ဇူလိုင်လ ၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ခရိုင်နဲ့ တိုင်းအဆင့် စစ်ရုံးတွေကနေ စစ်ဆေးနေတဲ့ သတင်းအပါအဝင် ဇူလိုင် ၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်အခြေစိုက် ရွှေ့ပြောင်းကျောင်းတွေမှာ မြန်မာအချင်းချင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ဖြစ်စဉ်တွေ အခုနှစ်တွေထဲမှာ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
အထူးသဖြင့် ကျူးလွန်ခံရသူတွေထဲအသက်မပြည့်သေးတဲ့ကလေးငယ်တွေပါဝင်နေသလို ဆရာဖြစ်သူတွေပါ ကျူးလွန်နေတဲ့အကြောင်း မဲဆောက်အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။
ဒီဖြစ်စဥ်တွေကြောင့် ထိုင်းမှာဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒ ( child safeguarding policy ) အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
ဥပဒေသုတေသီတချို့ကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေကြုံလာရတဲ့အခါ "မကြောက်ဘဲ" ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှာဖြစ်ခဲ့တဲ့ Grade-12 ကျောင်းသူ မုဒိမ်းကျင့်ခံရမှုဖြစ်ရပ်မှာ ကျောင်းအုပ်ရဲ့သားဖြစ်သူ ကျူးလွန်သူလို့ဆိုတဲ့အမျိုးသားဟာ ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူက အသက် ၂၉ နှစ်အရွယ် ကိုဇာနည်သွေးဖြစ်ပါတယ်။ သူ့ကို ၅ လကျော်ကြာ စစ်ဆေးပြီးတဲ့နောက် တောင်ကြီးခရိုင်တရားရုံးကနေ ဇွန်လ ၂၉ ရက်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံဖို့ဆိုပြီး အမိန့်ချခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ကိုဇာနည်သွေးကို သက်ငယ်မုဒိမ်းမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) နဲ့ ထောင်ဒဏ် ၂၀ အမြင့်ဆုံး ချမှတ်ခဲ့ပြီး၊ ကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ရာဇသတ်ကြီး ပုဒ်မ ၃၅၄ နဲ့ ထောင်ဒဏ် ၂ နှစ်၊ ခြောက်လှန့်တောင်းယူမှု ရာဇသတ်ကြီးပုဒ်မ ၃၈၄ နဲ့ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၂၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်အရ နစ်နာသူမိန်းကလေးဟာ အောင်မြေသစ်ကျောင်းမှာ တက်ရောက်ခဲ့တဲ့ Grade-12 ကျောင်းသူ တစ်ဦးဖြစ်ပြီး ဖျားနာပြီးနေမကောင်းဖြစ်နေတာကြောင့် ဆေးခန်းပြပြီးအပြန် အဆောင်ခဏပြန်နားတဲ့အချိန်မှာ ကိုဇာနည်သွေးက အဓမ္မပြုကျင့်ခဲ့တာလို့ ဒီအခြေအနေကို သိထားတဲ့နစ်နာသူမိန်းကလေးရဲ့သူငယ်ချင်းဖြစ်သူတစ်ဦးက အဲဒီအချိန်ကတည်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
ကိုဇာနည်သွေးဟာ အောင်မြေသစ်အထက်တန်းကျောင်းအုပ်ရဲ့သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး အဲဒီကျောင်းမှာပဲ အလယ်တန်းအတွက် မြန်မာစာသင်ကြားပေးခဲ့တဲ့ ဆရာတစ်ဦးလည်း ဖြစ်တယ်လို့ ကျောင်းသားတချို့က ဘီဘီစီကို အစောပိုင်းကတည်းက ပြောပါတယ်။
တစ်ဖက်မှာလည်း အမှုကိစ္စဖြစ်ပွားပြီးတဲ့နောက် ပညာရေးဝန်ကြီးဌာနကနေ အောင်မြေသစ် အထက်တန်းကျောင်းကို တသက်တာ ပိတ်သိမ်းအရေးယူခဲ့တယ်လို့ မြို့ခံတချို့ဆီကနေ သိရပါတယ်။
ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်ပွဲတွေ ကန်နေပြီး ဒီနေ့ညနေပိုင်းမှာလည်း အင်္ဂလန်အသင်းဟာ ဒီအာရ် ကွန်ဂိုနဲ့ ကစားဖို့ရှိနေပါတယ်။
ဒီနေ့ မနက်ပိုင်းကစားသွားတဲ့ ရှုံးထွက်ပွဲတွေမှာတော့ နော်ဝေ၊ မက္ကဆီကို၊ ပြင်သစ်၊ မော်ရိုကိုအသင်းတို့ ၁၆ သင်းအဆင့်ကို တက်သွားခဲ့ကြပြီဖြစ်ပါတယ်။
ဂျာမနီကတော့ ကမ္ဘာ့ဖလားကနေ နုတ်ဆက်သွားခဲ့ရပါတယ်။
ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်ပွဲတွေ ဘယ်လို ထူးခြားလဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ဆိုက်ရောက်တဲ့ နိုင်ငံတကာလေကြောင်းလိုင်းနဲ့အတူလိုက်ပါလာတဲ့အသက် ၂၆ နှစ်အရွယ် ထိုင်းလေယာဉ်မယ်ဟာ ဘိန်းဖြူ ၁ ကီလိုဂရမ် သယ်လာတာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ သြစတြေးလျနယ်ခြားစောင့်တပ်က ထုတ်ပြန်ပါတယ်။
ထိုင်းလေကြောင်းလိုင်း ထိုင်းအဲဝေးစ်ကတော့ လေကြောင်းလိုင်းက လေယာဉ်မယ်တစ်ဦး လုပ်ငန်းချိန်မှာ ဖမ်းဆီး ထိန်းသိမ်းခံရတာကို သိရှိထားပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပါတယ်။
သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ကတော့ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၅ သိန်းခန့်တန်ဖိုးရှိတဲ့အဖြူရောင်အမှုန့်ထုတ်တွေကို ကနဦးတွေ့ရှိခဲ့ပြီး စစ်ဆေးလိုက်တဲ့အခါ ဘိန်းဖြူ ဖြစ်ကြောင်း တွေ့ခဲ့ရတာလို့ ဇွန် ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
ထိုင်းလေယာဉ်မယ်ကို နယ်စပ်ထိန်းချုပ်မူးယစ်ဆေးဝါးသယ်ယူမှုအဖြစ် သြစတြေးလျ ရာဇတ်သတ်ကြီး ဥပဒေပုဒ်မတို့နဲ့ စွဲချက်တင်ထားပါတယ်။
ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ပုဒ်မ တစ်ခုချင်းစီအတွက် အမြင့်ဆုံးထောင်ဒဏ်က ၂၅ နှစ်အထိ ရှိပါတယ်။
ထိုင်းမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီလို့ သတင်းထုတ်သလို မသင်္ကာသူ ထိုင်းလေယာဉ်မယ်ရဲ့ နေအိမ်ကိုလည်း ရှာဖွေရေးတွေ လုပ်ထားပြီးပြီလို့ ဒီနေ့ သတင်းထုတ်ပါတယ်။
လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းလေယာဉ်မယ်ကို မူးယစ်ဆေးသယ်ခိုင်းဖို့ နောက်ကွယ်ကနေ စေခိုင်းသူလို့ ယူဆရတဲ့ ''နှင်းဆီ''ဆိုတဲ့ အွန်လိုင်းအကောင့်တုနဲ့ ဆေးထုတ်တွေ လာပို့သွားတဲ့ ဆိုင်ကယ်သမားကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။
ဒါဟာ ထိုင်းကနေ သြစတြေးလျကို ဘိန်းဖြူ သယ်ယူတဲ့ပထမဆုံးဖြစ်စဉ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၁၆ ခုနှစ်ထဲမှာတင် ဘိန်းဖြူ သယ်ယူမှု သုံးကြိမ်ဖြစ်ခဲ့ပါတယ်။
ထိုင်းမှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေကို ခြေရာကောက်ကြည့်တဲ့အခါ အဲဒါကိုထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းဖြစ်တဲ့ ဘိန်းစိုက်ပျိုးဧရိယာတွေနဲ့ နီးနီးကပ်ကပ်ရှိနေလို့ဆိုတဲ့အချက်ကိုတွေ့ရကြောင်း ဘီဘီစီထိုင်းဘာသာစကားဌာနက ဖော်ပြပါတယ်။
ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနဲ့ ဆက်စပ်နေပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်အကျိုးစီးပွားအဖြစ် မူးယစ်ဆေးဝါးလုပ်ငန်း ပိုတွင်ကျယ်လာတာလို့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ အကြောင်းလေ့လာတဲ့ ထိုင်းပညာရှင်တချို့က ထောက်ပြကြပါတယ်။
နေပြည်တော်အပြောအရ နေအိမ်အကျယ်ချုပ်နဲ့ထားရှိတယ်လို့ဆိုတဲ့ အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
အာဆီယံအထူးသံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ မရှိဘူးလို့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက မနေ့က ထုတ်ပြောခဲ့အပြီးမှာ ဖိလစ်ပိုင်ဘက်က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်ခိုင်ခိုင်စိုးရဲ့ပြောဆိုချက်ကို တိုက်ရိုက်တုံ့ပြန်တာ မဟုတ်ပေမဲ့ မြန်မာ့အရေးနဲ့ဆက်နွှယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လိုတဲ့အကြောင်း ပြောလာတယ်လို့ ဖိလစ်ပိုင်အစိုးရသတင်း PNA က ဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနပြောခွင့်ရသူ ဒက်စ် အင်ပီရီယယ်ရဲ့ထုတ်ပြန်ပြောဆိုချက်ကို ကိုးကားပြီး PNA သတင်းဌာနက အခုလိုသတင်းဖော်ပြတာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ ‘‘ဖိလစ်ပိုင်ဟာ မြန်မာ့အရေး ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အောက်ကနေ ဖြေရှင်းဖို့ သန္နိဋ္ဌာန် ချထားပြီး မြန်မာဘက်ကလည်း အပြုသဘောဆောင်တဲ့နောက်အဆင့်တွေကို လုပ်ဖို့ဆိုရင် အသက်အရွယ်နဲ့ ကျန်းမာရေးအရ ထောက်ရှုသင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ အရေးကြီးတယ်’’ လို့ ပြောပါတယ်။
‘‘ဒီလိုလုပ်ဆောင်ချက်တွေဟာ ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ မျှော်မှန်းထားတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့နိုင်ငံရေးဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာဖို့ အရေးပါပါတယ်’’ လို့လည်း ထုတ်ပြန်ချက်မှာပြောတဲ့အကြောင်း PNA သတင်းက ဖော်ပြပါတယ်။
အာဆီယံအလှည့်ကျ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအထူးသံအဖြစ်လည်း တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စလာဇရိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ သတင်းထောက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံနဲ့ တွေ့ဆုံခွင့်ပြုမှာလားဆိုတဲ့မေးခွန်းကို သမ္မတရုံးပြောခွင့်ရသူကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားဖြစ်တာကြောင့် နိုင်ငံတကာဧည့်သည်နဲ့တွေ့ဆုံခွင့်မရှိဘူးဆိုတဲ့ နေပြည်တော် ရပ်တည်ချက်ကိုပဲ ပြောသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး သူ့အပေါ် စွပ်စွဲခဲ့တဲ့အမှုတွေအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်တွေ ချမှတ်ခံရပြီးတဲ့နောက်မှာတော့ သူ့ရှေ့နေတွေအပြင် ပြင်ပဧည့်သည်နဲ့တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။
စစ်အာဏာသိမ်း ၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရသူ တစ်ဦးပဲ ရှိပြီး သူက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာဝတ် ဝီနိုင်းဖြစ်ပါတယ်။ သူက နေပြည်တော်ရဲ့ အစီအစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာထုတ်ပြောခဲ့ပါတယ်။
မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့အထူးကိုယ်စားလှယ်တွေအဖြစ်တာဝန်ယူခဲ့ကြသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားဖြစ်တာကြောင့် ပြည်ပဧည့်သည်နဲ့တွေ့ဆုံခွင့် မရှိဘူးဆိုတဲ့ရပ်တည်ချက်ကို ဆက်ကိုင်စွဲထားပါတယ်။
အသက် ၈၁ နှစ်ပြည့်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းဟာ နေပြည်တော်က ထုတ်ပြန်သလောက်သာ သိရှိရတဲ့အခြေအနေဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းပြသဖို့ သားအငယ်ဖြစ်သူ ကင်မ် အဲရစ်ကလည်း တောင်းဆိုနေပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ရန်ကုန် - ပြည်လမ်းမကြီးဘေးမှာရှိတဲ့ အညာတန်းကြီးရွာက စစ်တပ်အခြေချနေရာကို တော်လှန်ရေးအဖွဲ့တွေက ဒီနေ့ မနက်အစောပိုင်းမှာ ဝင်တိုက်လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတချို့ကရော၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဆီကနေပါ သိရပါတယ်။
“မနက် ၃ နာရီလောက်ကစတာ ပစ်ခတ်သံက တစ်နာရီလောက်တော့ ကြာလိုက်တယ်။ အခုတော့ သွားလာရေးက ပုံမှန်လိုပါပဲ” လို့ မင်းလှနယ်ခံတစ်ဦးက ပြောပြပါတယ်။
အညာတန်းကြီးရွာမှာ စစ်တပ် ဂိတ်စခန်းရှိပြီး တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်ဘက်က လေကြောင်းက ကူပစ်ပေးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
“တိုက်ပွဲက ပြင်းထန်ပါတယ်။ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်က ၃၈၀၂ တပ်ရင်း၊ နယ်မြေခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ” လို့ PDF ပဲခူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးမှူး ကိုဘီဘီက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ယောက်ခန့် သေဆုံးတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပေမဲ့ ဒီအချက်အလက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မင်းလှမြို့နယ်ထဲက စခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်တပ်ကလည်း ဒီနေ့ နေ့လယ် ၂ နာရီအချိန်အထိ တစုံတရာ ထုတ်ပြောလာတာမရှိသေးပါဘူး။
၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲတွေကို မနေ့ညပိုင်းနဲ့ ဒီနေ့ မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မော်ရိုကို၊ နော်ဝေ၊ ပြင်သစ်နဲ့ မက္ကဆီကိုအသင်းတွေ နောက်တစ်ဆင့် ၁၆ သင်းအဆင့်ကို တက်သွားကြပြီဖြစ်ပါတယ်။
အခုတစ်ခေါက် ကမ္ဘာ့ဖလားဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံမှာ ပူးတွဲကျင်းပတာဖြစ်လို့ အခုပွဲစဉ် ၄ ပွဲမှာ ၂ ပွဲက အမေရိကန်ကွင်း၊ ၂ ပွဲက မက္ကဆီကို ကွင်းတွေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။
နယ်သာလန် ၁ - ၁ မော်ရိုကို
မက္ကဆီကိုနိုင်ငံက မွန်တာရေးကွင်းမှာ ကစားခဲ့တဲ့ နယ်သာလန်နဲ့ မော်ရိုကိုတို့ပွဲဟာ ပွဲကစားချိန် မိနစ် ၉၀ မှာ ၁ ဂိုးသရေနဲ့ပြီးခဲ့တာဖြစ်ပေမဲ့ မော်ရိုကိုက ပယ်နတီမှာ ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ၁၆ သင်းအဆင့်ကို တက်သွားတာဖြစ်ပါတယ်။
မော်ရိုကိုဟာ ဇူလိုင် ၄ ရက်မှာ ဟူစတန်ကွင်းမှာ ကနေဒါအသင်းနဲ့ ကစားရဖို့ ရှိပါတယ်။
အိုင်ဗရီကို့စ် ၁ - ၂ နော်ဝေ
အမေရိကန်ပြည်ထောင်စု၊ ဒါးလက်စ်ကွင်းမှာ ကစားတဲ့ အိုင်ဗရီကို့စ်နဲ့ နော်ဝေတို့ပွဲမှာ နော်ဝေက အိုင်ဗရီကို့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပါတယ်။
ဒီပွဲကစားချိန်ပြီးခါနီးမှ နော်ဝေအတွက် ၁ ဂိုးထပ်သွင်းခဲ့တဲ့ အာလင်း ဟာလန်းရဲ့ သွင်းဂိုးကလည်း နော်ဝေကို ဂိုးအသာနဲ့ ၁၆ သင်းအဆင့်တက်ဖို့ ဖန်တီးပေးခဲ့ပါတယ်။
နော်ဝေဟာ ၁၆ သင်းအဆင့်မှာ ဘရာဇီးနဲ့ ရင်ဆိုင်ကစားရဖို့ရှိပါတယ်။
ပြင်သစ် ၃ - ၀ ဆွီဒင်
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ် နယူးဂျာစီ ကွင်းမှာ ကစားတဲ့ ပြင်သစ်နဲ့ ဆွီဒင်တို့ ၃၂ သင်းရှုံးထွက် အဆင့်ကစားခဲ့ရာမှာ ပြင်သစ်က ၃ ဂိုးပြတ်နဲ့နိုင်သွားပါတယ်။
ဒီပွဲမှာလည်း အမ်ဘတ်ပေးက ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ ပြင်သစ်အတွက် ၁ ဂိုးစီ သွင်းယူပေးခဲ့တာကလည်း ဆွီဒင်ကို ဂိုးပြတ်နိုင်ဖို့ အကြောင်းဖန်ခဲ့တာပါ။
မက္ကဆီကို ၂ - ၀ အီကွေဒါ
ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် မက္ကဆီကိုကလည်း ၃၂ အသင်း ရှုံးထွက်အဆင့်ကို မြို့တော် မက္ကဆီကို စီးတီး အိမ်ကွင်းမှာ ကစားခဲ့ပြီး အီကွေဒေါအသင်းကို ၂ ဂိုးပြတ်နဲ့နိုင်ပါတယ်။
မက္ကဆီကိုဟာ ၃၂ သင်းရှုံးထွက်ကို ဂိုးပြတ်နဲ့နိုင်ခဲ့ပြီမို့ မြန်မာစံတော်ချိန် ဒီနေ့ညပိုင်းမှာကစားဖို့ရှိတဲ့ အင်္ဂလန်နဲ့ ဒီအာ ကွန်ဂိုတို့ပွဲကနေ အနိုင်ရလာမယ့်တစ်သင်းနဲ့ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းစတုန်းက သားကို မတွေ့လို့ မိခင်ဖြစ်သူ အဖမ်းခံခဲ့ရတဲ့ဖြစ်စဉ်က သားဖြစ်သူ ကိုတင်ထွဋ်ပိုင် ဒီနေ့ မနက်ပိုင်းမှာ ဒိုက်ဦးထောင်ကနေ ပြန်လွတ်လာပြီလို့ မိသားစုနဲ့နီးစပ်သူဆီကနေ သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းကာလ စစ်တပ်က လူသေဆုံးတဲ့အထိ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်က ဆန္ဒဖော်ထုတ်ပွဲတွေမှာ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ်လည်း ကိုတင်ထွဋ်ပိုင်ကို သိကြပါတယ်။
“အခုက လွတ်ရက်စေ့လို့ ပြန်လွတ်တာပါ။ ဒိုက်ဦးထောင်ကို အန်တီကြီး(အမေဖြစ်သူ) ကိုယ်တိုင် သွားကြိုပါတယ်။ အခုအမေနဲ့ ပြန်တွေ့ခွင့်ရပါပြီ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်က သူတို့ မိသားစုနေအိမ်ကို ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက် ရောက်လာပြီး မိခင်ဖြစ်သူ ဒေါ်မိငယ်ကို ရိုက်နှက်ဖမ်းဆီးခဲ့တာကြောင့်လည်း ကိုတင်ထွဋ်ပိုင်တို့ သားအမိဖြစ်ရပ်ဟာ အာဏာသိမ်းစမှာ လူသိများခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ မေလမှာ ဒေါ်မိငယ်ကို ဖမ်းဆီးခဲ့ပြီးနောက် အဲဒီနှစ် ဇူလိုင်မှာပဲ ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ကိုတင်ထွဋ်ပိုင်ကို ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေနဲ့ ဖမ်းမိတယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ကိုတင်ထွဋ်ပိုင်ကို လက်နက်အက်ဥပဒေ ပုဒ်မ ၁၉၊ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ အက်ဥပဒေတို့နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်မိငယ်ကို ၂၀၂၁ ခုနှစ်ထဲမှာပဲ မြောက်ဥက္ကလာမြို့နယ်၊ စစ်ခုံရုံးကတစ်ဆင့် ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီးနောက် အဲဒီနှစ် အောက်တိုဘာလ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပါတယ်။
၂၀၂၁ အာဏာသိမ်းစမှာအဖမ်းခံခဲ့ရတဲ့ ဒေါ်မိငယ်ဟာ ၂၀၀၆ ခုနှစ်အတွင်း လောင်စာဆီ စျေးနှုန်းတိုးမြှင့်မှုကြောင့် ပေါ်ပေါက်လာတဲ့ ကုန်စျေးနှုန်းကျဆင်းရေး နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ထောင်ချခံခဲ့ရသူလည်းဖြစ်ပါတယ်။
အဲဒီနောက် သားဖြစ်သူ ကိုတင်ထွဋ်ပိုင်ကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးခဲ့ရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရပါတယ်။
အခုမိုးတွင်းရာသီမှာ ရခိုင်နဲ့ ကယား(ကရင်နီ) ပြည်နယ်တို့အတွက် ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတာကို တွေ့နေရပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA) က မနေ့ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်က အနည်းဆုံး ၅ မြို့နယ်မှာ လူအယောက် ၃၀ ကျော်အထိ သွေးလွန်တုပ်ကွေး ကူးစက်မှု ဖြစ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကလည်း ပြီးခဲ့တဲ့ဇွန် ၁၀ ရက်မှာ ထုတ်ပြောထားပါတယ်။
ဧပြီကနေ ဇွန်လအထိ ၂ လကျော်အတွင်း ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးအဖြစ်များနေတာကြောင့် မိုးကာလမှာ ပိုသတိထားဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းခဲ့ပါတယ်။
ကရင်နီမှာတော့ သွေးလွန်တုပ်ကွေးအပြင် ငှက်ဖျားရောဂါပါ အဖြစ်များနေတယ်လို့ UNOCHA ကလည်း ထုတ်ပြန်သလို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဆီကနေလည်း သိရပါတယ်။
“သွေးလွန်တုပ်ကွေးကပုံမှန်ဖြစ်နေကြပေမဲ့ ငှက်ဖျားက တအားပြန်ထောင်တက်လာတယ်။ ထိုင်း - မြန်မာနယ်စပ်တလျှောက် မယ်စဲ့(မြို့)ဘက်မှာ အများဆုံးဖြစ်တာ တွေ့ရတယ်။ ငှက်ဖျားလုံးဝမရှိတော့တဲ့ ဒီးမော့ဆိုအနောက်ခြမ်း အတွင်းပိုင်းအထိပါ အခုနောက်ပိုင်း တွေ့လာတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်၊ ငှက်ဖျားဆိုလည်း အရမ်းဆိုးဆိုးရွားရွား ပျံ့နေတာ တွေ့ရတယ်” လို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ဘီဘီစီကို ပြောပါတယ်။
ဒါအပြင် ရောဂါစစ်ဆေးဖို့ အကန့်အသတ်ရှိနေသလို ဆေးဝါးရဖို့၊ သယ်ယူရေးအတွက်ပါ ခက်ခဲနေပြီး ဆေးမလုံလောက်တဲ့အခြေအနေဖြစ်နေပြီလို့ သူက ဆက်ပြောပြပါတယ်။
UNOCHA ရဲ့ဇွန် ၃၀ ရက်ထုတ်စာရင်းအရ ကရင်နီအပြင် ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ တနင်္သာရီတို့မှာလည်း ငှက်ဖျားရောဂါအဖြစ်များလာတယ်လို့ သိရပါတယ်။
UNOCHA ကတော့ မြန်မာနိုင်ငံအနောက်ခြမ်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါစိုးရိမ်ရတဲ့အခြေအနေကနေ လျော့ကျလာပေမဲ့ မြန်မာက ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ ဝက်သက်ဖြစ်နိုင်ခြေ စိုးရိမ်နေရဆဲအဆင့်မှာ ဆက်ရှိနေဆဲလို့ ဖော်ပြပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကို စီးတီးမှာ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့် ကစားပွဲတွေ ရှိနေချိန်မှာပဲ နိုင်ငံအနောက်မြောက်ပိုင်းက ဘာဂျာ ကယ်လီဖိုးနီးယားကျွန်းဆွယ် ရေပြင်ကို ဗဟိုပြုပြီး ပြင်းအား ၆ မဂ္ဂနီကျု ရှိတဲ့ငလျင် လှုပ်သွားတယ်လို့ အမေရိကန်ဘူမိလေ့လာရေး(USGS) က မှတ်တမ်းတင်ပါတယ်။
ငလျင်ဟာ မက္ကဆီကိုပိုင်နက် ကယ်လီဖိုးနီးယား ပင်လယ်ကွေ့ရှိတဲ့ ဘာဂျာကယ်လီဖိုးနီးယားကျွန်းဆွယ်ကမ်း ရေပြင်ကို ဗဟိုပြုပြီး ဒီနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီကျော်က လှုပ်ခတ်သွားတာဖြစ်ပါတယ်။
ငလျင်ကြောင့် အနီးနားက ဆီနိုလိုအာပြည်နယ်မှာ နေထိုင်သူတွေ ငလျင်လှုပ်ခတ်တဲ့ဒဏ်ကို သိရှိခံစားခဲ့ကြရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ အပျက်အစီးအခြေအနေ သတင်းမထွက်ပေါ်လာသေးသလို ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ ဒီငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁၃၀၀ နီးပါးအကွာမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက် ပွဲစဉ်တစ်ပွဲအနေနဲ့ မက္ကဆီကိုနဲ့ အီကွေဒေါအသင်းတို ယှဉ်ပြိုင်ကစားနေပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကို စီးနင်းတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့ ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင် ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ခရိုင်အဆင့်နဲ့ တိုင်းအဆင့် စစ်ရုံးတွေကနေ စစ်ဆေးနေပြီလို့ စစ်ကိုင်း PDF အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ကိုအာကူးခေါင်းဆောင်တဲ့ မုံရွာပလဖအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ မုံရွာ PDF တပ်ရင်းတွေကို ခရိုင်စစ်ရုံးကနေ စစ်ဆေးနေပြီလို့ တပ်ရင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“တရားရေးအရအရေးယူဆောင်ရွက်ခဲ့ရင် ကျွန်တော်တို့ဖော်ထုတ်ခဲ့တဲ့ ပြစ်မှုတွေလည်း မရှိလာနိုင်သလို နစ်နာသူပြည်သူတွေလည်း ရှိမလာနိုင်ပါဘူး။ လက်ရှိ ခရိုင်စစ်ရုံးမှာ စစ်ဆေးခံနေပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို အစီရင်ခံနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
မုံရွာ ပလဖစခန်းနဲ့ တိုက်နယ် ၄ ပလဖ စခန်းအပါအဝင် နေရာ ၃ နေရာကို ဇွန် ၂၉ ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးနဲ့ ပလဖအဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာမဟုတ်ဘူးလို့ တပ်ရင်းတပ်ဖွဲ့ဝင်ဆီကနေ သိရပါတယ်။
“ကာကွယ်ရေးတပ်တွေ စီးနင်းပြီးဖြေရှင်းရေးလုပ်တာ သူ့သဘောသူဆောင်လုပ်တာ။ မုံရွာ ပလဖ ဖြစ်စဥ်က သူ့သဘောသူဆောင်လုပ်တာ။ ကိုယ့် အချင်းချင်း စီးနင်းဖို့ ဘယ်လိုမူဝါဒမှမရှိသလို ဘယ်လိုအမိန့်ပေးမှုမျိုးမှလည်း ရှိနေမယ် မထင်ဘူး။ အခုချိန်မှာ Code of Conduct လို့ပြောတဲ့ လက်နက်ကိုင် ကျင့်ဝတ် စည်းမျဥ်း စည်းကမ်း သိပ်အရေးကြီးတယ်” လို့ စစ်ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင်ဖြစ်စဉ်မှာတော့ ကျူးလွန်သူ ကိုငဖြိုးကို ဗဟိုစစ်အချုပ်ထောင်မှာ ပြောင်းရွှေ့ထိန်းသိမ်းထားပြီလို့ PDF စစ်ရုံးချုပ်က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါအပြင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို စစ်ကိုင်းတိုင်း စစ်ဌာန ဌာနချုပ်ဆီ တိုင်းစစ်ဌာနရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ခေါ်ဆောင်ခဲ့ပြီး လက်နက်ဖြုတ်သိမ်းထားပြီလို့ ဖော်ပြပါတယ်။ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်း၊ တပ်ဖွဲ့တွေ ကွပ်ကဲမှုကို စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမှာပါ။
မင်္ဂလာပါ။ ဇူလိုင် ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။