ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု - ဧပြီ ၄ ရက်

မြန်မာ နဲ့ ကမ္ဘာ တစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီကနေ့ အတွက် တိုက်ရိုက် တင်ဆက်မှု တွေကို ရပ်နားခွင့်ပြုပါ။

    • ·ဒီကနေ့ ဘီဘီစီ မြန်မာပိုင်း ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းတွေ တိုက်ရိုက် တင်ဆက် နေမှုကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။
    • ·လာရောက် ဖတ်ရှုကြတဲ့ ဘီဘီစီ ပရိသတ်တွေ အားလုံးကို ကျေးဇူး တင်ပါတယ်။
  2. ဘုရင်မကြီး လူထုကို စကားပြောမယ်

    မနက်ဖန် တနင်္ဂနွေနေ့ညမှာ ဗြိတိသျှဘုရင်မကြီးက လူထုကို နှုတ်ဆက်မိန့်ခွန်း တစ်ခု အသံလွှင့်ပြောကြားမှာ ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ နေ့စဉ်တိုင်းပြည်ကို စီမံအုပ်ချုပ်ရတဲ့ အစိုးရရဲ့ တာဝန်တွေကို ဝင်စွက်လေ့ မရှိပါဘူး။ ဒါကြောင့် အခုလို တိုင်းပြည်ကို မိန့်ခွန်းပြောတာမျိုးလည်း တွေ့ရခဲပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်နေရတဲ့ တစ်နိုင်ငံလုံးအတွက်အရေးကြီးတဲ့ အချိန်ဖြစ်နေတယ်။ ဒါကြောင့် အရေးကိစ္စကြုံလာတိုင်း လူထုရှေ့ထွက်လာတတ်တဲ့ အစဉ်အလာအတိုင်း ဘုရင်မကြီးက လူထုကို ညီညီညွတ်ညွတ်နဲ့ ခု ရင်ဆိုင်နေရတဲ့ အခက်အခဲကာလကြီးကို ကျော်လွှားကြဖို့ တိုက်တွန်းမယ်၊ နှစ်သိမ့်အားပေးမယ်လို့ ယူဆရကြောင်း ဘီဘီစီရဲ့ တော်ဝင်နန်းတွင်းရေးရာ သတင်းထောက် ဂျော်နီဒိုင်းမွန်းက ပြောပါတယ်။

    အစိုးရကပြောနေတဲ့ လက်ဆေးပါတို့ အိမ်ထဲနေပါတို့ဆိုတဲ့ အမှာစကားမျိုးကိုတော့ ဘုရင်မကြီး အနေနဲ့ ပြောဖို့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကို တိုက်ဖျက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောနိုင်မယ်။ ဘုရင်မကြီးရဲ့ အဓိက သတင်းစကားကတော့ ဗြိတိသျှအစဉ်အလာဓလေ့စရိုက်အတိုင်း ညီညွတ်ခိုင်မာတဲ့ စိတ်ဓာတ်ပြကြဖို့ တိုက်တွန်းလိမ့်မယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။

  3. နယူးယောက်မှာ ဆေးကျောင်းသားတွေ ဆေးကုခွင့်ရကြတော့မယ်

    ကိုရိုနာဗိုင်းရပ်စ်ကို အပြင်းထန်ဆုံးခံနေရတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ တစ်နေ့ထဲ လူ ၆၃၀ အသက်ဆုံးခဲ့ပြီးတဲ့နောက် ဘွဲ့ရခါနီး ဆေးကျောင်းသားတွေကို ဆေးကုသခွင့်စပေးဖို့ အမိန့်ထုတ်ပြန်မယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမိုက ပြောပါတယ်။

    အခုအချိန်က သာမန်လို စဉ်းစားနေလို့ ရတဲ့အချိန်မျိုးမဟုတ်ဘူး၊ နယူးယောက်အတွက် ရတတ်သမျှ အကူအညီလိုနေပါတယ်လို့ သူက ဆိုပါတယ်။

    တခါ တရုတ်က လှူဒါန်းတဲ့ အသက်ရှူစက် ၁၀၀၀ လည်း စနေညနေမှာပဲ နယူးယောက်ကို ရောက်လာတော့မှာမို့ အဲဒီအတွက် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း မစ္စတာကိုမိုက ပြောပါတယ်။

  4. မိဘိုင်းဖုန်းကို ဘယ်လို သန့်ရှင်းကြမလဲ

    ကိုဗစ်၁၉ ကို ကာကွယ်ဖို့ လက်ဆေးရမယ်ဆိုတာကိုတော့ အများစုက သတိ အသိရှိကြပါတယ်။ ကိုယ်နဲ့ မကွာဆောင်ထားတတ်ကြတဲ့ မိုဘိုင်းဖုန်းကို သန့်စင်ဖို့ လိုတယ်ဆိုတာကိုရော သတိပြုမိကြပါသလား။

  5. တရုတ်က မှာတဲ့ အသက်ရှူစက်တွေ ယူကေကိုရောက်လာ

    တရုတ်နိုင်ငံက မှာယူထားတဲ့ အသက်ရှူစက် ၃၀၀ ယူကေကို ဒီကနေ့ ရောက်လာပြီဖြစ်ပြီး ဗြိတိန်မှာ ပထမဆုံးထုတ်လုပ်တဲ့ အသက်ရှူစက်တွေလည်း ဒီအပတ်မှာပဲ စသုံးလို့ရတော့မှာ ဖြစ်တယ်လို့ ဗြတိသျှအစိုးရရဲ့ ကိုရိုနာရောဂါတိုက်ဖျက်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး နေ့စဉ်မီဒီယာရှင်းလင်းပွဲမှာ ဝန်ကြီး မိုက်ကယ်ဂို့ဗ်က ပြောလိုက်ပါတယ်။

    အစိုးရအနေနဲ့ လိုအပ်နေတဲ့ အသက်ရှူစက်တွေကို ဂျာမနီ၊ ဆွစ်ဇာလန်တို့ကလည်း ဆက်လက်ဝယ်ယူနေတယ်လို့ ပြောပါတယ်။

    ဗြိတိသျှထုတ် အသက်ရှူစက်တွေကိုတော့ အာကာသလေကြောင်းကုမ္ပဏီတွေ၊ အင်ဂျင်နီယာလုပ်ငန်းတွေနဲ့ ဖော်မျူလာဝမ်းကားပြိုင်ပွဲက အသင်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့က ထုတ်လုပ်ပေးတာလို့ သိရပါတယ်။

  6. သတင်းတု သတင်းမှားတွေကြောင့် 5G တာဝါတိုင်တွေ မီးရှို့ခံရ, ဆက်သွယ်ရေး နက်ဝပ်က ကိုရိုနာကို ဖြန့်နေတယ်ဆိုပြီး ကောလဟလတွေပျံ့

    5G နက်ဝပ်တွေကနေကိုရိုနာဗိုင်းရပ်စ်ပျံ့နိုင်တယ်ဆိုတဲ့ကောလဟလတွေထွက်လာပြီးတဲ့နောက်ယူကေကဘာမင်ဟန်မြို့နဲ့မယ်လင်းမြို့နားကတယ်လီဖုန်းတာဝါတိုင်တွေပြီးခဲ့တဲ့ ကြာသပတေးနဲ့သောကြာနေ့တွေမှာ မီးရှို့ခံခဲ့ရတယ်လို့သိရပါတယ်။

    ဒီကောလဟလတွေဟာ လုံးဝ အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မဲ့တဲ့ သတင်းမှားတွေသာ ဖြစ်ပြီး အခုလို ဗိုင်းရပ်စ်ကပ်ရောဂါကို အရေးတကြီး တိုက်ဖျက်နေရချိန်မှာ ဆက်သွယ်ရေးအတွက်အရေးကြီးတဲ့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေကို ဖျက်ဆီးဖို့ကြိုးစားတာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ပါလို့ ဒီညနေ သတင်းစာရှင်းလင်းပွဲမှာ အစိုးရဝန်ကြီးမိုက်ကယ်ဂို့ဗ်က ပြောခဲ့ပါတယ်။ 5G နက်ဝပ်တွေက ကိုရိုနာကို ပိုပြန့်စေတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေမှုတွေ ရှိလာပြီးတဲ့နောက်မှာ အခုလို တာဝါတိုင်တွေကို ဖျက်ဆီးမှု ပေါ်ပေါက်ခဲ့တာပါ။

  7. မြစ်ကြီးနားမှာ ဂရပ်ဖ်တီပန်းချီရေးဆွဲသူအချို့ကို သာသနာညှိုးနွမ်းစေမှုနဲ့အမှုဖွင့်

    မြစ်ကြီးနား ဘူတာတိုက်တန်းလမ်းကြားမှာ ဂရပ်ဖ်တီပန်းချီရေးဆွဲခဲ့သူများအား ပြည်နယ်သာသနာရေး ဦးစီးဌာနကနေ ဧပြီ ၃ရက်နေ့က မြစ်ကြီးနားမြို့နယ်တရားရုံးမှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ- ၂၉၅(က)နဲ့ တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

    ပန်းချီရေးဆွဲခဲ့သူတွေဖြစ်တဲ့ ကိုဇေယျာနောင်အပါအဝင် ပန်းချီဆရာမ မစီစီလျားဂျာဆိုင်း၊ ကိုနော်ထူး အောင်တို့ကို အရေးယူပေးပါရန် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနား မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ရေးတွင် အားလုံးပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်နဲ့ ဂရပ်ဖ်တီသရုပ်ဖော် ပုံတွေနဲ့ အသိပေးတဲ့ကမ်ပိန်းတရပ် လုပ်ဆောင်နေစဉ် ဘူတာတိုက်တန်းလမ်းကြားမှာ ကိုဇေယျာနောင် ရေးဆွဲခဲ့သော သရုပ်ဖော်ပန်းချီတစ်ခုမှာ ဘာသာရေးကို ထိပါးစေတဲ့ အဓိပ္ပာယ်မျိုးပါဝင်နေကြောင်း ဗုဒ္ဓ ဘာသာဝင်အချို့က လူမှုကွန်ရက်ပေါ်တွင် ဝိုင်းဝန်းဝေဖန်မှုများရှိလာခဲ့ပြီးနောက် ပြည်နယ်သာသနာရေး ဦးစီးဌာနက ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

    သာသနာညှိုးနွမ်းစေမှု ပုဒ်မ- ၂၉၅(က)သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်ပါတယ်။

  8. COVID-19ကြောင့် ဆေးခန်းတွေမှာ အဖျားကြီးလူနာတွေအတွက်သီးသန့်ပြင်ဆင်လာ

  9. ယူကေမှာ တစ်ရက်အတွက် သေဆုံးသူ ၇၀၀ ကျော်ရှိ, ကမ္ဘာတဝန်းမှာ သေဆုံးသူ ၆ သောင်းကျော်ပြီ

    ဧပြီ ၃ ရက် သောကြာနေ့ ညနေ ၅ နာရီ စာရင်းအရ ယူကေမှာ ၂၄ နာရီအတွင်း ၇၀၈ ယောက် သေဆုံးခဲ့လို့ အခုအထိ သေဆုံးသူ စုစုပေါင်း ၄,၃၁၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

    စနေန့မနက် ၉ နာရီ အထိ ရရှိတဲ့ စာရင်းအရ လူပေါင်း ၁၈၃,၁၉၀ ဦးကို စစ်ဆေးခဲ့ပြီး သူတို့အထဲက ၄၁၉၀၃ ယောက်က ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်းတွေ့ခဲ့ရပါတယ်

    တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူက အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ လေ့လာမှတ်တမ်းတင်ထားတဲ့ စာရင်းအရ ၆၀,၈၇၄ ဦး ရှိသွားပါပြီ။ ကူးစက်ခံရသူ အရေအတွက်ကတော့ အတည်ပြုနိုင်တဲ့ စာရင်းအရ ၁,၁၃၉,၀၀၀ ဖြစ်ပါတယ်။

  10. သတင်းထူး, မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် တစ်ဦးထပ်တွေ့

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် တစ်ဦးထပ်တွေ့လို့ မြန်မာမှာ ကူးစက်ခံရသူပေါင်း ၂၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    ဧပြီ ၄ ရက် ဓာတ်ခွဲ အဖြေအရ ကန့်သတ်စောင့်ကြည့်သူ ၈၄ အနက် တစ်ဦးမှာ ပိုးတွေ့ခဲ့ရတာ ဖြစ်ပြီး ကျန် ၈၃ ဦးမှာ ပိုးမတွေ့ရဘူးလို့ ကျန်းမာရေး နဲ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ကူးစက်ခံရသူဟာ အသက် ၂၄ နှစ်အရွယ် မြန်မာ အမျိုးသမီးဖြစ်ပါတယ်။ သူဟာ မတ်လ ၂၄ ရက်မှာ အမေရိကန်နိုင်ငံက ထွက်ခွာလာပြီးကိုရီးယားနဲ့ ထိုင်းတို့က တဆင့် မြန်မာနိုင်ငံကို ၂၆ ရက်မှာ ပြန်ရောက်လာတာပါ။ သူ့ကို ရန်ကုန်လေဆိပ်ကနေတဆင့် ဟိုတယ်တစ်ခုမှာ အသွားအလာ ကန့်သတ်ထားစဥ်မှာ အခုလို ပိုးကူးစက်ခံရတာကို စစ် ဆေးတွေ့ရတာ ဖြစ်ပါတယ်။

  11. နှာခေါင်းစည်း မတပ်ဘူးလို့ သမ္မတထရမ့်ပြော, လူထုကို တပ်ကြဖို့ အစိုးရက ညွှန်ကြားပေမယ့် သမ္မတမလိုက်နာ

    အမေရိကန်မှာ ပြည်သူလူထုကို နှာခေါင်းစည်းတပ်ဖို့ အစိုးရကညွှန်ကြားချက်တွေထုတ်ခဲ့ပေမယ့် သမ္မတထရမ့်ကတော့ သူ နှာခေါင်းစည်းတပ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေကို သူ့ရုံးခန်းမှာ နှာခေါင်းစည်းတပ်လျက်ကြီးနဲ့ လက်ခံတွေ့ဖို့ဆိုတာ တွေးကြည့်လို့ မရဘူးလို့ သူက ပြောပါတယ်။ သောကြာနေ့က လူထုကို ထုတ်ပြန်ချက်ဟာ လူထုကို သူတို့ ကိုယ်ပိုင်ဆန္ဒနဲ့ လုပ်ဖို့ လမ်းညွှန်ချက်ပဲ ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

    မဖြစ်မနေလုပ်ရမယ်လို့ မပြောပါဘူး၊ ကျွန်တော်လည်း တပ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

    အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်အတွင်းလူပေါင်း ၁၁၀၀ ကျော် ကမ္ဘာ့စံချိန်တင် သေဆုံးခဲ့ပြီးတဲ့နောက် အစိုးရရဲ့ ရောဂါထိန်းချုပ်ရေးဗဟိုဌာနက နှာခေါင်းစည်းတပ်ကြဖို့ ညွှန်ကြားချက်ထုတ်ခဲ့တာပါ။ အမေရိကန်မှာ ကိုဗစ် ၁၉ နဲ့ လူပေါင်း ၂ သိန်း ၇သောင်းကျော် ကူးစက်ခံခဲ့ရပြီး၇၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

  12. သင်္ကြန်မှာ လူစုလူဝေး ရှောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

    “ကျွန်မတို့တွေ မတွေ့ရမကြုံရဘူးတဲ့ သင်္ကြန်မျိုးကိုဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမဲ့သင်္ကြန်ပါ။

    လူစုလူဝေးဆိုတာဘယ်နှစ်ယောက်လဲလို့စဉ်းစားတာတွေရှိမှာပါ။ လူနည်းလေကောင်းလေ၊ အလှမ်းဝေးလေကောင်းလေပါ။”

  13. တရုတ်မှာ ကိုဗစ်အတွက် ဝမ်းနည်းခြင်း သုံးမိနစ်ငြိမ်, နိုင်ငံအဝန်း ကား ရထားတွေက ဟွန်းတွေတီးခဲ့

    တရုတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးခဲ့သူ ၃၃၀၀ ကျော်အတွက် အမှတ်ရဝမ်းနည်းတဲ့ အထိမ်းအမှတ် တစ်နိုင်ငံလုံးမှာ သုံးမိနစ်ကြာ ငြိမ်သက်ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    မနက် ၁၀ နာရီမှာ ကား၊ ရထား၊ သင်္ဘောတွေက ဥသြဆွဲ ဟွန်းတွေတီးကြပြီး အလံတွေကိုလည်း တိုင်တစ်ဝက်လွှင့်ထူခဲ့ကြပါတယ်။

    ဒီကိုရိုနာဗိုင်းရပ်စ်ကို စတွေ့ခဲ့ရာ ဝူဟန်မြို့မှာတော့ မနက် ၁၀ နာရီတိတိမှာ ယာဉ်အချက်ပြမီးပွိုင့်တွေအားလုံး အနီရောင်မီးကို ပြထားလို့ ယာဉ်အသွားအလာအားလုံးလည်း သုံးမိနစ် ရပ်တန့်သွားခဲ့ပါတယ်။

  14. သင်္ကြန်မှာ နိုင်ငံ့ဝန်ထမ်းတွေ အရေးကြီးကိစ္စကလွဲလို့ ခရီးသွားလာခွင့် တားမြစ်

    သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နာရေး လို အရေးကြီးကိစ္စရပ်တွေကလွဲလို့ ခရီးသွားလာခြင်းကို ခွင့်မပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။

    ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ သင်္ကြန်ကာလအတွင်း မိသားစုရှိရာ နေရပ်ဒေသတွေကို ပြန်ကြရင်းနဲ့ လမ်းမှာ ဒါမှမဟုတ် နေအိမ်အရောက်မှာ ကိုဗစ် ရောဂါကူးစက်ခံထားရတဲ့သူတွေ ၊ ဆွေမျိုးတွေ မိသားစုဝင်တွေနဲ့ ထိတွေ့မိရာကနေ ရောဂါပိုးကူးစက်ခံရနိုင်တယ်လို့အဲဒီစာမှာ ဖော်ပြထားပါတယ်။

    ဒါကြောင့် ရုံးပိတ်ရက် ကုန်ဆုံးပြီး တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှာ ရောဂါပိုးကူးစက်ခံရသူ ဝန်ထမ်းကနေ တခြားဝန်ထမ်းတွေကို ကူးစက်ခံရပြီဆိုရင် ရုံးလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ စာမှာ ပါရှိပါတယ်။ဒါကြောင့် သင်္ကြန်ရုံးပိတ်ရက်တွေမှာ နိုင်ငံ့ဝန်ထမ်းအားလုံး အရေးကြီးကိစ္စ (နာရေး) ကလွဲလို့ ခရီးသွားလာခြင်းကို ခွင့်မပြုဘူးလို့လည်း ဖော်ပြထားပါတယ်။

    သင်္ကြန်ရုံးပိတ်ရက်တွေအတွက် အစားထိုးပြန်ပေးမယ့် ရုံးပိတ်ရက်တွေကိုတော့ ကိုဗစ်၁၉ ရောဂါ ကင်းစင်သွားချိန်မှာ ဝန်ထမ်းအင်အား တစ်ဝက်က ရုံးတက်၊ တစ်ဝက်က ခွင့်ပြန် စတဲ့ စနစ်မျိုးနဲ့ ပြန်လည်ဆောင်ရွက်ပေးမယ်လို့လည်း အဲဒီစာမှာ ပါရှိပါတယ်။

    မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၁၃ သိန်းကျော်ရှိပြီး လက်ရှိမှာ ဝန်ထမ်းအင်အားရဲ့ တစ်ဝက်ကိုပဲ ရုံးတက်ခိုင်းထားတာ ဖြစ်ပါတယ်။

  15. ပင့်ခ်လည်း ကိုဗစ်နဲ့ မလွတ်ခဲ့, အခမဲ့ စစ်ဆေးနိုင်ကြအောင် ငွေလှူမယ်လို့ ဆို

    ဂရမ်မီဆုရှင် အမေရိကန် အဆိုတော်ပင့်ခ်ကသူ့မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ပြောပြီးဗိုင်းရပ်စ်ကာကွယ်ရေးအရေးပေါ်ရန်ပုံငွေအတွက်ဒေါ်လာ၁သန်းလှူဒါန်းမယ်လို့ဆိုပါတယ်။

    ပင့်ခ်ကသူရောသူ့သားလေးမှာပါဗိုင်းရပ်စ်ကူးခံထားရတဲ့လက္ခဏာတွေပြီးခဲ့တဲ့နှစ်ပတ်ကတွေ့ခဲ့ရပြီးစစ်ကြည့်တော့သူ့မှာရောဂါပိုးတွေ့ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက သားအမိနှစ်ယောက်စလုံးကို ပြန်စစ်ကြည့်တော့ ရောဂါပိုး မတွေ့ရတော့ဘူးလို့ တွစ်တာမှာ ရေးပြီး တင်ခဲ့ပါတယ်။ မိသားစုတွေ၊ ကလေးတွေကို ကာကွယ်ဖို့ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွေကို လူအများအတွက် အခမဲ့ ရစေသင့်တယ်၊ ဒါကြောင့် အဲဒီအတွက် ရန်ပုံငွေ ဒေါ်လာ ၁ သန်းလှူသွားမယ်လို့ ဆိုပါတယ်။

  16. ကိုရိုနာဗိုင်းရပ်စ် သတင်းများ တိုက်ရိုက်တင်ဆင်မှု စတင်ပါပြီ။

    မင်္ဂလာပါ။ ကိုဗစ်-၁၉ သတင်းတွေ ဘီဘီစီ မြန်မာပိုင်းက တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    • မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိလာပြီးနောက် အမျိုးသားသွေးလှူဘဏ်မှာ သွေးလာရောက် လှူဒါန်းသူတွေလျော့နည်းလာတဲ့အတွက် သွေးရရှိမှုဟာ ပုံမှန် အောက် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျလာလို့ဆေးရုံတွေကိုမဖြစ်မနေသွေးလိုတဲ့ကိစ္စတွေအတွက်ပဲ သွေးထောက်ပံ့တဲ့ပုံစံပြောင်းလဲထားရပါတယ်။
    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ နိုင်ငံအသီးသီးမှာ အခု တင်းကြပ်ထားတဲ့ အသွားအလာပိတ်ပင်ထားမှုလို အကန့်အသတ်တွေကို မြန်မြန်ပြန်ပြီး ဖြေလျှော့လိုက်မယ်ဆိုရင် ကူးစက်ကပ်ရောဂါ ပိုကြာရှည်အောင်လုပ်သလို ဖြစ်သွားနိုင်တယ်လို့ သောကြာနေ့က သတိပေးလိုက်ပါတယ်။
    • စပိန်မှာတော့ ကူးစက်မှု အတည်ပြုလူနာဟာ အီတလီက ကူးစက်ခံရသူ နီးပါး ရောက်လာပါပြီ။ ဒါပေမဲ့ သောကြာနေ့မှာ သေဆုံးသူက အရင်နေ့အောက် ကျဆင်းခဲ့ပါတယ်။