ- ထိုင်း ၃ နိုင်ငံဖြတ်ကျော် အာရှအဝေးပြေးကားလမ်းမစီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းဖြစ်ပါတယ်။

    စစ်တပ် အဲဒီလမ်းပေါ်က မြေနီ၊ စည်ပင်သာ၊ မိုင်တရာတဲစု၊ သဲကြမ်းတဲစု စတဲ့ရွာတွေကို ပြန်သိမ်းပြီး ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

    ဒါအပြင် ချင်းပြည်နယ်မှာလည်း ဖလမ်း၊ တီးတိန်မြို့တို့ကို စစ်တပ်က ပြန်သိမ်းခဲ့တာကြောင့် ကလေးဝ - ကလေး - ဖလမ်း- ဟားခါး- ထန်တလန်လမ်းပိုင်း၊ ကလေးဝ-ကလေး-တီးတိန်- တွန်းဇံ- ကျီခါးလမ်းပိုင်းအပြင် ကလေးဝ - မုံရွာ - မြင်းမူ- စစ်ကိုင်း - မန္တလေးလမ်းပိုင်းတို့ကိုပါ ပြန်သုံးနိုင်ပြီလို့ ပြောပါတယ်။

    ဒါကြောင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုနဲ့ ဒေသတွင်း ကုန်စည်ပို့ဆောင်မှုတွေကို ပြန်လုပ်နိုင်တော့မယ်လို့ ဒီနေ့မှာ စစ်တပ်က ထုတ်ပြန်လာတာပါ။

    အိန္ဒိယရဲ့ဒေါ်လာသန်းရာချီ အကူအညီနဲ့ စီမံကိန်းဖော်ဆောင်ထားတဲ့ အဲဒီလမ်းပိုင်းကို စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေက ကာလရှည်စိုးမိုးထိန်းချုပ်ခဲ့တာပါ။

    ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ပထမဆုံးပြည်ပခရီးစဥ်ဖြစ်တဲ့ အိန္ဒိယခရီးမှာ ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံချိန် နယ်စပ်ကုန်သွယ်ရေးပြန်စဖို့၊ အိန္ဒိယ- မြန်မာ- ထိုင်း အဝေးပြေးစီမံကိန်းပြန်စနိုင်ဖို့တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ကလေး - ဂန့်ဂေါလမ်း၊ ကလေး - တီးတိန်လမ်းတို့ကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်က ပြန်ထိုးစစ်ဆင်လာပြီး ကလေး-တမူးလမ်းကိုလည်း အင်အားထပ်ဖြန့်လာကာ ဇူလိုင်လဆန်းမှာတော့ ကလေးဝ-ယာကြီး-မုံရွာလမ်းဘက်ကိုပါ ရယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

    ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းကို စိုးမိုးနိုင်ဖို့ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာပဲ ဒီလမ်းပိုင်းပေါ်က ဗျူဟာကျတဲ့နေရာတချို့ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တပ်ကူအင်အားရာချီသုံးကာ ထိုးစစ်ဆင်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

  3. အပြန်အလှန်ခရီးသွား အယောက် ၄၅၀ သာရှိတဲ့ မြန်မာနဲ့ ဘယ်လာရုဇ်ကြား ဗီဇာကင်းလွတ်ခွင့်စတင်

    ဘယ်လာရုဇ် ဘက်ကလာတဲ့သတင်းတွေအရ အပြန်အလှန်ခရီးသွား အယောက် ၄၅၀ ခန့်သာရှိတဲ့ မြန်မာနဲ့ ဘယ်လာရုဇ်ကြား ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် ဒီနေ့မှာ စတင်ပြီဖြစ်ပါတယ်။

    နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အတွက် ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့ နာမည်တပ်ခံရတဲ့ ဘယ်လာရုဇ်သမ္မတ လူကာရှန်ကိုရဲ့ ၂၀၂၅ ခုနှစ် နို၀င်ဘာလ နေပြည်တော်ခရီးစဉ်အတွင်း အဲဒီအချိန်တုန်းက မြန်မာစစ်ခေါင်းဆောင်တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဘယ်လာရုဇ်ဟာ မြန်မာကို စစ်လက်နက်ပစ္စည်းတွေရောင်းချနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ထောက်ပြနေချိန်မှာပဲ ဘယ်လာရုဇ်နဲ့ နေပြည်တော်ကြား သံတမန်ဆက်ဆံရေး တိုးလာနေပါတယ်။

    ၂၀၂၂ ခုနှစ်တုန်းကတော့ ရုရှားလုပ် လက်နက်တွေကို ဘယ်လာရုဇ်ကနေ မြန်မာစစ်တပ်အတွက် အ၀ယ်တော် လုပ်ပေးတယ်လို့ဆိုသူ မြန်မာ ၃ ဦးကို အမေရိကန်က ဆန်ရှင်ချခဲ့ဖူးပါတယ်။

    ဒီအချိန်မှာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် စတင်အသက်ဝင်လာတာဖြစ်ပေမဲ့၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံအပြန်အလှန်ခရီးသွားသူ အယောက် ၄၅၀ သာရှိခဲ့ပါတယ်။

    မြန်မာနဲ့ ဘယ်လာရုဇ်ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၉ ခုနှစ်ကစလို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာဖြစ်ပါတယ်။

    သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်နိုင်ငံဝန်ကြီးတွေ အပြန်အလှန် လည်ပတ်မှုတွေနဲ့ ဆက်ဆံရေး နီးကပ်ခဲ့ပေမဲ့ NLD အရပ်သား အစိုးရတက်လာတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဆက်ဆံရေး ပြန်အေးသွားခဲ့ပါတယ်။

    ဒါပေမဲ့ မြန်မာမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နေပြည်တော်နဲ့ မင့်စ်ကြားမှာ ဆက်ဆံရေး ပြန်နီးကပ်လာပြီး ပြီးခဲ့တဲ့ ၇ လအတွင်းမှာ ဘယ်လာရုဇ်သမ္မတဟာ နေပြည်တော်ကို ၂ ကြိမ်တိုင်တိုင်လာရောက်ခဲ့ပါတယ်။

    ရှိရင်းစွဲ စစ်ဘက်ဆက်ဆံရေးကနေ ပြီးခဲ့တဲ့နှစ်အတွင်း သံတမန်ဆက်ဆံရေးပါ တိုးမြှင့်လာတဲ့ ဘယ်လာရုဇ်ဟာ နေပြည်တော်မှာ သံရုံးဖွင့်ဖို့ ပြင်နေသလို နေပြည်တော်ကလည်း မင့်စ်ခ်မြို့မှာ ကောင်စစ်ဝန်ရုံးအဆင့်ကနေ သံရုံးအဆင့် တိုးဖွင့်တာနဲ့ မြန်မာသံအမတ်ခန့်အပ်တာတွေအထိ ပြုလုပ်ထားပါတယ်။

  4. ဗိုလ်ချုပ်ရုပ်ထုတွေကိုဖယ်ရှားတာ လူထုယုံကြည်ချက်ကို ဖျက်ဆီးတာလို့ NLD ပြော

    ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်ထုတွေကို နေ့စဉ်ဖြိုချတာဟာ မြန်မာ့သမိုင်းရဲ့သင်္ကေတနဲ့ အထောက်အထားတွေကို ဖျက်ဆီးတာတင်မဟုတ်ဘဲ ပြည်သူတွေရဲ့ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ဖျက်ဆီးတာလို့ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဒီနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

    ဒီလိုဖျက်ဆီးဖို့ ညွှန်ကြားသူတွေနဲ့ ပူးပေါင်းသူတွေကို ထိထိရောက်ရောက်အရေးယူနိုင်အောင် ဆောင်ရွက်မယ်လို့ ဖော်ပြပြီး ဘယ်လိုအရေးယူမလဲဆိုတာကိုတော့ ထည့်သွင်းပြောထားတာ မတွေ့ရပါဘူး။

    NLD အစိုးရလက်ထက်မှာ နိုင်ငံတဝန်း ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်ထုတွေကို မြို့ရွာ ပန်းခြံတွေထဲ စိုက်ထူခဲ့တာဖြစ်ပေမဲ့ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်အစိုးရ တက်လာပြီးနောက်ပိုင်း ဒီရုပ်ထုတွေကို ဖြိုဖျက် ဖယ်ရှားတာတွေ ပြုလုပ်နေပါတယ်။

    NLD ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာတော့ ဒီရုပ်ထုတွေကို ပြည်သူတစ်ဦးချင်းစီရဲ့ထည့်ဝင်တွေနဲ့ အကုန်အကျခံ ထုလုပ်ပြီး ဥပဒေနဲ့အညီ စိုက်ထူခဲ့တာလို့ ဖော်ပြပါတယ်။

    ဒါကြောင့် အသွင်ပြောင်းအစိုးရ လက်အောက်ခံ ရဲနဲ့စစ်တပ်တို့က ဒီရုပ်ထုတွေကို နေ့စဉ်နီးပါး ဖယ်ရှားနေတာတွေဟာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးရာလည်းရောက်နေတယ်လို့ NLD ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဘီဘီစီက စုစည်းထားတဲ့အချက်အလက်အရ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်တပ်လက်အောက်အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေက ဖယ်ရှားလိုက်တဲ့ ဗိုလ်ချုပ်ကြေးရုပ် ၁၁ ရုပ်အထိ ရှိလာပြီဖြစ်ပါတယ်။

    အဲဒီထဲ အခုနှစ် ဇွန်နဲ့ ဇူလိုင်လထဲမှာတင် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ ဗိုလ်ချုပ်ရုပ်ထု ၇ ရုပ် မူလထားရှိထားတဲ့နေရာတွေကနေ ဖြိုဖျက် ဖယ်ရှားခံရပါတယ်။

    ဒါအပြင် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမွေဆိုင်အိမ်ဖြစ်တဲ့ ခြံအမှတ် ၅၄ ရှေ့က ဗိုလ်ချုပ်ဓာတ်ပုံနဲ့ မိန့်ခွန်းကိုလည်း ဇွန်လလယ်မှာ ဖယ်ရှားခဲ့ပါတယ်။

  5. အီရန်နဲ့ အပစ်ရပ် ပြီးဆုံးသွားပြီလို့ ထရမ့်ပြော

    အမေရိကန်နဲ့ အီရန်ကြား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် အပစ်ရပ်သဘောတူညီချက် ''ပြီးဆုံးပြီ'' လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    ''ကျွန်တော် သူတို့နဲ့ သဘောတူညီချက် မလုပ်ချင်ဘူး။ မရိုးဖြောင့်တဲ့သူတွေ ဦးဆောင်နေကြတယ်။ ရန်လည်း လိုတယ်။ သူတို့မှာ နျူကလီးယားလက်နက်ရှိတယ်ဆိုရင် အခုလိုအချိန်မှာ သုံးမှာပဲ။ ကျွန်တော့်ဘက်ကတော့ ပြီးပါပြီ။ သူတို့နဲ့ ညှိနှိုင်းရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်'' လို့ သူကပြောပါတယ်။

    ထရမ့်က တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာလုပ်နေတဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေးပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    သူကတော့ စေ့စပ်ညှိနှိုင်းနေကြသူတွေ ဆက်ညှိနှိုင်းနိုင်တယ်လို့ ပြောပေမဲ့ ''သူတို့ အချိန်ကုန်ရုံ သက်သက်ပဲ ဖြစ်လိမ့်မယ်'' လို့လည်း မှတ်ချက်ပေးပါတယ်။

    အင်္ဂါနေ့နှောင်းပိုင်းတုန်းကတော့ အမေရိကန် US Central Command စစ်ဌာနချုပ်ဟာ အီရန်က ပစ်မှတ်ပေါင်း ၈၀ ကျော်ကို ပစ်ခတ်ခဲ့ပြီး အဲဒီထဲမှာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့စက်လှေငယ်ပေါင်း ၆၀ ကျော်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    အီရန်ဟာ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနဲ့ ကူဝိတ်တို့မှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

    ''အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ ရေတပ်နဲ့ လေတပ်ဟာ ဒုံးကျည်နဲ့ ဒရုန်းပူးတွဲစစ်ဆင်ရေးအဖြစ် ဘာရိန်းက ဆယ်လ်မန် ဆိပ်ကမ်းမှာရှိတဲ့အမေရိကန်ရဲ့ပင်မရေတပ်ဌာနချုပ်က စစ်ဘက်ဆိုင်ရာနေရာ ၈၅ ခုကို တိုက်ခိုက်ခဲ့တယ်'' လို့ IRGC က ကြေညာချက် ထုတ်ပြန်ပါတယ်။

    ကူဝိတ်က အလီ အယ်လ် ဆာလမ် လေတပ်အခြေစိုက်စခန်းကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ အီရန်စစ်တပ်က ပြောပါတယ်။

    ဟော်မုဇ် ရေလက်ကြားမှာ ရေနံတင်သင်္ဘာ ၃ စင်း အခုသီတင်းပတ်အစောပိုင်းတုန်းက တိုက်ခိုက်ခံရအပြီးမှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုဟာ အီရန်လုပ်ဆောင်တာလားဆိုတာ မရှင်းလင်းပါဘူး။

    နေတိုးအဖွဲ့ အကြီးအကဲ မာ့ခ် ရုထ် ကတော့ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ လိုအပ်လို့လုပ်တာလို့ပြောပြီး အီရန်ကိုလည်း အပစ်ရပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပါတယ်။

    အမေရိကန်နဲ့ညှိနှိုင်းဆွေးနွေးမှုတွေမှာ အီရန်ဘက်ကနေ ဦးဆောင်ပါဝင်နေတဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘဂါ ဂါလီဘာ့ဖ်ကတော့ အပစ်ရပ်ချိုးဖောက်သူဟာ အမေရိကန်သာ ဖြစ်တယ်လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့လတုန်းက အမေရိကန်နဲ့ အီရန်တို့ဟာ စစ်မျက်နှာအားလုံးမှာ နှစ်ဖက် အပစ်ရပ်ရေးကို အဆုံးသတ်ဖို့ အပစ်ရပ်ကို ဆွဲဆန့်တဲ့အချက် ၁၄ ချက်ပါ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးထားကြပါတယ်။

  6. အမေရိကန်ကပေးတဲ့ ဒီမိုကရေစီဆုကို လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက ကိုယ်စားရယူ

    ဒီမိုကရေစီမြှင့်တင်ရေးအတွက်‌ဆောင်ရွက်တဲ့ အမေရိကန်အခြေစိုက် National Endowment for Democracy အဖွဲ့ကပေးတဲ့ ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆုကို လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက ကိုယ်စားပြုလက်ခံသွားဖို့ရှိတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

    မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း လူထုအခြေပြုဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ရည်ရွယ်ပေးအပ်တာဖြစ်ပြီး အဲဒီဆုကို ကိုနန်းလင်းက လက်ခံရယူမှာလို့ သိရပါတယ်။

    “ဒီဆုကို အားလုံးရဲ့ ကိုယ်စားလက်ခံမှာပါ။ ဖြတ်သန်းနေတဲ့ ၅ နှစ်တာခရီး လူထုရဲ့ တိုက်ပွဲဝင်မှုကို ဂုဏ်ပြုတဲ့ ဆုလို့မြင်တယ်။ မြန်မာပြည်သူတွေကိုပိုပြီးတော့ အသိအမှတ်ပြုဂုဏ်ပြုလို့ အားဖြစ်ရသလို လုပ်မယ့်အလုပ်တွေအတွက်လည်း အထောက်အပံ့ဖြစ်စေတာပေါ့ဗျာ” လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

    ကိုနန်းလင်းအပါအဝင် သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကြားကပဲ ငြိမ်းချမ်းတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြပြီး ပြည်သူတွေနိုင်ငံရေးမှာ ဆက်ပါဝင်နိုင်ရေးကိုလည်း လုပ်ဆောင်ပေးခဲ့ကြတယ်လို့ National Endowment for Democracy (NED) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ၁၉၈၀ ပြည့်နှစ်တွေထဲက NED အဖွဲ့ရဲ့ လှုပ်ရှားမှုတွေစခဲ့ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကိုလည်း ပြီးခဲ့တဲ့နှစ်တွေထဲ အကူအညီပေးခဲ့ပါတယ်။

  7. မြန်မာလုပ်ငန်းရှင် ၁၀၀ ကျော်ရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံရ၊ လုပ်ငန်းရှင်အချို့ကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေ

    မြန်မာက ထိပ်သီးစီးပွားရေးကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီပေါင်း ၁၀၀ ကျော်နဲ့ ဆက်နွယ်တဲ့ ဘဏ်အကောင့်တစ်ရာကျော်ကို အခုရက်ပိုင်းအတွင်း ပိတ်ထားပြီး လုပ်ငန်းရှင်အချို့ကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဘီဘီစီရဲ့ နေပြည်တော်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

    ဘီဘီစီက ရရှိထားတဲ့ အချက်အလက်တွေအရ အကောင့်အပိတ်ခံရသူတွေထဲမှာ တရုတ်ထုတ်ကားတွေ တင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီတချို့၊ ကားအရောင်းပြခန်း (showroom) ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေ၊ စက်သုံးဆီလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ပါဝင်နေပါတယ်။

    ဒီအကြောင်းကို သိရှိသူတွေရဲ့ ပြောကြားချက်အရ ကားလုပ်ငန်းနဲ့ စက်သုံးဆီလုပ်ငန်းအပါအဝင် ကုမ္ပဏီရာနဲ့ချီရဲ့ ဘဏ်အကောင့်တွေကို ပြီးခဲ့တဲ့အပတ်အတွင်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ပိတ်ထားတာဖြစ်ပြီး လုပ်ငန်းရှင်အချို့ကိုလည်း နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ဘီဘီစီသတင်းရင်းမြစ်တစ်ဦးရဲ့ အဆိုအရ အပိတ်ခံထားရတဲ့ ဘဏ်အကောင့်တွေထဲမှာ စုစုပေါင်း ကျပ်ငွေ ဘီလီယံ ၅၀ ခန့်ရှိနိုင်တယ်လို့ သိရပေမယ့် ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

    လက်ရှိ စစ်ဆေးခံနေရတယ်ဆိုတဲ့ ကုမ္ပဏီအချို့ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို၊ တချို့ကလည်း စစ်ဆေးမှု ခံနေရတာကြောင့် မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

    လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတချို့ကတော့ အပိတ်ခံထားရတဲ့ အကောင့်တွေရဲ့ ငွေကြေးစီးဆင်းမှုတွေဟာ "ကျားဖြန်" လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွယ်မှုရှိနိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိထားတဲ့အတွက် အခုလို ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကားလုပ်ငန်းနဲ့ နီးစပ်သူတစ်ဦးကတော့ "ကျားဖြန်နဲ့ ဆက်နွယ်တယ်ဆိုပြီး အကောင့်တွေ ဖြစ်သွားတာ။ နေပြည်တော်မှာ ခေါ်စစ်တယ်။ ကုမ္ပဏီ ၅၀ လောက်ရှိတယ်။ တချို့အကောင့်တွေ ပိတ်ထားတယ်။ KPay အကောင့်တွေလည်း ပါတယ်။ မော်တော်ယာဉ်အသင်းက လူတော်တော်များများလည်း ပါဝင်တယ်။ ဒါပေမယ့် လူသိရှင်ကြား မပြောကြဘူး" လို့ ဆိုပါတယ်။

    ဒါနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ဗဟိုဘဏ်နဲ့ နေပြည်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးသလို တရားဝင် သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

    ဗဟိုဘဏ်နဲ့ နီးစပ်သူတစ်ဦးကတော့ ဗဟိုဘဏ်အနေနဲ့ ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန ဒါမှမဟုတ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့တို့က ညွှန်ကြားလာတဲ့ အကောင့်တွေကိုသာ ပိတ်ပေးရတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သူသိရှိထားတာကို ပြောပါတယ်။

    ပုဂ္ဂလိကဘဏ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးကလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း အကောင့်တွေကို နေ့စဉ်ပိတ်ပေးနေရပြီး ဘယ်သူဘယ်ဝါရဲ့ အကောင့်တွေ ပိတ်ခံရတယ်ဆိုတာကို ဘဏ်ဝန်ထမ်းတွေက မသိနိုင်ဘူးလို့ ဆိုပါတယ်။

    အမည်နဲ့ မှတ်ပုံတင်နံပါတ်ကို အခြေခံပြီး ပိတ်ခိုင်းရင် အဲဒီအမည်နဲ့ ဖွင့်ထားတဲ့ အကောင့်အားလုံးကို ပိတ်ရပြီး၊ အကောင့်နံပါတ်တစ်ခုချင်းစီကို ညွှန်ကြားလာရင်တော့ သက်ဆိုင်ရာအကောင့်တစ်ခုတည်းကိုသာ ပိတ်တာဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

    စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ ပြောကြားချက်အရ စစ်ဆေးပြီးနောက် အကောင့်တချို့ ပြန်လည်ဖွင့်ပေးထားတာတွေ ရှိပေမယ့် တချို့အကောင့်တွေကတော့ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

  8. ၂၀၀၈ ဖွဲ့စည်းပုံပါ ၄၃ ချက်ကိုပြင်ဆင်ဖို့ လွှတ်တော်ကို ဦးမင်းအောင်လှိုင်စာပို့

    စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်(EAOs) ၁၀ ဖွဲ့နဲ့ ဆွေးနွေး သဘောတူထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်ကို အတည်ပြုနိုင်ဖို့ဆိုပြီး ဦးမင်းအောင်လှိုင်က လွှတ်တော်ကို စာပို့လိုက်ပါတယ်။

    ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပြုနိုင်ရေးအတွက်ဆိုပြီး ဇူလိုင် ၁ ရက် ရက်စွဲနဲ့ ပုဒ်မ ၄၃၆ က နဲ့ ပုဒ်မ ၄၃၆ ခ အရ ပြင်ဆင်ရမယ့်အချက်တွေကို နေပြည်တော်အစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင်က စာပေးပို့ခဲ့ပါတယ်။

    ပုဒ်မ ၄၃၆ ကနဲ့ ခ တို့ အထဲပါတဲ့ ဖွဲ့စည်းပုံပါ အချက်တွေကို ပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှပြင်နိုင်မှာဖြစ်ပါတယ်။

    လွှတ်တော်မှာ အရပ်ဘက်က ၇၅ ရာခိုင်နှုန်းပဲရှိပြီး တပ်ဘက်က၂၅ ရာခိုင်နှုန်းရှိလို့ အရပ်ဖက်အားလုံးထောက်ခံရင်တောင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံးတစ်ဦးက ထောက်ခံမှ ပြင်ဆင်ဖို့ အတည်ပြုနိုင်မှာပါ။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒမဲ ကောက်ခံတာတွေ လုပ်ခဲ့ပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီဘက်က ကန့်ကွက်မှုတွေနဲ့ကြုံခဲ့ရပါတယ်။

    အခုတော့ NLD လက်ထက်က ကန့်ကွက်မှုတွေ ကြုံခဲ့ရတဲ့ ဒီပုဒ်မတွေကို စစ်တပ်ကိုယ်စားလှယ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ကြံ့ခိုင်ရေးအမတ်တွေ အများဆုံးရှိတဲ့လွှတ်တော်မှာ ဦးမင်းအောင်လှိုင်က ပြင်ဆင်ဖို့ လုပ်လာတာပါ။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တော့ စစ်ကောင်စီခေါင်းဆောင်လုပ်ခဲ့သူ ဦးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့သတ်မှတ်ပြီး အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ရော၊ လက်မှတ်မထိုးထားတဲ့ ဝအဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်း(SSPP)တို့ပါ ဆွေးနွေးပြီး သဘောတူထားတဲ့အချက်တွေလို့ သိရပါတယ်။

    "NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးညီလာခံကနေရခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် ၁၊ ၂၊ ၃ ဆိုတာရှိပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မှုတွေမလုပ်နိုင်ခဲ့ဘူး။ အခုပြင်မယ့် ၄၃ ချက်မှာတော့EAOs ၇ ဖွဲ့က သဘောတူထားတဲ့ ၂၁ ချက် ပါ ပါတယ်။ ဟိုအရင်ကသဘောတူညီချက်ဆိုတော့ အဲ့တုန်းက ပါဝင်ခဲ့တဲ့ EAOs အဖွဲ့တွေပါနိုင်ဖို့က အရေးကြီးတယ်။ ခပ်မြန်မြန်မဟုတ်ဘဲ နောက်ထပ်ညှိနှိုင်းတွေ့ဆုံပြီးမှလုပ်သင့်တယ်" လို့ စစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်နေတဲ့ KNU/PC ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

    ဒါကြောင့် ဒီအချက်တွေကို ပြင်ဆင်ဖြည့်စွက်ဖို့ လွှတ်တော်မှာ ဥပဒေမူကြမ်းလုပ်တဲ့အခါ ငြိမ်းချမ်းရေးညီလာခံကာလက ဆွေးနွေးခဲ့တဲ့ EQOs တွေရဲ့အခန်းကဏ္ဍကိုထည့်သွင်းဖို့လည်း လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

    အခု ဦးမင်းအောင်လှိုင် လွှတ်တော်ကို စာပို့တဲ့ပြင်ဆင်မယ့်အချက်တွေထဲ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းတည်ဆောက်တယ်လို့ ဖော်ပြထားတဲ့ ပုဒ်မ ၈၊ အာဏာကိုတိုင်း၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစီရင်စုတွေကို ခွဲအပ်ကြောင်းပြောထားတဲ့ ပုဒ်မ ၁၁ (က)လို အချက်တွေအပြင် တစ်ခုတည်းသောတပ်မတော် ဖြစ်တယ်ဆိုတဲ့ ပုဒ်မ ၂၀ က တို့ပါ ပါဝင်လာပါတယ်။

  9. မြန်မာ့''စိန်တစ်လုံး" သရက်ဈေးကွက်ကို တရုတ်ဘယ်လိုဝင်ယူလာသလဲ

    တရုတ်နဲ့ အာရှဈေးကွက်မှာ "သရက်ဘုရင်" အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ မြန်မာ့စိန်တလုံးသရက်ဟာ နိုင်ငံတွင်းစစ်ပွဲ၊ ကုန်သွယ်ရေးလမ်းကြောင်းရပ်ဆိုင်းမှုနဲ့ တရုတ်က ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်လာမှုတို့ကြောင့် စျေးကွက်ပျောက်နိုင်တဲ့အခြေအနေအထိဖြစ်လာနေပါတယ်။

    မြန်မာသရက်ကုန်သည်တွေရဲ့ အပြောအရ ယူနန်ပြည်နယ်က တယ်ဟုန်၊ ပေါက်ရှန် ၊ စစ်ဆောင်ပနား နဲ့ ဟိုင်နန်ဒေသတွေမှာ မြန်မာစိန်တလုံးမျိုးကို စိုက်ပျိုးလာတယ်လို့ဆိုပါတယ်။

    လက်ရှိ ကူမင်း လက်ကားဈေးကွက်မှာ မြန်မာ့စိန်တလုံးကို လုံးဝအစားထိုးလိုက်ပြီလို့ မဆိုနိုင်သေးပေမယ့် ယူနန်ထွက် စိန်တလုံးတွေက ဈေးကွက်ဝေစု တဖြည်းဖြည်း ရယူလာနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

    "မြန်မာစိန်တလုံးက တစ်ကီလို ၁၀ ယွမ်လောက် ရောင်းရင် တရုတ်စိုက် စိန်တလုံးက ၅ ယွမ်၊ ၆ ယွမ်လောက်ပဲ ရှိတယ်။ အရသာလည်း သိပ်မကွာဘူး" လို့ မြန်မာသရက်ကုန်သည်တစ်ဦးက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  10. ပါကစ္စတန်ကမ်းလွန်မှာ ကုန်တင်လေယာဉ်တစ်စင်းပျောက်ဆုံးနေ

    ပါကစ္စတန်နိုင်ငံ တောင်ဖျားပိုင်း ကမ်းလွန်ပင်လယ်ပြင် ကောင်းကင်မှာ ကုန်တင်လေယာဉ် တစ်စင်း ပျောက်ဆုံးသွားတာကြောင့် ရှာဖွေရေး စတင်နေပြီလို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

    အဲဒီလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၅ ဦး လိုက်ပါသွားတယ်လို့လည်း ဆိုပါတယ်။

    ဘိုရင်း ၇၃၇ အမျိုးအစား အဲဒီလေယာဉ်ဟာ ကောင်းကင်ကနေ ခပ်မြန်မြန်ထိုးဆင်းနေတုန်း လေကြောင်း ထိန်းချုပ်ရေးစင်တာနဲ့ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၉ နာရီခွဲခန့်မှာ အဆက်အသွယ် ပြတ်တောက်သွားတာလို့ ပါကစ္စတန် လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

    အဲဒီလေယာဉ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကနေ ကရာချိမြို့ကို ပျံသန်းလာချိန်မှာ အခုလို အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

    လေယာဉ်ဟာ မဆင်းသက်ခင်မှာ ပျံသန်းလမ်းကြောင်းပြစနစ်မှာ အပြစ်ရှိနေတယ်ဆိုပြီး သတင်းပေးပို့ခဲ့တယ်လို့လည်း လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

    အဲဒီလေယာဉ်ကို K2 လေကြောင်းလိုင်းက ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းဟာ ကရာချိမြို့အခြေစိုက်တဲ့ ပုဂ္ဂလိက ကုန်တင်လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။

    လေကြောင်းလိုင်းဘက်ကတော့ လေယာဉ် ရှာဖွေရေးကို အာဏာပိုင်တွေ၊ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပြီး လေယာဉ်ပေါ် ပါသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘေးကင်းဖို့လည်း ဆုတောင်းနေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

  11. အာဂျင်တီးနားအသင်းနဲ့ပွဲမှာ မမျှမတ ဆက်ဆံခံရတယ်လို့ အီဂျစ်နည်းပြပြော

    အီဂျစ်အသင်းဟာ ကွင်းထဲမှာ မမျှမတ ဆက်ဆံခံခဲ့ရတယ်လို့ အီဂျစ်နည်းပြ ဟိုဆမ် ဟာဆမ်က အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးတဲ့နောက် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    မနေ့ညက အီဂျစ်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်ပွဲမှာ အီဂျစ်ဟာ ၂ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ပွဲကစားချိန် ဒုတိယပိုင်းမှာ အာဂျင်တီးနားက ၃ ဂိုး သွင်းခဲ့တာကြောင့် ၁ ဂိုးအကွာနဲ့ အီဂျစ်ဟာ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ပွဲကစားချိန်အတွင်းမှာ မမျှမတ ဆက်ဆံခံခဲ့ရတယ်လို့ အီဂျစ်နည်းပြက ပြောပါတယ်။

    ပွဲကစားချိန် ဒုတိယပိုင်းမှာ အီဂျစ်သွင်းတဲ့ဂိုးကို ဗီဒီယိုကနေ ပြန်ကြည့်ပြီး အဲဒီဂိုးကို ပယ်ဖျက်ခဲ့တာ၊ မိုဆာလ သယ်လာတဲ့ဘောလုံး အာဂျင်တီးနား ဂိုးဧရိယာထဲမှာ အလုခံလိုက်ရတဲ့အခြေအနေကို ပြစ်ဒဏ်ဘော မပေးခဲ့တာမျိုးလို အငြင်းပွားဖွယ်အခြေအနေ ရှိခဲ့တာပါ။

    ''ကွင်းထဲနဲ့ ကွင်းပြင်မှာ မေးခွန်းထုတ်စရာကိစ္စတွေ အများကြီးရှိနေတယ်'' လို့ အီဂျစ်နည်းပြက ပြောပါတယ်။

    ''အကောင်းဘက် မရောက်တဲ့ကိစ္စတွေ များကြီးရှိနေတယ်။ ဖြစ်သမျှကိစ္စတွေမှာ ခိုင်မာမှုက မေးခွန်းထုတ်စရာဖြစ်နေတယ်'' လို့လည်း သူက ဆိုပါတယ်။

    အခု ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်ပွဲဟာ အီဂျစ်အသင်းအတွက်တော့ ကမ္ဘာ့ဖလားမှာ မြင့်ဆုံး တက်လှမ်းမှုဖြစ်လို့ ကွာတားဖိုင်နယ်အထိ ရောက်ဖို့ အီဂျစ်ဘက်က မျှော်မှန်းထားခဲ့တာပါ။

    ဒါပေမဲ့ ဖီဖာဟာ မက်ဆီကို မျက်နှာသာပေးမှုတွေ ရှိတယ်လို့ အီဂျစ်ဘက်က စွပ်စွဲပါတယ်။

    ''ကမ္ဘာ့ချန်ပီယံအသင်းကို ပြိုင်ပွဲထဲမှာ ဆက်ရှိစေချင်တာလည်းဖြစ်နိုင်တယ်။ မက်ဆီကို ကွင်းထဲမှာ ဆက်ရှိနေတာလည်း ဖြစ်နိုင်တယ်။ ကမ္ဘာ့ချန်ပီယံအသင်းကို အဆင့်ဆင့်အားပေးကြတယ်။ အာဂျင်တီးနားနဲ့ဆက်စပ်တဲ့ဘက်က ဖိအားပေးတာကြောင့် ဒီရလဒ် ဖြစ်ခဲ့တာဖြစ်မယ်'' လို့ အီဂျစ် နည်းပြက ပြောပါတယ်။

    အာဂျင်တီးနားနဲ့ပွဲမှာ အီဂျစ်ဟာ ဒိုင်ဘက်လိုက်မှု ခံရတယ်လို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။

    ဘီဘီစီရဲ့မြောက်အမေရိက ဆိုင်ရာသတင်းထောက်လည်းဖြစ်၊ အီဂျစ်နွယ်ဖွားလည်းဖြစ်တဲ့ ရှာမာ ခါလီကတော့ အခုတစ်ခေါက်ကမ္ဘာ့ဖလားဟာ အီဂျစ်အတွက် အသည်းကွဲ ဇာတ်လမ်းဆန်ဆန် အဆုံးသတ်ခဲ့ရပေမဲ့ အီဂျစ်နိုင်ငံသားအများစုကတော့ သူတို့အသင်းဟာ ဘောလုံးလောကမှာ အကြီးမားဆုံးပြိုင်ပွဲတွေထဲ ဆက်ရှိနေသင့်တဲ့အသင်းလို့ မှတ်ယူထားကြတယ်ဆိုပြီး ရေးပါတယ်။

  12. မြဝတီတောင်ပိုင်းက မင်းလက်ပံဒေသကို စစ်တပ်အင်အားဖြည့်လို့ တိုက်ပွဲပြင်းထန်နေ

    ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံဒေသကို စစ်တပ်က အင်အားထောင်နဲ့ချီ ဖြည့်တင်းလာတာကြောင့် မနေ့ညနေပိုင်းကစလို့ တော်လှန်ရေးတပ်တွေနဲ့နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

    “၃၅၅ ကွင်းကလေးလမ်းနဲ့ မြဝတီမြို့တွင်းလမ်းကနေ နှစ်ဖက် တက်ပြီး အင်အားဖြည့်လာတာပါ။ မနေ့ည တစ်ညလုံးရော၊ မနက် ၆ နာရီလောက်အထိ တိုက်ပွဲဖြစ်နေတယ်” လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

    မြဝတီမြို့စောင့်တပ်လို့ အများခေါ်ကြတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကနေရော မေတ္တာလင်းမြိုင်၊ ဆုံဆည်းမြိုင်ဘက်ကနေပါ လက်နက်ကြီးနဲ့ပစ်ကူပေးနေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောပါတယ်။

    “၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြဝတီတောင်ပိုင်းကို စစ်တပ်က စစ်အင်အားအကြီးမားဆုံး သုံးပြီးတိုက်တဲ့တိုက်ပွဲတခုလို့ ပြောလို့ရတဲ့အနေအထားပဲ” လို့ သူက ဆက်ပြောပါတယ်။

    မင်းလက်ပံဒေသဟာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA ) ထိန်းချုပ်ခဲ့ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်နေတာကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကနေ မနှစ် နှစ်ကုန်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသားအယောက် ၉၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

    မင်းလက်ပံဒေသရဲ့ကျားဖြန့်အရေးကို ကိုင်တွယ်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်လို့ KNU က တောင်းဆိုခဲ့ပြီး မြန်မာစစ်တပ်ဘက်ကလည်း KNU လွှဲမယ့် ကျားဖြန့်ရုံက နိုင်ငံခြားသားတွေကို လက်မခံဖို့ ထိုင်းနဲ့ တရုတ်ကိုပြောခဲ့တဲ့အထိ တင်းမာခဲ့ပါတယ်။

    အခု ဇူလိုင်လဆန်းမှာပဲ မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး‌နောက် နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ထိုင်းစစ်တပ် ကိုယ်စားလှယ်တွေ တွေ့ဆုံကာ ကျားဖြန့်တိုက်ဖျက်ရေးနှစ်နိုင်ငံတပ်တွေပိုပူးပေါင်းမယ်လို့ ပြောခဲ့ကြပါတယ်။

    “တဖက်ထိုင်းနဲ့ညှိနှိုင်းပြီးမှ အင်အား ၂,၀၀၀ လောက်နဲ့ ထိုးတယ်ဆိုရင်တော့ လတ်တလော မြဝတီနယ်စပ်မှာရှိတဲ့ဆုံးရှုံးပြီး စခန်းတွေကို ပြန်ယူနိုင်မယ့်အနေအထားအထိရှိနိုင်တယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

    မင်းလက်ပံတိုက်ပွဲက လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကို ကျရောက်ပေါက်ကွဲမှုရှိတယ်လို့ ဒေသတွင်းသတင်းတချို့မှာဖော်ပြနေပြီး ဘီဘီစီကထပ်မံအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။

    မင်းလက်ပံတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်တပ်ရော KNU ဘက်ကပါ ဒီနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

  13. ထိုင်းမှာ တက္ကဆီသမားရဲ့မျက်စိတစ်ဖက်အမြင်ကွယ်အောင် ထိုးမှုနဲ့ မြန်မာ ၁ ဦးအဖမ်းခံရ

    ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန် ခရိုင်ထဲမှာ မြန်မာအမျိုးသားတစ်ဦးဟာ အသက် ၆၁ နှစ်အရွယ် ထိုင်းအငှားယာဉ်မောင်းတစ်ဦး မျက်စိတစ်ဖက် အမြင်ကွယ်စေတဲ့အထိထိုးနှက်မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဖမ်းဆီးခံရသူ မြန်မာအမျိုးသားဟာ အသက် ၂၆ နှစ်အရွယ် ကိုဝင်းဝင်းဆိုသူဖြစ်ပြီး သူ့ကို ဘန်ကောက်မြို့အပြင်ပိုင်း ဆမွတ်ပရာကန်ခရိုင်ထဲက ဘန်ကူးရဲစခန်းကနေ ဇူလိုင် ၃ ရက်မှာ ဖမ်းဆီးလိုက်တာလို့ ရဲစခန်းက လူမှုကွန်ရက်ကနေ မနေ့တုန်းက သတင်းထုတ်ပြန်ပါတယ်။

    ထိုင်းရဲတပ်ဖွဲ့နဲ့ သတင်းဌာနတွေ ထုတ်ပြန်ဖော်ပြချက်တွေအရ ယာဉ်မောင်းနဲ့ မြန်မာအချို့ ကားခ ပေးချေရာကနေ အငြင်းပွားဖြစ်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ဧပြီလ ကတည်းက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးခံရသူ ကိုဝင်းဝင်းအပါအဝင် နောက်ထပ်မြန်မာအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးဟာ ဧပြီလ ၁၂ ရက်တုန်းက ဘန်ကောက်မြို့၊ မိုချစ်ကားဂိတ်ကနေ ဆမွန် ပရာကန်ကို ကားငှားခဲ့ပြီးတဲ့နောက် ကားခ ပေးချေချိန်မှာ စျေးပို တောင်းခံရတယ်ဆိုပြီး ကတောက်ကဆ ဖြစ်ခဲ့ကြတာလို့ သတင်းတွေက ဆိုပါတယ်။

    ဒီဖြစ်စဉ်ကို ကားသမားက ရဲကို တိုင်ကြားခဲ့ပေမဲ့ တိုးတက်မှု မရှိလို့ အရပ်ဘက်အဖွဲ့ တစ်ဖွဲ့ဆီ အကူအညီတောင်းခဲ့ပြီးတဲ့နောက် ရဲနဲ့ အရပ်ဘက်အဖွဲ့ ပူးပေါင်းစုံစမ်းပြီး ကိုဝင်းဝင်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ရဲအပြောအရ ကိုဝင်းဝင်းဟာ ကားသမားကို လက်သီးနဲ့ ထိုးနှက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် အပြင်းအထန်ဒဏ်ရာရစေမှုနဲ့ ကိုဝင်းဝင်းကို အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

    ကားသမားကတော့ သူ့ကို ထိုးခဲ့သူဟာ ကိုဝင်းဝင်းတစ်ယောက်တည်းဖြစ်ပြီး ကားပေါ် လိုက်ခဲ့တဲ့ကျန်ခရီးသည်တွေ ပါဝင်တာ မရှိခဲ့ဘူးလို့ ဆိုပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်မှာ ကျန်တဲ့ခရီးသည်တွေ ပါဝင်မှု ရှိ မရှိ ဆက်ပြီး စုံစမ်းမယ်လို့ သတင်းထုတ်ထားပါတယ်။

  14. ရက် ၁၀၀ - မြန်မာ့စီးပွားရေးနာလန်ထူဖို့ နေပြည်တော်အစိုးရဘာလုပ်မလဲ

    ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ကနဦးခန့်မှန်းခဲ့ပေမဲ့ နှစ်လယ်ရောက်ချိန်မှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။ စီးပွားရေးကန့်သတ်ချက်တွေနဲ့ ပြင်ပသက်ရောက်မှုတွေကြောင့် စီးပွားရေး ၂ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ လျှော့ချ ခန့်မှန်းလိုက်တာပါ။

    အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ အီရန်စစ်ပွဲဟာ မြန်မာ့စီးပွားရေးကို ထပ်ချိနဲ့ စေတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    "လောင်စာဆီဈေးတွေတက်တာက လယ်သမားတွေအတွက် ပက်ကြားအက်ထဲမှာ စပါးပက်ကြဲရတဲ့ အခြေအနေဖြစ်နေပြီ" လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာရဲ့နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမှာ ကျေးလက်နေပြည်သူ လယ်သမားတွေအပေါ်လည်း သက်ရောက်မှုကြီးခဲ့ပြီး အခုအီရန်ပဋိပက္ခကြောင့် လောင်စာဆီဈေးတက်တာက နောက်ထပ်အခက်အခဲကြီးဖြစ်လာပါတယ်။

    ပညာရှင်တွေထောက်ပြတဲ့ မြန်မာ့စီးပွားရေးအတွက် အချက် ၃ ချက်အကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  15. စက်ဆီနဲ့ စားဆီတွေ ပြည်ပကနေ သွင်းရတာ လျှော့ချနိုင်မယ့် နည်းလမ်းရှာဖို့ ဦးမင်းအောင်လှိုင်ပြော

    ပြည်တွင်းမှာ စက်သုံးဆီနဲ့ စားသုံးဆီ ခွဲတမ်းရောင်းချတာတွေကို ကန့်သတ်ထားချိန်မှာပဲ ဒီဆီတွေကို ပြည်ပကနေ နှစ်စဉ် တင်သွင်းရပြီး နိုင်ငံခြားငွေအများအပြား သုံးစွဲရတာကြောင့် တင်သွင်းမှု လျှော့ချရေး နည်းလမ်းရှာဖွေဖို့ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။

    ဒါကြောင့် လျှပ်စစ်အတွက် စက်သုံးဆီ သုံးနေတာကို လျှော့ဖို့ ပြည်ပကနေ တင်သွင်းဖို့မလိုတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်မယ်လို့ မနေ့တုန်းကလုပ်တဲ့နေပြည်တော်အစိုးရအဖွဲ့အစည်းအဝေးမှာ သူက အခုလိုပြောလိုက်တာပါ။

    ဦးမင်းအောင်လှိုင်ကတော့ ကုန်ဈေးနှုန်း ကြီးမြင့်နေတာဟာ သူ့အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး ဒါဟာ ရောင်းလိုအားနဲ့ ဝယ်လိုအားများ မမျှတဘဲ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားနေတာကြောင့်လို့ သူက ထည့်ပြောပါတယ်။

    ကုန်ထုတ်စရိတ်များတာက ငွေကြေးတန်ဖိုးပြောင်းလဲမှုရဲ့အကျိုးဆက်ဖြစ်လို့ ပြည်တွင်းထုတ်ကုန် တိုးထုတ်ကာ ပို့ကုန်တွေကရတဲ့နိုင်ငံခြားငွေနဲ့မှ သွင်းကုန်သွင်းမယ်လို့ဆိုပါတယ်။

    သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်တွေအလိုက် ကျောက်မီးသွေးအပြင် နေရောင်ခြည်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်နိုင်အောင်လုပ်ဖို့လည်း သူက ထည့်ပြောခဲ့တာပါ။

    လက်တွေ့မှာတော့ အီရန်ပဋိပက္ခနောက်ဆက်တွဲ စက်သုံးဆီရှားပါးမှုကို စုံ/မ စနစ်နဲ့ ကားတွေ အလှည့်ကျအသုံးပြုဖို့ ညွှန်ကြားခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    ဒါအပြင် ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စားသုံးဆီခွဲတမ်းကို ဇူလိုင်လကုန်ကစပြီး ၆၀ ရာခိုင်နှုန်းခန့် လျှော့ချဖို့ရှိတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တချို့က ဇွန်လကုန်ပိုင်းမှာ ထုတ်ပြောထားကြပါတယ်။

    မနေ့ကလုပ်တဲ့ နေပြည်တော်အစိုးရအစည်းအဝေးမှာတော့ စပါးအဓိကစိုက်ပျိုးတဲ့နိုင်ငံဖြစ်လို့ ဆန်စပါးကြိတ်ခွဲရာကနေ ထွက်လာတဲ့ ဖွဲနုတွေနဲ့ ဖွဲနုဆီထုတ်ကာ စားသုံးဆီအဖြစ် အသုံးပြုဖို့အတွက် ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ပြည်တွင်းဖွဲနုဆီထုတ်နိုင်အောင် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ဖို့ရှိနေပါတယ်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်းလို ဆီထွက်သီးနှံတွေကိုလည်း ပိုတိုးထုတ်ဖို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    မြန်မာမှာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေစီးဆင်းမှုကို ထိန်းချုပ်ကာ ငွေလဲလှယ်နှုန်း ကန့်သတ်ခဲ့သလို ပို့ကုန်သွင်းကုန်လိုင်စင်စနစ်ကိုလည်း တင်းကျပ်ထားတာကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်ကာ စီးပွားရေးအကျပ်ရိုက်စေတယ်လို့ ပြည်တွင်းရော နိုင်ငံတကာပညာရှင်တွေကပါ ထောက်ပြထားပါတယ်။

  16. မင်္ဂလာပါ။ ဇူလိုင် ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။