ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဘဏ်လုပ်ငန်းရှင်ကြီးတွေအားလုံးနီးပါးတွေ့ရတဲ့နေပြည်တော်က ဆွေးနွေးပွဲ

စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ နေပြည်တော်ဆွေးနွေးမှာ မြန်မာဘဏ်လုပ်ငန်းရှင်ကြီးတွေကို တစုတစည်းတည်း မြင်တွေ့ရတဲ့သတင်းနဲ့အတူ ဇူလိုင် ၁၁ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့ သတင်းများ တိုက်ရိုက်တင်ဆက်မှု

အနှစ်ချုပ်

  • နိုင်ငံစီးပွားရေးမူဝါဒတွေကို ထိပါးလာလို့ ဗဟိုဘဏ်နဲ့ဘဏ်တွေကို ကြီးကြပ်ပေးနေရတယ်လို့ စစ်ကောင်စီပြော
  • နောင်ချိုမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဒုံးတပ်ရင်း(၆၀၆)ကို TNLA နဲ့ MDY PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့
  • ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်လုဖြစ်နေချိန် စစ်ကောင်စီက ရန်ကုန်-ကော့သောင်း- ရနောင်း ကုန်သွယ်လမ်းကြောင်းသစ်ကို ဖော်ဆောင်
  • ရိုးမဘဏ်နဲ့ ရိုးမအုပ်စုတည်ထောင်သူ ဦးသိမ်းဝေ စစ်ဆေးခံနေရတာ လနဲ့ချီကြာနေ
  • စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ ဘုတလင်မြို့နယ် ထနောင်းကုန်းကျေးရွာ ဆေးပေးခန်းမှာ ဆေးကုနေတဲ့ PDF နဲ့ ကျန်းမာရေးဝန်ထမ်း အပါအဝင် ၆ ယောက်သေဆုံး
  • လေးရက်ကြာအောင်တက်နေတဲ့ ချင်းတွင်းမြစ်ရေကြောင့် ကျေးရွာပေါင်း ၆၀ ကျော်က ပဲစိုက်ခင်းတွေ ထောင်ချီပျက်စီးနိုင်
  • ရန်ကုန်မှာ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်အထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၁၁၅ ယောက်ရှိပြီး အဲဒီထဲက ၂၂ ယောက်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်
  • မြို့နယ်ပေါင်း ၂၅ မြို့မှာ ဇူလိုင် ဒုတိယပတ်အတွင်း မြစ်ရေတွေ တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထား
  • နယ်မြေတွေ၊ စစ်စခန်းတွေ ဆက်တိုက်ရှုံးနေတဲ့ စစ်ကောင်စီက ရှုံးမဲ မဲပြီး နိုင်ငံကို ဖျက်ဆီးနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွန်အန်ဒရူးကပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၁၁ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာပြည်တွင်းက အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချပြီး အရေးယူဆောင်ရွက်မှုတွေ မြန်ဆန်ဖို့ ကုလလူ့အခွင့်အရေးကောင်စီ တိုက်တွန်း

    မြန်မာပြည်တွင်းမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာမှာဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ ကုလလူ့အခွင့်အရေးကောင်စီက ထပ်လောင်းပြောဆိုလာပါတယ်။

    စစ်ကောင်စီတပ်နဲ့ အတိုက်အခံလက်နက်ကိုင်တွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ချိုးဖောက်မှုတွေ၊ ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းတဲ့သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ လူ့အခွင့်အရေးကောင်စီက ဇူလိုင် ၁၀ ရက်မှာ အခုလို ဆုံးဖြတ် ပြောဆိုလာတာဖြစ်ပါတယ်။

    လူ့အခွင့်အရေး ကျူးလွန်သူတွေကို နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ခုံရုံးတွေအထိ ဥပဒေကြောင်းအရ တရားမျှတမှုရှိအောင်ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်းကိုလည်း ကုလလူ့အခွင့်အရေးကောင်စီ ၄၇ နိုင်ငံက မဲမခွဲဘဲ တညီတညွတ်တည်း ဆုံးဖြတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

  3. ‘ဝ’တပ်တွေ တန့်ယန်းမြို့ အထိရောက်လာ

    ရှမ်းပြည်နယ်မြောက်ပိုင်းက တန့်ယန်းမြို့ထဲကို အင်အားရာချီတဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်က ရာနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ‘ဝ’တပ်ဖွဲ့ဝင်တွေ သံလွင်မြစ်အရှေ့ဘက်ကနေ အနောက်ဘက်ခြမ်းက တန့်ယန်းကို ကားတွေနဲ့ ဝင်ရောက်လာတဲ့ရုပ်သံတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

    ရှမ်းမြောက် လားရှိုးကို ဦးတည်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ တိုက်ပွဲမရှိတဲ့ တန့်ယန်းမြို့ထဲကို ‘ဝ’တပ်တွေ ဘာကြောင့် ဝင်ရောက်လာတယ်ဆိုတာရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နဲ့ အာရက္ခတပ်တော်(AA) တို့က ပြုလုပ်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဒီညီနောင် ၃ ဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ ‘ဝ’တပ်ဟာ ထင်ထင်ရှားရှားပါဝင်ကြောင်း မပြသခဲ့ပါဘူး။

    ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအကြော့ ပြီးချိန်မှာတော့ စစ်ဆင်ရေးအတွင်း သိမ်းနိုင်ခဲ့တဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ကိုးကန့်တပ်က ‘ဝ’ တပ်ကို လွှဲပြောင်းပေးခဲ့သလို ‘ဝ’ ကလည်း အဲဒီ နယ်တွေမှာ သူ့အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ထားပြီးဖြစ်ပါတယ်။

  4. စစ်ကောင်စီက နိုင်ငံကို ဖျက်ဆီးနေတာလို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

    အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သူ မထိန်းချုပ်နိုင်တော့တဲ့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွန်အန်ဒရူးက ဒီနေ့မှာ ‌ပြောလိုက်ပါတယ်။

    မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီတုန်းက တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိထားတဲ့ ပစ်ခတ်ရပ်စဲရေးကလည်း ပျက်စီးသွားပြီလို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံအိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ လွှတ်တော်က မျိုးသားလုံခြုံရေးကောင်စီကော်မတီနဲ့ တွေ့ဆုံချိန်မှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    “အရှုံးတွေက သူတို့အတွက် တသီကြီးဖြစ်လာနေတယ်။ စစ်တပ်က တပ်ဖွဲ့ဝင်တွေ ဆုံးရှုံနေတယ်၊ တပ်စခန်းတွေ ဆုံးရှုံးနေတယ်၊ သူ့နယ်မြေတွေ ဆုံးရှုံးနေတယ်” လို့ သူက ‌‌ပြောပါတယ်။

    ဒါတွေဟာ စစ်တပ်က သူတို့ ထိန်းချုပ်မရနိုင်တော့တဲ့အဆုံး နိုင်ငံကို ဖျက်ဆီးဖို့ကြိုးစားနေတာ ပေါ်လွင်လုနီးပါး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

    စစ်တပ်က သူ့ရဲ့ ဆုံးရှုံးမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ အရပ်သားတွေကို တိုက်ခိုက်တာ၊ ပြီးခဲ့တဲ့ခြောက်လအတွင်းမှာ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေအပေါ် တိုက်ခိုက်တာတွေက သိသိသာသာ တိုးလာတယ်လို့လည်း ထပ်ပြောပါတယ်။

  5. မြို့နယ်ပေါင်း ၂၅ ခု မှာ ဇူလိုင်ဒုတိယပတ်အတွင်း မြစ်ရေမြင့်တက်နိုင်, တံတားဦးမြို့နယ်မှာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် နွားအကောင်ရေ သုံးထောင်နီးပါး ပြောင်းရွှေ့ရ

    ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သောင်ရင်း၊ ငဝန်၊ တိုးမြစ်၊ ဘီးလင်း မြစ်ရေတွေဟာ မြို့နယ်ပေါင်း ၂၅ မြို့မှာ လာမယ့် ဇူလိုင် ဒုတိယပတ်အတွင်း မြစ်ရေမြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဧရာဝတီမြစ်ရေက ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေးမြို့တွေမှာ တစ်ပေခွဲကနေ သုံးပေခွဲ၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ လေးပေကနေ ခြောက်ပေခန့်အထိ မြင့်တက်နိုင်ပါတယ်။

    ဧရာဝတီမြစ်ဘေးက တံတားဦးမြို့နယ်မှာဆိုရင် မြေငူ၊ ပုဏ္ဏားခြံ၊ ပန်းယျ၊ ငါးရာပြား၊ ကျီးပင်ကျေး၊ ဇီးပင်ကွေ့ စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၂ ရွာက နွားအကောင်ရေပေါင်း ၃ ထောင်နီးပါးကို ရေလွတ်တဲ့ ကုန်းမြင့်တွေကို ပြောင်းရွှေ့ပေးထားရတယ်လို့ စစ်ကောင်စီလက်အောက် ပြန်ကြား‌ရေးဌာနက ထုတ်ပြန်ပါတယ်။

    ချင်းတွင်းမြစ်ရေကတော့ မင်းကင်း၊ ကနီ၊ မုံရွာမြို့တွေမှာ လက်ရှိရေမှတ်တွေထက် မြင့်တက်ဦးမှာဖြစ်ပါတယ်။

    စစ်တောင်းမြစ်ရေကတော့ တောင်ငူမြို့နဲ့ မဒေါက်မြို့၊ ရွှေကျင်မြစ်ရေကတော့ ရွှေကျင်မြို့၊ ပဲခူးမြစ်ရေက ဇောင်းတူ၊ ပဲခူးမြို့တွေမှာ မြင့်တက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

    သောင်ရင်းမြစ်ရေကတော့ မြဝတီ၊ ငဝန်မြစ်ရေက ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့၊ တိုးမြစ်ရေက မအူပင်မြို့၊ ဘီးလင်းမြစ်ရေက ဘီးလင်းမြို့တွေမှာ လက်ရှိရေမှတ်တွေထက် မြင့်တက်မှာဖြစ်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

  6. ၂၄ နာရီအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၂၂ ဦးရှိ

    ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ ဇူလိုင် ၉ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ၂၄ နာရီအတွင်းမှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက်ရသူ ၂၂ ယောက်ရှိတယ် လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ လူနာအသစ် ၁၁၅ ယောက်ထဲမှာ ၂၂ ယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တာပါ။

    လူနာတွေရဲ့ အခြေအနေကတော့ သက်သာတယ်လို့လည်း ဆိုပါတယ်။

    ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့တဲ့ သာကေတမြို့နယ်ထဲက စာသင်ကျောင်းတချို့က ရေကန်တွေကိုလည်း အုပ်ချုပ်ရေးနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေက ကလိုရင်းခတ်ပေးနေတယ်လို့လည်း သိရပါတယ်။

    “အသုပ်တို့၊ မုန့်ဟင်းခါးဆိုင်တွေက မနက်ဖြန်အထိ ပိတ်မယ်။ ရက် ထပ်တိုးမတိုး မသိသေးဘူး။ ဒီနေ့ည ကြေညာမယ် ထင်တယ်။ ရောဂါဖြစ်တာတွေ သိပ်မကြားရတော့ဘူး။ ရပ်ကွက် ဆေးပေးခန်းက မနက်ပိုင်းတွေ ဖွင့်ပေးနေသေးတယ်။ စဖြစ်တုန်းက တစ်လမ်းကို နှစ်ယောက်-သုံးယောက်လောက်ဖြစ်ခဲ့တာ” သာကေတမြို့နယ် အနော်မာရပ်ကွက် ဒေသခံတစ်ယောက်က ပြောပါတယ်။

    ဇူလိုင် ၁၀ ရက်အထိ ရောဂါပျောက်ကင်းတဲ့လို့ ဆေးရုံဆင်းခွင့်ရတဲ့ လူနာပေါင်း ၂၁၇ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

    ဇွန် ၂၃ ရက်ကစပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခဲ့တဲ့ တာမွေမြို့နယ်မှာ ရောဂါဖြစ်ပွားသူ ၁၄ ယောက်ရှိပြီး ပြန်ကောင်းလာသူ ၉ ယောက်၊ ဆေးကုသမှုခံယူနေရသူ ၅ ယောက်ရှိတယ်လို့ မြို့နယ်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီကနေ သိရတယ်လို့ စစ်ကောင်စီရဲ့ နေ့စဉ်ထုတ် သတင်းစာတွေကနေ သိရပါတယ်။

    သာကေတ မြို့နယ်အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲက မြို့နယ် အချို့မှာတော့ ဇွန်လ ကုန်ပိုင်းမှာ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားခဲ့တယ်လို့ ဇူလိုင် ၇ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

  7. ကုလားတန်မြစ် စီမံကိန်း ဆက်ပြီး အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေး

    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကနေ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ထဲက ပလက်ဝ၊ အဲဒီကမှတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆက်သွယ်ထားတဲ့ ကုလားတန်မြစ်စီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ မြန်မာစစ်ကောင်စီတို့ ဆွေးနွေးထားပါတယ်။

    စစ်ကောင်စီနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးလွင်ဦးနဲ့ စစ်တွေမြို့ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးက တာဝန်ပြီးဆုံးလို့ပြန်မယ့် အိန္ဒိယကောင်စစ်ဝန်ချုပ်တို့ နေပြည်တော်မှာ ဇူလိုင် ၁၀ ရက်တုန်းက တွေ့ဆုံချိန် အခုလိုဆွေးနွေးထားတာလို့ ဆိုပါတယ်။

    မြန်မာပြည်တွင်းက အိန္ဒိယရဲ့ လုပ်လက်စ စီမံကိန်းတွေအတွက် အပြည့်အဝလုံခြုံမှုရှိရေး လုပ်ဆောင်ပေးဖို့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယပြည်ပရေးရာဝန်ကြီးက ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက တိုက်တွန်းထားဖူးပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တော်စစ်တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့ထဲမှာတော့အိန္ဒိယအစိုးရဲ့ကုလားတန်ဘက်စုံသုံးစီမံကိန်းရှိသလိုထိုင်း-မြန်မာ- အိန္ဒိယ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းလည်း ရှိနေပါတယ်။

    ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ မြန်မာ -အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့အထိ ကုန်းလမ်း၊ အဲဒီကမှတဆင့် ရခိုင်ပြည်နယ်မြို့တော်စစ်တွေဆီ ကုလားတန်မြစ်ကနေ ကုန်စည်တွေ စီးဆင်းဖြတ်သန်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    အိန္ဒိယက ကုလားတန်ဘက်စုံသုံး စီမံကိန်းအရေးကို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေချိန်မှာပဲ အဲဒီစီမံကိန်း ဖြတ်သန်းတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုတော့ အာက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော် - အေအေ)က စစ်ကောင်စီနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။

  8. ကနီမြို့နယ်မှာ မြစ်ရေတက်လို့ ပဲစိုက်ခင်းဧက ထောင်ချီပျက်စီးနိုင်

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ ချင်းတွင်းမြစ်ရေ တက်လာတာကြောင့် ကျေးရွာပေါင်း ၆၀ ကျော်က ပဲစိုက်ခင်းတွေ ရေနစ်မြုပ်လို့ ဧက ထောင်ချီပျက်စီးနိုင်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

    ကင်း၊ အထက်ကင်း၊ မိချောင်းတွင်း၊ တအုံ၊ ချမ်းသာစု၊ ဘုမ္မဇင်း၊ ကဲဒေါင် အပါအဝင်ကျေးရွာတွေက ပဲစိုက်ခင်းတွေ ရေမြုပ်တာဖြစ်ပါတယ်။

    “အဓိကတော့ ချင်းတွင်းမြစ်ကမ်းဘေးမြေပဲ၊ ပဲစဉ်းငုံ စိုက်ခင်းတွေပျက်တယ်။ ဒီနှစ်က ရေတိုးကြမ်းတယ် ရေမကြီးတာ၊ ရွာတွေထဲ ရေမဝင်တာ ၄ နှစ်လောက်ရှိပြီဗျာ။ မြစ်ဘေးက စိုက်ခင်းတွေက အကုန်ပျက်စီးမှာ။ အခုက နှုတ်ချိန်မဟုတ်တော့ မြေပဲဆိုမအောင်ဘူး ဥ က။ နွားစာပဲရတော့မယ်” လို့ ကနီမြို့နယ် တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

    ဇူလိုင် ၈ ရက်လောက်ကစပြီး ချင်းတွင်းမြစ်ရေ တက်တာကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ပဲစိုက်ခင်းတွေကိုလည်း စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မြစ်ကမ်းဘေးတစ်လျှောက်က ကျေးရွာတွေက နေအိမ်တွေလည်း ရေနစ်မြုပ်နေပြီး ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ လုပ်နေကြရတယ်လို့လည်း သူက ပြောပါတယ်။

  9. ဘုတလင်က ဆေးပေးခန်း ဗုံးကြဲခံရလို့ ကျန်းမာရေးဝန်ထမ်းအပါအဝင် ၆ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-‌ရေဦးကားလမ်းဘေးက PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒဏ်ရာရသူတွေရှိခဲ့ပြီး အဲဒီဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ထနောင်းကုန်းကျေးရွာ ဆေးပေးခန်းလည်း ထပ်ပြီး ဗုံးကြဲခံရတာကြောင့် သေဆုံးသူ ၆ယောက်ရှိတယ်လို့ သိရပါတယ်။

    သေဆုံးသူတွေဟာ ဆေးခန်းမှာ ဆေးကုသမှုခံယူနေတဲ့ ဒဏ်ရာရဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ ယောက်ပါတယ်လို့ ‌‌ဒေသခံ‌ တွေက ဘီဘီစီကို ‌ပြောပါတယ်။

    “ဆရာမရဲ့ နှစ်နှစ်အရွယ် ကလေးလည်း ဒဏ်ရာရတယ်။ စိုးရိမ်ရတယ် ၅၀-၅၀ ပဲ။ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို ဝိုင်းပြီး ဆေးကုဖို့ လုပ်ကိုင်နေတုန်းက နောက်ထပ် ဒရုန်းကျလာတာ” လို့မြေပြင် အခြေအနေသိတဲ့ ဒေသခံက ဘီဘီစီကို ပြောပါတယ်။

    ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံမှုအတွင်း ဒဏ်ရာရရှိသူ ၁၅ ယောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။

    PDF စစ်ဆေးရေးဂိတ်နဲ့ ဆေးပေးခန်းကို ဒရုန်းနဲ့တိုက်ခိုက်တာဟာ ဘုတလင်မြို့နဲ့ကပ်ရပ် မုံရွာမြို့နယ်ထဲမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေကလည်း အခုဗုံးကြဲမှုဟာ စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တာဖြစ်ပြီး သေဆုံး ၇ ဦးရှိတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

    ဇူလိုင် ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဘုတလင်မြို့နယ်နဲ့ မုံရွာမြို့နယ်အစပ် ဘုတလင်မြို့နယ်ထဲက တောင်ရက်ရှည်ရွာထဲက စာသင်ကျောင်းနဲ့ ကွမ်းယာဆိုင်နားကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် လူတစ်ယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းထားတဲ့ သုံးနှစ်ကာလအတွင်းမှာ ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

  10. ရိုးမလုပ်ငန်းစု - ဘီလျံနာသူဌေးကြီး ဆာ့ချ် ပန်းကို စစ်ကောင်စီက ထိန်းသိမ်းစစ်ဆေးနေ

    ရိုးမဘဏ်နဲ့ ရိုးမအုပ်စုတည်ထောင်သူ ဦးသိမ်းဝေ (ခ) ဆာ့ချ်ပန်း - Serge Pun ကို နေပြည်တော်မှာ ထိန်းသိမ်းစစ်ဆေးနေတာ လနဲ့ချီကြာနေပြီလို့ ဘီဘီစီ ရဲ့ သတင်းရင်းမြစ် ၃ ဦး ထက်မနည်းက အတည်ပြုပါတယ်။

    ဦးသိမ်းဝေကို ရိုးမဘဏ်၊ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ထဲက ပန်းလှိုင်အိမ်ရာစီမံကိန်းနဲ့ ဆေးရုံ၊ FMI စီးတီးအိမ်ရာစီမံကိန်းတွေနဲ့ မြန်မာမှာ လူသိများပါတယ်။

    အရင်အစိုးရတွေနဲ့ရော၊ လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ပါ တွဲဖက်မြင်တွေ့ရလေ့မရှိဘဲ စီးပွားရေးလုပ်ငန်းသက်သက်ကို အာရုံစိုက်လုပ်တဲ့ ဘီလျံနာအဖြစ် ဦးသိမ်းဝေကို မြန်မာနိုင်ငံမှာ စီးပွားရေးလောကသားအများစုက မှတ်ချက်ပြုထားကြပါတယ်။

    ဦးသိမ်းဝေကို နေပြည်တော်စစ်ကြောရေးမှာ စစ်ဆေးနေတာလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဦးသိမ်းဝေကို နေပြည်တော်မှာ ဘာကြောင့် ထိန်းသိမ်းထားတာပါလဲ။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုပါ။

  11. ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို ကုန်သည်တွေ စိတ်ဝင်စားမှုရှိလား

    တိုက်ပွဲနဲ့ နယ်စပ် မတည်ငြိမ်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံးနီးပါး ရပ်တန့်လုဖြစ်နေချိန်မှာပဲ စစ်ကောင်စီက ရန်ကုန်-ကော့သောင်း- ရနောင်း ကုန်သွယ်လမ်းကြောင်းသစ်ကို ဖော်ဆောင်လာပါတယ်။

    ရန်ကုန်မြို့မှာ ဆိပ်ကမ်းသစ်နှစ်ခုတည်ဆောက်ပြီးတဲ့နောက် ထိုင်းနဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို စစ်ကောင်စီက ဇူလိုင် ၇ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

    သန့်စင်ပြီး ခဲသတ္တု ၉၉ တန် တင်ထားတဲ့ ကွန်တန်နာတွေ၊ ပြောင်းဆန် ၁,၃၀၀ တန်ပါ၊ ကွန်တိန်နာ ၅၂ တင်ဆောင် လာတဲ့ အိန္ဒိယ ကွန်တိန်နာသင်္ဘော MV Bdypore Sultan ဟာ ရန်ကုန်ဆိပ်ကမ်းကနေကော့သောင်း ဆိပ်ကမ်းကို ဇူလိုင် ၇ ရက် ညမှာ ဆိုက်ကပ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းကို ထွက်ခွာခဲ့တယ်လို့ စစ်ကောင်စီကပြောပါတယ်။

    ဒီနယ်စပ်ကုန်သွယ်မှု ပုံစံအသစ်ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းတုန်းက မြိုတ်မြို့၊ ပုလဲသန္တာဟိုတယ်မှာ ကျင်းပခဲ့တဲ့ မြန်မာ- ထိုင်း ဒေသတွင်းနယ်စပ်ကုန်သွယ်ရေးကော်မတီ အစည်းအဝေးပွဲ ရလဒ်လို့လည်း ဆိုပါတယ်။

    ရန်ကုန်ရွှေပြည်သာမှာ အသစ်တည်ဆောက်လိုက်တဲ့ ရွှေမဲနဲ့ မုတ္တမဆိပ်ကမ်းနှစ်ခုကနေ ထိုင်းဘက်ကို ပို့မယ့် ကုန်စည်တွေကို အကောက်ခွန်ဌာနက ရန်ကုန်ဆိပ်ကမ်းမှာ တစ်ပါတည်း အထိုင်ချ စစ်ဆေးပေးတာလို့ဆိုပါတယ်။

    အဲဒီ စနစ်သစ်ကို အများဆုံးသုံးနေတာက ရန်ကုန် အခြေစိုက် ကုန်သည်တွေသာဖြစ်ပြီး ကိုယ်ပိုင်ကုန်သေတ္တာတွေသုံးပြီး ပို့ဆောင်တဲ့အတွက် အပိုကုန်ကျစရိတ်ထပ်တိုးလာတာမရှိဘူးလို့ ကုန်သည်တွေက ဘီဘီစီကို ပြောပါတယ်။

    ဒါပေမဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် မြဝတီကို အများဆုံးအသုံးပြုတဲ့ကုန်သည်တွေ အနေနဲ့တော့ ကွေ့ပတ်သွားရပြီး ကုန်တွေကို ရန်ကုန်ကို တစ်ခါပြန်လည်သယ်ဆောင်ရ တာဖြစ်လို့အချိန်ရော ငွေကြေးပါနှစ်ဆ ပိုမိုကုန်ကျလို့ သုံးဖို့ စိတ်အားထက်သန်မှုမရှိဘူးလို့ ပြောပါတယ်။

    မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar ရဲ့ ကောက်ယူထားတဲ့ ဧပြီ ၁၃ ရက်ထုတ်စစ်တမ်းအရ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကနေနေ့စဉ် ကုန်သွယ်မှုတန်ဖိုး ပျှမ်းမျှ အမေရိကန်ဒေါ်လာ ငါးသန်းခွဲရှိပါတယ်။

    စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကတော့ နေ့စဉ် ကုန်သွယ်မှုတန်ဖိုး ပျှမ်းမျှ အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါး ရှိတယ်လို့ဆိုပါတယ်။

  12. နောင်ချိုက စစ်တပ်လက်ကျန် ဒုံးတပ်ရင်းကို TNLA သိမ်း

    နောင်ချိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်ကျန် စခန်းဖြစ်တဲ့ ဒုံးတပ်ရင်း (၆၀၆)ကို ဇူလိုင် ၁၀ ရက် ညနေပိုင်းအချိန်မှာ သိမ်းပိုက်ရရှိတယ်လို့ တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီတပ်ရင်းကို တအာင်း တပ်(TNLA)နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒုံးတပ်ကို သိမ်းပိုက်နိုင်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ နောင်ချိုမြို့ဟာ TNLA က အပြည့်အဝ ထိန်းချုပ်နိုင်တဲ့နောက် ထပ်မြို့ တစ်မြို့ ဖြစ်လာပါတယ်။

    ဒုံးတပ်ရင်း(၆၀၆)ကနေ အတွဲလိုက်ပစ် ဒုံး(MLRS)တွေပါ သိမ်းဆည်းနိုင်ခဲ့တယ်ဆိုတာကို ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ရွှေဖီမြေရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

    ဒါ့အပြင် နောင်ချိုမြို့နယ်ထဲက သဲခေါ်ရွာနားမှာလည်း TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီဘက်က နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    တပ်မဟာ(၆) စစ်ဒေသ၊ လားရှိုး၊ တန့်ယန်းမြို့နယ် နားဆောင်ရွာနားက မန်ကတ်စခန်းနဲ့ မန်ပတ်စခန်းတို့ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

  13. ဗဟိုဘဏ်နဲ့ ဘဏ်တွေကို စစ်ကောင်စီက ဘာကြောင့် ကြီးကြပ်နေတာလဲ

    ဗဟိုဘဏ်နဲ့ ဘဏ်တွေက သီးခြား လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်ဆိုပေမဲ့ ဒီအချိန်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်တာဟာ နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးလာတာကြောင့် ကြီးကြပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူးက ‌ပြောလာပါတယ်။

    နေပြည်တော်မှာ ဇူလိုင် ၁၀ ရက်က ကျင်းပတဲ့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေတာဝန်ရှိသူတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲမှာ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောခဲ့တာပါ။

    နေပြည်တော်မှာ ဇူလိုင် ၁၀ ရက်တုန်းက ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ပုဂ္ဂလိက ဘဏ်တွေဘက်က ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အေဘဏ်က ဦးဇော်ဝင်းရှိန်တို့ တက်ရောက်တာတွေ့ရပါတယ်။

    စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ပြီး နိုင်ငံရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမယ်ဆိုရင် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြည်သူတွေအနေနဲ့လည်း မလိုအပ်ဘဲ ငွေကြေးအမြောက်အမြားထုတ်ယူတာ၊ ကောလဟလသတင်းတွေအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူတာတွေ မလုပ်ဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

    သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုပြီး ပြည်တွင်းက ဘဏ် ၇ ခုကို အရေးယူမယ်လို့ စစ်ကောင်စီက ပြောပြီးတဲ့နောက်မှာပဲ ဗဟိုဘဏ်နဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ် အကြီးအကဲတွေနဲ့ အခုလိုတွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။