ကောလိပ် ၅၄ ခုက ပညာသင်ဆု ဒေါ်လာ တစ်သန်းကျော်ရအောင် ဘယ်လိုလုပ်ခဲ့လဲ

ရေးသားခဲ့သည်။

ဒေယာ ဘရောင်းဟာ အမေရိကန် ပြည်ထောင်စု၊ ဂျော်ဂျီယာ ပြည်နယ်က အတ္တလန်တာ မြို့မှာ ရှိတဲ့ ဝက်စ်လိခ် အထက်တန်း ကျောင်းက ကျောင်းသူလေး ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ကာလအတွင်းမှာ သူလည်း ကမ္ဘာတဝန်းမှာ ရှိကြတဲ့ တခြား ကျောင်းသူ ကျောင်းသားတွေလိုပဲ အွန်လိုင်းကိုသာ အားကိုးပြီး ပညာသင်ယူခဲ့ရပါတယ်။ ဒေယာ ဘရောင်းက အဲဒီလို အိမ်တွင်းအောင်နေရတဲ့ အချိန်အတွင်းမှာပဲ သူတက်လိုတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေကို စာရင်းလုပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့အတွက် လွတ်မြောက်မှုတခုလိုပါပဲလို့ ဒေယာ ဘရောင်းက ဆိုပါတယ်။ သူ့ကိုယ်သူ Netflix လည်း မကြည့်နဲ့တော့၊ ဘာဆက်လုပ်မလဲ ဆိုတာကို စဉ်းစားပြင်ဆင်ရမယ်လို့ သတိပေးခဲ့တယ်လို့ ဒေယာ ဘရောင်းက ဘီဘီစီကို ပြောပါတယ်။

ဒေယာ ဘရောင်းဟာ အထက်တန်း ကျောင်းသူ ဘဝမှာ သတင်းပညာ၊ ကဗျာစာပေနဲ့ စကားရည် လုပွဲတွေကို စိတ်ဝင်စားခဲ့သူ ဖြစ်ပြီး ဒီလို စောစောစီးစီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့အတွက်တော့ တခြား သင်ရိုးပြင်ပ လှုပ်ရှားမှုတွေက သူ့အတွက် တော်တော် အထောက်အကူ ရခဲ့တယ်လို့ ပြောပါတယ်။

ကမ္ဘာကြီးက ရပ်နေပေမဲ့ သူ့မှာ အနာဂတ်ရှိသေးတယ်၊ အဲဒီ အနာဂတ်ကို အကောင်အထည် ဖော်ရမယ်လို့ နားလည်ထားခဲ့တဲ့ အကြောင်း ဒေယာ ဘရောင်းက ပြောပါတယ်။

သူတက်ရောက်လိုတဲ့ ကျောင်းတွေကို စာရင်းလုပ်ရင်း တဖက်မှာလည်း ပညာသင်ဆုတွေ လိုက်ရှာပြီး လျှောက်ထားနေခဲ့ပါတယ်။ သူ့အတွက် ငွေကုန်ကြေးကျ ခံပြီး ကောလိပ်တက်ဖို့ စိတ်ကူးတောင် မရှိခဲ့ကြောင်း၊ ပညာသင် စရိတ်အတွက် မိဘတွေကို မဖိစီးစေချင်ခဲ့ကြောင်း ဆိုပါတယ်။

စောင့်ရတဲ့ နေ့တွေ

ဒီလိုနဲ့ အချိန်အားဖြင့် ၄ လ လောက် ကြာခဲ့ပြီးတဲ့ နောက်မှာ သူလျှောက်ထားခဲ့တဲ့ ကျောင်းတွေက လက်ခံတဲ့ ပြန်စာတွေ စရောက်လာပါတယ်။ ကောလိပ်ပေါင်း ၅၀ ကျော်က လက်ခံခဲ့ကြတယ်။ ပညာသင်ဆုတွေကလည်း ဒေါ်လာ ၁.၃ သန်း တောင်ရတယ်လို့ ဒေယာ ဘရောင်းက ပြောပါတယ်။

ဒါပေမယ့် ဒီဆုတွေအကုန်လုံးကို သူငြင်းပယ်ခဲ့ပါတယ်။ အကြောင်းက သူအတက်ရောက်ချင်ဆုံး ကျောင်းက လက်ခံစာရခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

လျှောက်ခဲ့တာ ကျောင်းပေါင်း ၇၀ ကျော်ရှိပါတယ်၊ ဒါပေမယ့် Duke University က လက်ခံစာလည်း ရရော ကျန်တာတွေကို ပြန်ရုပ်သိမ်းပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆုံးမှာတော့ ၁၈ နှစ်အရွယ် ကျောင်းသူလေးဟာ Duke University က ပေးတဲ့ တနှစ်တာ ပညာသင်စရိတ်ကို လက်ခံခဲ့ပြီး လာမယ့် ၂၀၂၃ ဆောင်းဦးရာသီမှာ သူဟာ Visual and Media Studies ဘာသာရပ်ကို တက်ရောက်သင်ကြားတော့မှာ ဖြစ်ပါတယ်။

တဖက်မှာလည်း ဒေယာ ဘရောင်းဟာ ဒီ နွေရာသီအတွင်းမှာ ပေးအပ်မယ့် အမေရိကန်ပြည်ထောင်စုက ထူးချွန်တဲ့ လူနည်းစု အထက်တန်းကျောင်းသူ ကျောင်းသား ၃၀၀ အတွက် ပေးတဲ့ The Gates Scholarship ပညာသင်ဆုအတွက် နောက်ဆုံး ဆန်ခါတင် စာရင်းမှာ ပါဝင်နေပါတယ်။

သူ့အတွက် ဒီဆုက အင်မတန် အရေးကြီးတယ်၊ ဒီဆုက အမေရိကန်က ထိပ်တန်း ပညာသင်ဆုတွေထဲက တခု ဖြစ်ပြီး စာသင်နှစ် ၄ နှစ်စလုံးအတွက် ပေးတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဆိုတော့ ဒီလို ပညာသင်ဆုတွေ တပုံတပင် ရဖို့ ဘယ်လို လျှောက်ထားခဲ့သလဲ။ အခက်ခဲဆုံးက ဘာဖြစ်မလဲ။

သူ့အတွက် လျှောက်လွှာတွေ ဖြည့်တင်ရတာက မခက်ခဲပါဘူးလို့ ဆိုပါတယ်။ သူ့အတွက်က စောင့်ရတဲ့ အချိန်တွေက အခက်ခဲဆုံးပါပဲတဲ့။ ဒါပေမယ့်လည်း အဆုံးမှာ သည်းခံ စောင့်ဆိုင်းတတ်ဖို့ အတွက်ပါ သင်ယူနားလည် နိုင်ခဲ့တယ်လို့ ဒေယာ ဘရောင်းက ဆိုပါတယ်။

အခု သူ့လိုပဲ ပညာရေး ရည်မှန်းချက်တွေ ရှိကြတဲ့ တခြားကျောင်းသူ ကျောင်းသားတွေကိုလည်း ပန်းတိုင်ရောက်နိုင်ဖို့ ကူညီချင်တဲ့အကြောင်း ပြောပါတယ်။

သူ့ကို ကြည့်ပြီး တခြား အမျိုးသမီးတွေနဲ့ လူနည်းစု ကျောင်းသူ ကျောင်းသားတွေက သူတောင် ဖြစ်အောင်လုပ်နိုင်သေးရင် တို့လည်း လုပ်နိုင်ရမှာပေါ့ ဆိုတဲ့ အတွေးမျိုး ဝင်လာစေချင်ကြောင်း ဒေယာ ဘရောင်းက ဆိုပါတယ်။

ကျောင်းလျှောက်ထားနည်း

ဒေယာ ဘရောင်းက သူကျောင်းတွေ လျှောက်ထားစဉ်မှာ အထောက်အကူ ဖြစ်စေခဲ့တဲ့ အချက်အလက်တွေကို ပြောပြထားပါတယ်။

၁ - အကူအညီတောင်းပါ။ လမ်းပြပေးနိုင်မယ့် သူတွေ၊ ဘဝရှေ့ရေး အကြံပေးနိုင်သူတွေနဲ့ စကားပြောပါ။ များသောအားဖြင့် ကျောင်းသူ ကျောင်းသားတွေဟာ ဒီလို လူတွေဆီမှာ ဘယ်လို အဆက်အသွယ်တွေ ရှိနေတယ်ဆိုတာကို မေးကြဖို့ အတွက် ဝန်လေးနေကြတယ်။ သူတို့ အလုပ်က ဒီလို ကျောင်းသူ ကျောင်းသားတွေကို ကူညီပေးဖို့အတွက်ပါ။

၂ - စနစ်တကျ စီစဉ်ပါ။ ဒီအလုပ်က တကယ်ပင်ပန်းပါတယ်။ လန့်စရာလည်း ကောင်းတယ်၊ ပရမ်းပတာလည်း ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ့် လျှောက်လွှာတွေ အကုန်လုံးကို တနေရာမှာ တစုတစည်းတည်း စနစ်တကျ သိမ်းထားပါ။ ကိုယ်လျှောက်ထားတဲ့ ကျောင်းပေါ် မူတည်ပြီး အရင် လျှောက်လွှာတွေမှာ ရေးထားတဲ့ လျှောက်ထားတဲ့ စာသားတွေကို လိုအပ်သလို ပြောင်းလဲပြီးလည်း သုံးနိုင်ပါတယ်။

၃ - သင်ရိုးပြင်ပ လှုပ်ရှားမှုတွေ လုပ်ပါ။ ဒါကတော့ ကိုယ့်ကို ခေါ်ချင်အောင် လက်ခံချင်အောင် အတွက် ဖြစ်ပါတယ်။ သင်ရိုးပြင်ပ လှုပ်ရှားမှုတွေက ကိုယ်ဘယ်လိုဆိုတာကို ကျောင်းလျှောက်တဲ့ အခါမှာ ထင်ဟပ်ပေးနိုင်ပါတယ်။ ကောလိပ်ကျောင်းတွေက ကိုယ်ဘယ်လို ဆိုတာကို သိချင်ကြသလို ဒီလို သင်ရိုးပြင်ပ လှုပ်ရှားမှုတွေကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ်လည်း ပိုနားလည်လာစေနိုင်ပြီး ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကိုပါ သိလာစေနိုင်ပါတယ်။

အခုတော့ ဒေယာ ဘရောင်းဟာ ကောလိပ်စတက်ဖို့ ပြင်ဆင်နေပါပြီ။ တဖက်မှာလည်း ဒီတိုင်း ထိုင်မနေပါဘူး။

သူအထက်တန်းကျောင်းသူ ဘဝကတည်းက ထူထောင်ထားတဲ့ သူ့ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ သူ့ကုမ္ပဏီရဲ့ ရည်မှန်းချက်က လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေ ဖန်တီးတဲ့ ကဗျာ၊ ဂီတ၊ ပန်းချီနဲ့ ရုပ်ရှင်တွေကို စင်တင်ပေးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

တခါတလေ ကိုယ့်ကိုယ်ကို ဘာလို့ ဒီအလုပ်ကို လုပ်နေလဲလို့ မေးဖြစ်တဲ့ အခါတွေ ရှိပါတယ်။ အဲဒီအခါ ဟေး မင်းက လူတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားနေတာလေ၊ ဆက်သာ ကြိုးစားပါ။ အဆင်ပြေသွားမှာပါလို့ ပြန်ပြောမိပါတယ်လို့ ဒေယာ ဘရောင်းက ပြောပါတယ်။