ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
'အဖေလွတ်ဖို့ သူပုန်တွေနဲ့ ဆွေးနွေးခဲ့တုန်းက ကျွန်တော်တို့က ကျောင်းသားအရွယ်ပါ '
- ရေးသားသူ, လူစီဝေါလစ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတစ်လွှား
- ရေးသားခဲ့သည်။
မိုင်းလ်စ် ဟားဂရို့ဗ်ရဲ့ အဖေ တွမ်ကို ကိုလံဘီယာ သူပုန်တွေ ပြန်ပေးဆွဲတုန်းက သူလွတ်မြောက်ဖို့အရေး စေ့စပ်ဆွေးနွေးဖို့ အသက်၂၂ နှစ်အရွယ် သူ့သူငယ်ချင်းကို အားကိုးခဲ့ရပါတယ်။ သူပုန်တွေလက်ကနေ အဖေအိမ်ပြန်ရောက်အောင် ကြိုးစားခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ လုပ်ရပ် အောင်မြင်ခဲ့ပါသလား။
ဘိ ဘိ …
ဘိ…
ဘိဘိ ဆိုတဲ့ အသံက မိုင်းလ်စ် ဟားဂရို့ဗ်ရဲ့ တယ်လီဖုန်း အသံသွင်းစက်က ထွက်လာတဲ့ အသံတွေပါ။ ဟိုဘက်က ခေါ်ထားသူက သူ့အမေပါ။
"မိုင်းလ်စ်ရေ။ အမေတို့မှာ ပြဿနာတစ်ခု တက်နေတယ် ။ သား ဦးလေး ရက်ဖို့ ဆီ ကို ခေါ်လိုက်ပါ"
အဲဒါက သူ့ဆီဝင်ထားတဲ့ မက်ဆေ့ချ်ကိုးခုထဲက တစ်ခုပဲ ရှိပါသေးတယ်။
ပြဿနာတစ်ခုခုတက်နေပြီဆိုတာ သူသိလိုက်ပါတယ်။
"ပြဿနာတက်နေပြီ ငါ့ကို ဖုန်းခေါ်ပါလို့ ဦးလေးက ထပ်ပြောထားလို့ ပြဿနာကြီးတစ်ခု တော့ တက်နေပြီလို့ သိလိုက်တယ်။ ပြီးတော့ ဘာပြဿနာတွေများ တက်နေမလဲလို့ လျှောက်တွေး လိုက် မိတယ်" လို့ မိုင်းလ်စ်က ပြောပါတယ် ။
အဲဒီအချိန်က ၁၉၉၄ ခုနှစ်။ အဲ့ဒီတုန်းက မိုင်းလ်စ် အသက်က ၂၁နှစ်။ တက္ကဆက် တက္ကသိုလ်က အဆောင်နေ ကျောင်းသား။ အိမ်က တစ်ယောက်ယောက်များ ကားတိုက်မှုဖြစ်လားလို့တောင် စိတ်ပူပြီး သူလျှောက်တွေးလိုက်ပါသေးတယ်။
ဒါပေမယ့် သူ့ဦးလေး ပြောလို့ သိလိုက်ရတာက သူ့ အဖေ ဒီမနက် အလုပ်သွားရင်း ပြန်ပေးဆွဲခံလိုက်ရတယ် ဆိုတာပါ။
မိုင်းလ်စ် အဖေပြန်ပေးဆွဲခံရတဲ့ အချိန်တုန်းက သူ့အဖေ တွမ်နဲ့ အမေ ဆူဆန်ဟားဂရို့ဗ်တို့ဟာ ကိုလံဘီယာ နိုင်ငံ အနောက်တောင်ပိုင်း ကာလီမြို့မှာ နေနေကြတာပါ။ တွမ်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိုက်ပျိုးရေးပညာရှင် အလုပ်ကြောင့် သူတို့တွေ အဲ့ဒီမြို့ကိုပြောင်းလာတာကလည်း နှစ်တွေ အများကြီး မကြာ သေးပါဘူး။
မိုင်းလ်စ်နဲ့ သူ့ ညီကလည်း အဲ့ဒီက အထက်တန်းကျောင်းမှာပဲ ကျောင်းတက်ခဲ့ကြ တာပါ။ ဒါပေမယ့် အခုတော့ အဲ့ဒီနေရာဟာ သူတို့မိသားစုအတွက် ဒုက္ခ အခက်အခဲတွေကြုံလာစေခဲ့တဲ့ နေရာဖြစ်လာပါပြီ။
အဲ့ဒီက အစိုးရတပ်တွေကို တိုက်နေတဲ့ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (Farc) ပျောက်ကြားတပ်တွေ ရန်ပုံငွေရှာတဲ့ နည်းလမ်းတစ်ခုက လူတွေကို ပြန်ပေးဆွဲပြီး ငွေနဲ့ပြန်ရွေးခိုင်း တာပါ။
ဒီပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စတွေကလည်း ကာလီမြို့တစ်ဝိုက်မှာ မကြာမကြာ ပိုပိုပြီး ဖြစ်လာ နေတာပါ။ အဲ့ဒါကြောင့် ဆူဆန်က စိတ်ပူလို့ သူ့အမျိုးသား တွမ်ကိုတောင် အလုပ်သစ်ရှာဖို့ တိုက်တွန်းထားတာ ရှိပါတယ်။
အခုတော့ တွမ်တစ်ယောက် ပြန်ပေးဆွဲတာ ခံလိုက်ရပါပြီ။
လမ်းပိတ်ဆို့ထားတဲ့နေရာ လမ်းဘေးမှာ သူ့အဖေကား ရပ်ထားခဲ့ပြီး သူ့အဖေရဲ့ မှတ်ပုံတင်နဲ့ သူပုန်တွေရဲ့ လက်ကမ်းစာစောင် တွေကို ကားရှေ့ခုံမှာ ထားခဲ့တယ် လို့ မိုင်းလ်စ်က ပြောပြပါတယ်။
"ပျောက်ကြားသူပုန်တွေရဲ့ အံ့သြစရာကောင်းတဲ့ လူဖမ်းနည်း စစ်ဆင်ရေးတစ်ခုပေါ့ဗျာ။ လမ်းတွေကို ပိတ်ဆို့ပြီး ကားတွေကနေ ငွေရှာတာပေါ့။ အဲဒီကနေ ရသလောက် ရှာတာပေါ့။ ဒါပေမဲ့ ဒီလို အမေရိကန် တစ်ယောက် ရသွားတဲ့အခါမှာတော့ သူတို့ငွေတွင်းကြီး တွေ့သွားတာပေါ့" လို့ မိုင်းလ်က ထပ်ရှင်းပြပါတယ်။
မျက်မြင်သက်သေတွေရဲ့ အပြောအရ တွမ်ကို အမိုးဖွင့်ကားတစ်စီး နောက်ခန်းပေါ်တင်ပြီး အင်ဒီးစ်တောင်တန်းတွေဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။
သူ့အမေရှိတဲ့ ကိုလံဘီယာကို မိုင်းလ်စ် ရောက်လာပါတယ်။ အီဂျစ်မှာ ပညာသင်နေတဲ့ သူ့ညီ ဂက်ဒီ လည်း မိသားစုဆီ ရောက်လာပါတယ်။
သူတို့နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်မယ့် မိသားစုဝင်တွေရဲ့အခြေအနေကိုလည်း စုံစမ်းစောင့်ကြည့် နေတတ်တယ်လို့ သတင်းကြားရတဲ့အတွက် စောင့်ကြည့်ခံနေရတယ်လို့ ခံစားရပြီး ကျွန်တော်တို့ အားလုံး အိမ်ခြံထဲကနေ အပြင် မထွက်ချင်ကြဘူးလို့ လည်း မိုင်းလ်စ်က ပြောပါတယ်။
သူ့အမေကတော့ ကြံ့ခိုင်နေဆဲ စိတ်ထိန်းနိုင်နေသေးတယ်လို့ ဆို ပေမယ့် တကယ်တမ်းမှာတော့ သူတို့မိသားစုအားလုံး စိတ်ချောက်ချားနေကြတာ လို့ လည်း မိုင်းလ်စ်က ဆိုပါတယ်။
ကံကောင်းတာကတော့ သူတို့လိုပဲ ကြုံခဲ့ရဖူးသူတွေ အိမ်အနီးနားတစ်ဝိုက်မှာ ရှိနေတာပါ။
"သူတို့ရောက်လာပြီး ပြောတာက သူပုန်တွေနဲ့ ညှိနှိုင်းပြီး သူတို့တောင်းတဲ့ ငွေကိုသာ ပေးလိုက်ပါတဲ့။ အချိန်တော့ယူရမယ် သူတို့လုပ်ခိုင်းတဲ့အတိုင်းသာ လုပ်ပေးလိုက်ရင် နောက်ဆုံးမှာ ပြေလည်သွားမှာပါ''လို့ အကြံပေးကြပါတယ်။
တွမ်ကို ပြန်ပေးဆွဲသွားတဲ့သူတွေဆီကနေ အဆက်အသွယ်ရဖို့ အနည်းဆုံး သုံးပတ် ကနေ တစ်လလောက် ကြာတတ်တယ်လို့ ပြောကြလို့ အဆက်အသွယ်ရဖို့ စောင့်နေရပါတယ်။
၂၁ ရက်ကြာတော့ တွမ် အသက်ရှင်နေသေးတယ်ဆိုတာပြတဲ့ အထောက်အထား ဗီဒီယိုတစ်ခု ရောက်လာပါတယ်။
မှုန်ဝါးဝါးဗီဒီယို ထဲမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်ကိုင်စစ်သားတွေ တွမ်ကို ဝိုင်း ထားတာတွေ့ရပါတယ်။ ပုံကိုတွေ့ လိုက်ရတာ တုန်လှုပ်စရာကောင်းပေမယ့် တွမ်တစ်ယောက် အသက်ရှင်နေသေးတယ်ဆိုတာ သိလိုက်ရလို့ စိတ်သက်သာရာရကြပါတယ်။
အဆိုးဆုံးက အမေ ဒီဗီဒီယိုကို ကြည့်နေတာကို မြင်ရတာပဲ။ ဖန်သားပြင်ပေါ်က အဖေ့မျက်နှာကို သူ့ လက်နဲ့ လိုက်စမ်းကြည့်နေတာ အမှတ်ရမိနေတယ်လို့ အဲ့ဒီတုန်းက အခြေအနေ ကို မိုင်းလ်စ်က ပြန်ပြောပြပါတယ်။
ပြန်ပေးသမားတွေ တောင်းတဲ့ငွေက မိသားစုမပေးနိုင်တဲ့ မတတ်နိုင်တဲ့ အမေရိကန်ဒေါ်လာ ၆ သန်းပါ။ ပြီးတော့ မိသားစု ဒါမှမဟုတ် မိသားစုရဲ့ မိတ်ဆွေနဲ့ပဲ ဆွေးနွေးညှိနှိုင်းမယ်လို့ လည်း ပြောပါတယ်။
"သွားကယ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ လူတိုင်းက ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကိုလံဘီယာက နယ်မြေတော်တော်များများကို သူပုန်တွေက ထိန်းချုပ်ထားလို့ပါ။ သူတို့ ထိန်းချုပ်ထားတဲ့နေရာကလည်း တောင်တန်းဒေသတွေ ဖြစ်နေလို့ အဲ့ဒီဒေသကို စစ်တပ်လွှတ်ပြီး ကယ်မယ်ဆိုရင်လည်း အသက်ရှင်လွတ်မြောက်ဖို့ လမ်းက တော်တော်နည်းပါတယ်။ "
သူပုန်တွေနဲ့ ဆွေးနွေးညှိနှိုင်းပေးမယ့်သူက စပိန်စကား ကျွမ်းကျွမ်း ကျင်ပြောတတ်ရမှာဖြစ်သလို ဒေသသုံး စကားကိုလည်း နားလည်ဖို့ အရေးကြီးပြီး မိသားစုက ယုံကြည် အားကိုးရမယ့်လူ လည်း ဖြစ်ဖို့ လိုပါတယ်။
သူတို့ မိသားစုထဲမှာ ဘယ်သူမှ စပိန်စကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်လို့ မိုင်းလ်စ်ရဲ့ သူငယ်ချင်း ကိုလံဘီယာသား ရောဘတ် ကလာ့စ်ကို အကူအညီတောင်းရပါတယ်။
မိုင်းလ်စ်နဲ့ ရောဘတ်က မိုင်းလ်စ် ကိုလံဘီယာမှာ ကျောင်းစတက်ကတည်းက ခင်ခဲ့ကြပြီး အခုချိန်ထိ လည်း ရင်းနှီးတဲ့ သူငယ်ချင်းအဖြစ် ဆက်ပေါင်းနေကြဆဲဖြစ်ပါတယ်။ ရောဘတ်ကလည်း မိုင်းလ်စ်လို ပဲ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။
လုပ်ရမယ့်ကိစ္စတွေ အားလုံးကို လျှို့ဝှက်ပြီး လုပ်ရပါတယ်။
"ဆွေးနွေးနေမှုတွေလုပ်နေတဲ့ကိစ္စကို တတိယလူတစ်ယောက် သိလို့မရဘူး။ ခင်ဗျားဘက်က ကမ်းလှမ်းနေတာတွေ ကိုလည်း သိလို့မရဘူး။ လုပ်နေတာတွေအားလုံးကို သိုသိုသိပ်သိပ် အတွင်းစည်းထားပြီး လုပ်ရတယ်" လို့ ရောဘတ်က ရှင်းပြပါတယ်။
ပြီးတော့ ဆွေးနွေးတဲ့အချိန်မှာလည်း စိတ်အေးအေးထား ဖြည်းဖြည်းပြောဖို့ နဲ့ စီစဥ်ထားတဲ့ အတိုင်းပြောဖို့ ယူကေက ဆွေးနွေးညှိနှိုင်းမှု ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ အကြံဉာဏ် လည်း ရထားပါတယ်။
"ဆက်သွယ်ပြောဆိုမှု တစ်ခုခုမလုပ်ခင်တိုင်းမှာ ကျွန်တော်တို့ ဘာမေးမလဲ ဘာပြောမလဲ ဆိုတာ ချရေး ထားရပါတယ်။ ရေးထားတဲ့ ဇာတ်ညွှန်းကနေ သွေဖည် လမ်းလွဲသွားလို့ မရဘူးလေ" လို့ လည်း ရောဘတ်က ပြောပါတယ်။
ပြန်ပေးသမားတွေက စကားဝှက်တွေသုံးပြီး ပြောကြပါတယ်။ တွမ်ကို "အဆောက်အအုံ"လို့ သုံးပြီး ငွေဘယ်လောက်ပေးရမယ်ဆိုတာကိုလည်း "စည်ပိုင်းအရေအတွက်" နဲ့ ပြောပါတယ်။
ပထမအကြိမ် ဆွေးနွေးညှိနှိုင်းမှုကို လှိုင်းတိုရေဒီယိုလှိုင်းသုံးပြီး ပြောကြပါတယ်။ အဲ့ဒီမှာ သူ့အဖေကို ပြန်ပေးဆွဲထားတဲ့ ပြန်ပေးသမားတွေရဲ့ ကြောက်စရာ အသံကို မိုင်းလ်စ် ပထမဆုံး ကြားရတာပါ။
မိုင်းလ်စ်တို့ မိသားစုက ပေးမယ်လို့ သဘောတူတဲ့ ဒေါ်လာ လေးသောင်းတစ်ထောင်နဲ့ သူပုန်တွေက တောင်းတဲ့ ဒေါ်လာ ၆ သန်း ငွေပမာဏက အရမ်းကိုကွာဟနေပါတယ်။
"ဘာလုပ်လုပ် သူ့တို့ ကို ဒေါသထွက်အောင် လုပ်နေသလို ဖြစ်မှာ စိုးရိမ်ရတယ်။ အဲ့လိုဖြစ်လာမယ်လို့လည်း အကြံပေးတဲ့သူတွေက ကျွန်တော်တို့ အပြင် သူပုန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးနေတဲ့ ရောဘတ်ကို ပြောထားတယ်။ ပြီးရင် သူပုန်တွေက အဆိုးရွားဆုံး ကြောက်စရာအကောင်းဆုံး ခြိမ်းခြောက်တာတွေ လုပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးမှာတော့ ဒီကိစ္စက စီးပွားရေးလုပ်နေသလို ပုံစံမျိုး ဖြစ်နေပါတယ်။ တွမ်ကို နာကျင်အောင်လုပ်တာ ဒါမှမဟုတ် သတ်ပစ်လိုက်မယ်ဆိုရင် သူတို့ လိုချင်တဲ့ ငွေတစ်ပြားမှရမှာ မဟုတ်သလို သူတို့ ရင်းထားတဲ့ အချိန်တွေ အရင်းအမြစ်တွေကိုပါ ဖြုန်းတီးသလို ဖြစ်သွားမှာလို့ "လည်း ဆွေးနွေးမှု လုပ်ငန်းစဥ်ကို မိုင်းလ်စ်က ရှင်းပြပါတယ်။
သူတို့ရဲ့ ကမ်းလှမ်းမှုက ပြန်ပေးသမားတွေကို ဒေါသူပုန်ထစေပါတယ်။
အဲ့ဒီငွေနဲ့ အလောင်းတောင် ပြန်ရမှာမဟုတ်ဘူးလို့ ရောဘတ်ကို သူတို့က ပြန်ပြောပါတယ်။
ဒါပေမယ့် ဆွေးနွေးမှုတွေကတော့ ဆက်လုပ်နေဆဲပါ။ တစ်ပတ်ကို ၂ ကြိမ်၊ ပုံမှန် ည ၇ နာရီမှာ လုပ်တာပါ။
"စာမေးပွဲရှိတဲ့ တစ်ရက်မှာ ကြုံရတာကို ပြန်အမှတ်ရနေတယ်။ တက္ကသိုလ်ရဲ့ ကွန်ပျုတာခန်းထဲမှာ နှောင့်နှေးမှုတွေဖြစ်နေတဲ့အချိန် ကိုယ်ကလည်း ဆက်မစောင့်နိုင်တော့လို့ သွားတော့မယ်လို့ ဆရာကို ခွင့်တောင်း ရတယ်။ ရိုင်းသလိုတော့ ဖြစ်သွားမှာပေါ့ ။ ပြန်ပေးဆွဲမှုမှာ ညှိနှိုင်းသူ အဖြစ် ဝင်ပါနေရတယ်လို့လည်း သူတို့ကို ရှင်းပြလို့မဖြစ်ဘူးလေ" လို့ သူကြုံရတာကို ရောဘတ်က ရှင်းပြပါတယ်။
ဆွေးနွေးနေမှုတွေဆက်လုပ်နေတဲ့ အချိန်အတွင်းမှာ အိမ်နီးနားချင်း ဂရီနာမိသားစုကလည်း လာအားပေးကြပြီး တတ်နိုင်သလောက် ပုံမှန်နေရိုးနေစဥ် နေဖို့ လာပြောပါတယ်။
"ကလော်ဒီယာဂရီနာက ညဆို ညနေစာကောင်းကောင်း ပြင်ပြီး စားဖို့ ။ သူက ယူကေမှာ နေခဲ့တဲ့သူဆိုတော့ ဘယ်လိုကိစ္စပဲကြုံကြုံ ဗြိတိသျှတွေရဲ့ အပြုံးမပျက် စိတ်ညစ် နေတဲ့ပုံမပြ နေတတ်တာကိုလည်း သဘောကျပါတယ်။ ပြီးတော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ ဖယောင်းတိုင်ထွန်း ပန်းတွေထိုးပြီး ညစာတူတူစားကြဖို့ ကိုလည်း သူက အားပေးပါတယ်"
ပြန်ပေးသမားတွေဘက်က တဖြည်းဖြည်းနဲ့ ပြန်ပေးငွေ လျှော့တောင်းလာပေမယ့် မိသားစုက မတတ်နိုင်တဲ့ ဒေါ်လာသန်းနဲ့ ချီကိုတော့ လိုချင်နေပါသေးပါတယ်။
နောက်တော့ ပြန်ပေးသမားတွေဘက်က တစ်လလောက် အဆက်အသွယ်ဖြတ်သွားပါတယ်။
အဲ့ဒီအချိန်တွင်းမှာတော့ ပြန်ပေးသမားတွေရဲ့ ကြောက်စရာကောင်းတဲ့အသံကို ကြားရတာမှ ကောင်းသေးတယ်လို့ မိုင်းလ်စ် တမ်းတမိပါတယ်။
တစ်လလောက်အဆက်ပြတ်သွားပြီးတော့ သူပုန်တွေဘက်က ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စလုပ် လာပြီး ငွေတိုးပေးဖို့ တောင်းလာပါတယ်။ မိသားစုဘက်က တိုးမပေးနိုင်ဘူးလို့ အကြောင်း ပြန်တော့ နောက် ၂ လလောက် အဆက်ထပ်ဖြတ်သွားပါတယ်။
ဒီအတိုင်းစောင့်မနေနိုင်တောတဲ့ စိတ်မရှည်နိုင်တဲ့ မိုင်းလ်စ်ရဲ့ အမေ ဆူဆန်ဟားဂရို့ဗ်က သူပုန် တွေရှိတဲ့ တောင်တန်းနေရာကို စာတွေပို့၊ အရင်တုန်းက ပြန်ပေးဆွဲခံရတဲ့သူတွေနဲ့ စကားပြော၊ သူ့အမျိုးသား တွမ်ကို ဖမ်းထားတယ်ထင်တဲ့နေရာက ခရစ်ယာန်ဘုန်းကြီးတွေနဲ့လည်း အဆက်အသွယ်တွေ လုပ်ပါတယ်။
နောက်တော့ ဒေါ်လာ ၂၀၁,၀၀၀ အထိ တိုးပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြန်ပေးသမားတွေ ပြန်ဆက်သွယ်တဲ့အချိန် ဒီငွေ ပေးမယ်လို့ ပြောဖို့ သူတို့ စီစဥ်ထားတာပါ။
ကြားမှာ ပြတ်သွားတဲ့ အချိန်က တော်တော်ကြာတယ်လို့ မိုင်းလ်စ်က ပြောပါတယ်။
အဲဒီလို စောင့်နေရတုန်းကို မှတ်မိသေးတယ်လို့ ရောဘတ်က ပြောပါတယ်။ "အဲဒီတုန်းက ကဲ၊ တစ်ခုခု ပြောလိုက်ပါတော့။ ရမှာလား မရဘူးလား ဆိုပြီး မျှော်နေရသလိုမျိုးပေါ့"လို့ သူက ပြောပါတယ်။
နောက်ဆုံးမှာတော့ သူတို့ ပေးမယ့်ငွေပမာဏနဲ့ တွမ်ကို ပြန်လွှတ်ပေးဖို့ ပြန်ပေးသမားတွေက သဘောတူလိုက်ပါတယ်။
တွမ်တစ်ယောက်လည်း ပြန်ပေးဆွဲခံရတာ ၉ လအကြာပြီး မှာ သူချစ်တဲ့မိသားစု အိမ်ကို ပြန်လာနိုင်ဖို့ အခွင့်အလမ်း ရလာပါပြီ။
ပြန်ပေးသမားတွေကိုပေးဖို့ ငွေတွေ သူ့တို့ မိသားစု ဘယ်က ရခဲ့သလဲဆိုတာ ဒီနေ့ထိ မိုင်းလ်စ်က ဖွင့်ပြောလို့မရပါဘူး။ ငွေတွေကို သေချာထုပ် သေတ္တာတွေထဲထည့်ပြီး သွားပေးခဲ့ကြတာပါ။
အဲ့ဒီမှာ ငွေတွေကို ဘယ်လိုသွားပေးမလဲဆိုတဲ့ ကိစ္စရှိလာပါပြီ။
မိသားစုဝင် တစ်ယောက်ယောက်ကိုယ်တိုင် ငွေသွားပေးဖို့ မသင့်ဘူး။ သူတို့က ခင်ဗျားကိုပါ ခေါ်သွားလိမ့်မယ်လို့ လူတွေက လာပြောကြတယ်လို့ မိုင်းလ်စ်က ပြန်ပြောပြပါတယ်။
"ကျွန်တော်တို့ မိသားစုနဲ့ နီးစပ်တဲ့ အက်ဖ်ဘီအိုင် စုံထောက်တစ်ယောက်ရှိတယ်။ သူ့မှာ ကျွန်တော်တို့ ကိုယ်စား တောင်တန်းတွေဆီ ငွေသယ်ယူသွားပေးမယ့် ကျွမ်းကျင်တဲ့ သူ့အသိ တစ်ယောက် ရှိတယ်။ အဲ့ဒီသူကို ကားမောင်းပို့ ပေးမယ့် ကားသမားတစ်ယောက်လည်း ကျွန်တော်တို့ အိမ်နီးချင်းတွေက တွေ့ထားတယ်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သိနေပြီးသား ဖြစ်လို့မရပါဘူး။ သူတို့အချင်းချင်း သိပြီးသားဆိုရင် အဲ့ဒီငွေတွေ ပို့ရမယ့်နေရာမရောက်ဘဲ လမ်းမှာ ပျောက် သွားနိုင်တာကိုလည်း ထည့်တွက်ရသေးတယ်" လို့လည်း မိုင်းလ်စ်က ရှင်းပြပါတယ်။
ဒီလို့ ငွေတွေ ပို့ရမယ့်ဆီ လုံလုံခြုံခြုံ ရောက်သွားပြီဆိုတော့ တွမ် လွတ်လာတာကိုပဲ သူတို့ စောင့်နေကြပါတယ်။
"ရုပ်ရှင်ထဲကလို ခင်ဗျားက ဒီဘက်ကနေ ငွေပေးလိုက် ပြီးတော့ လွတ်လာမယ့် ခင်ဗျားအဖေကလည်း ဟိုဘက်ကစောင့်နေဆို တဲ့ အနေအထားမျိုး မဟုတ်ဘူး။ ငွေပေးလိုက်တာကို သူတို့ ယူသွားပေမယ့် အဖေ ဘယ်တော့ အိမ်ပြန်ရောက်လာမလဲဆိုတာကျတော့ ဘာမှမပြောဘူး။ ဒါပေမယ့် တခြားလူတွေရဲ့ အတွေ့အကြုံအရ ငွေပေးပြီးရင် ၃ ရက်ကနေ တစ်ပတ်အတွင်း ပြန်ရောက်လာမယ်လို့ သိရပါတယ်" လို့ မိုင်းလ်စ်က ပြောပါတယ်။
ဒါပေမယ့် ၃ရက်ကြာတဲ့အချိန်ထိ တွမ် မလွတ်သေး။ တစ်ပတ်ကြာတော့လည်း တွမ်လွတ်လာတယ်ဆိုတဲ့ လက္ခဏာဘာမှ မတွေ့ရပါဘူး။
သီတင်းပတ်တွေကြာပြီးတော့လည်း အိမ်ပြန်ရောက်မလာသေးတော့ အရမ်း စိတ်ထိခိုက်ကြ ပြီး တွမ်တစ်ယောက် အိမ်ပြန်ရောက်လာနိုင်ပါဦးမလားလို့တောင် မျှော်လင့်ချက်မဲ့တာတွေ တွေးမိလာကြ ပါတယ်။
အဲ့လိုစောင့်နေတုန်း ပြန်ပေးသမားတွေဆီက ဖုန်းဝင်လာပါတယ်။ တယ်လီဗေးရှင်းကို ချက်ချင်းဖွင့်ကြည့်ဖို့ သူတို့က ပြောပါတယ်။
တီဗီမှာ လာနေတဲ့ သတင်းထဲမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူပုန်တွေဖမ်းထားတဲ့ အမေရိကန် သာသနာပြု ၂ ယောက်ရဲ့ အလောင်းကို တွေ့ရပါတယ်။ စစ်တပ်က ဝင်ကယ်ဖို့ ကြိုးစားရင်း ဖမ်းထားတဲ့သူတွေက သူတို့ကိုသတ်ပြီး စခန်းကနေ ထွက်ပြေးသွားတာပါ။
အဲ့ဒီသတင်းကို ဘယ်တော့မှ မမေ့ဘူးလို့ မိုင်းလ်စ်က ပြောပါတယ်။
"ကွက်ကွက်ကွင်းကွင်းနဲ့ ပုံဖော်ပြခဲ့တဲ့သတင်းဖြစ်လို့ ကျွန်တော်တွေ့ သမျှထဲမှာတော့ အဆိုးရွားဆုံးပါ။ အဓိကက ပြန်ပေးဆွဲခံရတဲ့ မိသားစုတွေကိုလည်း ကျွန်တော်တို့က သိနေတာ။ ပြန်ပေးငွေ ပေးပြီးတာကလည်း တစ်လလောက်ရှိသွားပြီဆိုတော့ အဖေလည်း ဒါမျိုးကြုံလာနိုင်တယ်လို့ တွေးမိသွားတယ် "
ဒီဗီဒီယိုက ဟားဂရို့ဗ်မိသားစုကို မျှော်လင့်ချက်မဲ့သွားစေသလို မိုင်းလ်စ်တို့ အမေကလည်း အကြံပေးထားတာတွေအားလုံးကို ဆန့်ကျင်ပြီး သူတို့အကြောင်း လူတွေသိအောင် ချပြဖို့ လုပ်လာ ပါတယ်။
"အရမ်းအန္တရာယ်များတဲ့ကိစ္စပါ ။ ပြန်ပေးဆွဲခံထားရတဲ့အကြောင်း မပြောဖို့ဆိုတဲ့ ပထမစည်းမျဉ်းကိုလည်း ချိုးဖောက်တာ။ ပြီးတော့ ဒါက ကိုယ့်လူကို ပိုထိခိုက်အောင် လုပ်သလိုမျိုးဖြစ်နေတယ် ။ ဒါပေမယ့် လူထုအားနဲ့ သူပုန်တွေကိုဖိအားပေးမယ်လို့ သူစဥ်းစားပုံရတယ်။ မျှော်လင့်ထားသလို အပေးအယူကိစ္စပြီးသွားပြီဆိုရင်လည်း ခင်ဗျားရဲ့ အခြေအနေကိုလည်း ထည့်တွက်ရမယ် ။ သူတို့ကို တစ်ခုခု မလုပ်လုပ်အောင် ဖိအားပေးသလိုမျိုးဖြစ်နေတယ်။"
၂ ရက်ကြာပြီးတော့ ပြန်ပေးသမားတွေဘက်က ဆက်သွယ်လာပြီး တွမ်ကိုလွှတ်ပေးဖို့ သူတို့ နောက်ထပ် ဒေါ်လာ တစ်သိန်းသုံးသောင်း လိုချင်တယ်လို့ တောင်းတယ်။ ဒီအချိန်ဆို တွမ်တို့မိသားစု အရမ်းစိတ်ပူပြီး ငွေထပ်ပေးဖို့ ပြင်ဆင်ထားမှာလို့ လည်း သူတို့တွေးထားပုံ ရပါ တယ်။
တွမ်အသက်ရှင်နေသေးတယ်ဆိုတာ ခိုင်မာတဲ့ သက်သေပြဖို့ တောင်းဆိုပေမယ့် ဟိုဘက်က ပြတာက ယုံလောက်စရာ မဟုတ်ဘူးလို့ မိုင်းလ်စ်က ပြောပါတယ်။
ဒါပေမယ့် ကိုလံဘီယာမှာဖြစ်နေတဲ့ အဲ့ဒီတုန်းက အခြေနေကလည်း သူတို့ကို ဆုံးဖြတ်ချက်တစ်ခုခု အမြန်ချဖို့ တွန်းအားပေးသလိုဖြစ်နေပါတယ်။
ဂီလ်ဘာ တို ရိုဒရီဂွက်စ်ဆိုတဲ့ ကာလီ မူးယစ်ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ကို စစ်တပ်က ဖမ်းမိ လိုက်တာကလည်း မြို့ကို အန္တရာယ်ကျနိုင်တဲ့ အနေအထား ရောက်သွားစေပါတယ်။
ကျွန်တော်တို့က မူးယစ်ဆေးဘုရင်တွေ နေကြတဲ့ နည်းနည်းကောင်းတဲ့ နေရာမှာ နေခဲ့ကြတာပါ။ ခြံတွေထဲကို ဟယ်လီကော်ပတာတွေ ဆင်းတာ၊ နေရာတိုင်းမှာ လမ်းပိတ်ဆို့ ထားတာတွေကလည်း မြင်နေကျလို့ မိုင်းလ်စ်က သူကြုံရတာကို ပြောပြပါတယ်။
တစ်ချိန်တည်းမှာလည်း သူပုန်တွေရှိတဲ့နေရာကို အစိုးရစစ်တပ်က သိမ်းဖို့လုပ်နေတယ်ဆိုတဲ့ ကောလာဟာလတွေကလည်း စထွက်လာလို့ နှစ်ဖက်ပစ်ခတ်မှုကြား တွမ် ကြားညပ်သွားမှာကို မိသားစုက စိုးရိမ်နေကြပါတယ်။
အဲ့ဒါကြောင့် အန္တရာယ်ကြားကနေပဲ စွန့်စားပြီး ၁၉၉၅ ခုနှစ် သြဂုတ်လ ၁၃ရက်နေ့မှာ ပြန်ပေး သမားတွေကို ဒေါ်လာတစ်သိန်းတစ်သောင်း ထပ်ပေးခဲ့ပါတယ်။
ဒီပြန်ပေးငွေကို ပထမ ပြန်ပေးငွေသွားပေးတုန်းက ကားသမားနဲ့အတူ ကက်သလစ် ဘုန်းကြီးတစ်ပါးက သွားပေးခဲ့ကြတာပါ။
ငွေရပြီးတော့လည်း တွမ်ကို ဘယ်နေရာမှာ ပြန်လွှတ်ပေးမယ်လို့ သူပုန်တွေ ဘက်က မပြောလိုက်ပေမယ့် သူတို့ ရေဒီယိုနဲ့ အဆက်အသွယ်လုပ်မယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့က အရေး ပေါ် လူနာတင်ကား တစ်စီးကို ပြင်ထားပါလို့ပဲ လှမ်းပြောပါတယ်။
"အခြေနေတွေက အရမ်းဆိုးတာဗျ။ ပြန်ပေးငွေရတာနဲ့ အဖေ့ကို ပြန်လွှတ်ပေးမယ်လို့ သူပုန်တွေက သဘောတူထားပေမယ့် လွှတ်မပေးခဲ့ဘူး။
သူတို့ဆီက ရတဲ့ တစ်ခုတည်းသော သတင်းစကားကလည်း မကြာမီရက်ပိုင်းအတွင်း မြို့နားမှာ တွေ့ရမယ်ဆိုတာပါ ။ အဲ့ဒါက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပေါ့ "လို့ အဲဒီတုန်းက ကြုံရတာကို မိုင်းလ်စ်က ပြန်ပြောပါတယ်။
ကြက်ခြေနီအဖွဲ့က မြို့နားကိုသွားပြီး တစ်နေကုန်စောင့်ပေမယ့်လည်း တွမ်ရဲ့အရိပ်အရောင်ကိုတောင် မတွေ့ခဲ့ရပါဘူး။
"ကျွန်တော်တို့မှာ နောက်လုပ်ပေးနိုင်တဲ့ နည်းလမ်းကမရှိတော့ အခြေအနေက မျှော်လင့်ချက်မဲ့သလိုဖြစ်နေကြတာ။
တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရောက်လာမယ့်အခြေနေကိုပဲ လက်ခံကြဖို့ အခြေအနေကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတာပါ"လို့ မိုင်းလ်စ်က ရှင်းပြပါတယ်။
ကြားကနေ စေ့စပ်ညှိနှိုင်းပေးနေတဲ့ ရောဘတ်ကိုယ်တိုင်ကလည်း မချင့်မရဲဖြစ်နေပြီး ဒီအခြေနေကို မကြိုက်ဘူးလို့ ပြောပါတယ်။
ဒါပေမယ့် နောက်ဆုံး ပြန်ပေးငွေပေးပြီး ကိုးရက်အကြာ ၁၉၉၅ခုနှစ် သြဂုတ် ၂၂ ရက်နေ့ မှာတော့ မီးဖိုချောင်ထဲ ညစာပြင်နေတဲ့ မိုင်းလ်စ်တို့သုံးယောက် အပြင်က အသံတစ်သံကို ကြားလိုက်ပါတယ်။
ကျွန်တော်တို့ မီးဖိုချောင် အပြင်ဖက်ကို ထွက် ကြည့်လိုက်တော့ မယုံနိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ ဝါကျင်ကျင် ဆံပင်ရှည် မုတ်ဆိတ်မွှေးအရှည် ခေါင်းစွပ်ခြုံထည်ကြီး ဝတ်ထားတဲ့ အဖေ အိမ်အပြင်မှာ ရပ်နေတာပါ။
အဲ့ဒီအချိန် မိုင်းလ်စ်ရဲ့အမေ ဆူဆန်က အိပ်ခန်းထဲမှာ ရှေ့ဖြစ်လာနိုင်တဲ့အကြောင်းတွေကို တွမ်ရဲ့ညီ ရက်ဖို့ဒ်နဲ့ ဖုန်းပြောနေတာပါ။
" သူ လန့်အော်ပြီး ဖုန်းလွှတ်ချလိုက်တော့ ဟိုဘက်ကနေ အော်သံကို ကြားလိုက်ရတဲ့ ကျွန်တော်တို့ဦးလေးက သူပုန်တွေရောက်လာပြီး မိသားစုဝင် နောက်တစ်ယောက်ကို လာခေါ်တာလား ဒါမဟုတ် ကျွန်တော့ အဖေရဲ့ အလောင်းကို အိမ်ရှေ့ လာချသွားတာလားလို့ တွေးမိသွားတယ်။
ကျွန်တော့်အမေက သွေးလန့်တဲ့ပုံစံနဲ့ လန့်အော်ပြီး အဖေ့ကိုစိုက်ကြည့်နေလို့ အဖေကတောင် သူ့ကို ပွေ့ဖက် နှစ်သိမ့်ပေးခဲ့ရသေးတယ်။ အမေ ဆက်ပြီး အော်နေတဲ့ မြင်ကွင်းကိုမြင်ရတာ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲဆိုတာ တွေးသာကြည့်ပေါ့ဗျာ။"
မိုင်းလ်စ် သတိထား ကြည့်မိလိုက်တာက သူ့ရဲ့အဖေဆံပင်တွေပါ။ ပုံမှန်ဆို ငွေရောင် ဆံပင်တွေက ဗီတာမင်ချို့တဲ့မှုကြောင့် လိမ္မော်ရောင် ပြောင်းကုန်ပါ တယ်။ အကျဥ်းကျခံထားရတဲ့အချိန် အစာရေစာမလောက် မငတာနဲ့ ဟင်းသီးဟင်းရွက် လေးလ ကျော်လောက် မစားခဲ့ရတာကြောင့်ပါ။
သူပုန် အများစုက အသက် ၁၄ နှစ်၊ ၁၅ နှစ် ဆယ်ကျော်သက်အရွယ် စစ်သားလေးတွေဖြစ်ပြီး အတန်းပညာလည်း သိပ်မတတ်ကြဘူး။ ကျွန်တော့် အဖေက ပါရဂူဘွဲ့ရ။ သူ့ကိုစောင့်နေတဲ့ အစောင့် ၁၀ ယောက် ပေါင်းရဲ့ ပညာရေးက အဖေ ပညာသင်ခဲ့တဲ့နှစ်ထက်တောင် ပိုနည်းမှာလို့တောင် မိုင်းလ်စ်က ပြောပြပါသေးတယ်။
လွတ်မယ့်နေ့မှာ တွမ်ကိုလာနှိုးတော့ ခင်ဗျားကို လွှတ်တော့မယ်လို့ သူ့ကိုလာပြောကြတယ်။
သူ့ကို လမ်းဘေးတစ်နေရာမှာ ချထားခဲ့လို့ မြို့နဲ့ အနီးဆုံးနေရာကို ရောက်အောင်လာ၊ အဲ့ဒီကနေ တစ်နေရာကနေ တစ်နေရာ လူတွေရဲ့ အကူညီယူပြီး အိမ်ပြန်ရောက်အောင် လာခဲ့ရပါတယ်။
နောက်ဆုံးမှာ ရလဒ်ကောင်းထွက်ခဲ့တယ်ဆိုပေမယ့် မိသားစုအနေနဲ့ စိတ်ဒဏ်ရာရတာတွေအပြင် သဘောထားကွဲတာတွေလည်း ကြုံခဲ့ရပါတယ်။
မိုင်းလ်စ်နဲ့ သူ့ညီ၊ သူ့အမေတို့က သူတို့ကြုံခဲ့ရတဲ့ ဒီကိစ္စကြီးကို အတိတ်မှာပဲ ချန်ထားချင်ခဲ့ကြပါပြီ။
အဖွဲ့ပုံစံနဲ့လုပ် ရည်မှန်းချက်တစ်ခုတည်းထားခဲ့တယ်။ အဲဒါက အဖေလွတ်ဖိုပဲ။ အဲတော့ ဒါကို အထမြောက်ပြီဆိုတော့ ဒီကိစ္စကြီးကို ပြည်ဖုံးကားချလိုက်ချင်တယ်လို့ မိုင်းလ်စ်က ပြောပါတယ်။
တဖက်မှာလည်း တွမ်က သူဖြတ်ကျော် ကြုံတွေ့ခဲ့ရတဲ့ သူရဲ့ထူးခြားတဲ့ အတွေ့အကြုံတွေကို လူတွေကို အရမ်းပြန်ပြောပြချင်နေပြီး ဒါကို ပြောပြောနေပါတယ်။
သူတို့မိသားစု မိတ်ဆွေတွေနဲ့ဆုံတဲ့ အချိန် ဒီကိစ္စအကြောင်းရောက်သွားရင် အခြေအနေက ရုတ်တရက် ပြောင်းသွားတတ်ပါတယ်။
ပုံမှန်အခြေအနေကိုပဲ လိုချင်တဲ့ မိသားစုက သာမန်ရိုးရိုး ကိစ္စတွေပဲ ပြောချင်ပါတယ်။ မလွဲသာလို့ ပြန်ပေးဆွဲခံရတဲ့ အကြောင်းရောက်သွားရင် အခြားသူတွေရဲ့ အာရုံစိုက်မှုက အဖေ့ဆီ ရောက်သွားတော့တာပဲ။ သူတို့က အဲ့ဒီအကြောင်းကို အမြဲတမ်းလိုလို ရှည်ရှည်ဝေးဝေး နဲ့ အကြာကြီး ဆွေးနွေးချင်ကြတာ"လို့ မိုင်းလ်စ်က ပြောပါတယ်။
ဆိုးရွားမှုတွေကြုံခဲ့ရတဲ့ မိသားစုဘဝ ပြန်ရှင်သန်အသက်ဝင်လာအောင် ကြိုးစားရသလို တဖက်မှာလည်း အထူးသဖြင့် သူ့အမေရဲ့ ပူပန်သောကဒဏ်ကို ဖြေဖျောက်ပေးဖို့လည်း ကြိုးစားခဲ့ရပါတယ်။
သူတို့မိသားစု တက္ကဆက်ကို ပြန်ပြောင်းလာတော့ တွမ်က သူ့အတွေ့အကြုံကို အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေအပါအဝင် လုံခြုံရေးအဖွဲ့တွေမှာ ဟောပြောတာတွေ လုပ်ခဲ့ ပါတယ်။ ဒါပေမယ့် ဆူဆန်ပုံစံကတော့ ပြောင်းလဲသွားပါတယ်။
"အမေက နိုင်ငံခြားတိုင်းပြည်တွေမှာ ကြီးပြင်းခဲ့ရတာ။ သူက စွန့်စားရတာတွေ၊ ကမ္ဘာအနှံ့ခရီးထွက်ရတာကိုလည်း ကြိုက်တယ်။ အခုဒါတွေကို စိတ်မဝင်စားတော့ဘူး။ လုံးဝငြိမ်သက်သွားတယ်လို့တော့ မဆိုလိုချင်ပေမဲ့ အခုတော့ သူ့ရဲ့ စွန့်စားတတ်တဲ့ စိတ်က လုံးဝပျောက်ဆုံးသွားပြီ"လို့ ပြောပါတယ်။
သူ့အဖေလွတ်မြောက်ဖို့ ကိစ္စမှာ သူ့သူငယ်ချင်း ရောဘတ် ပါဝင်ကူညီခဲ့တာကို အမြဲတမ်း ကျေးဇူးတင်နေပါတယ်လို့ မိုင်းလ်စ်ကပြောပါတယ်။
"အဲဒီချိန်က ကျွန်တော့်တို့ အားလုံး ရင့်ကျက်နေပြီလို့ ထင်နေတာ။ ဒါပေမယ့် ကျွန်တော် အသက်ကြီးတော့မှ ပြန်သိလိုက်တာက အဲ့ဒီတုန်းက ကျွန်တော်တို့က ကလေးပဲရှိသေးပါလားဆိုတာကိုပေါ့။ ပြီးတော့ ကြီးမားတဲ့ ဖိအားကြီးတစ်ခုကိုလည်း ရောဘတ်ပေါ်ကို တင်ပေးခဲ့ကြသေးတယ်။ ကျွန်တော်တို့ အတွက်ရွေးချယ်စရာမရှိတဲ့ အခြေအနေတစ်ခု မှာ လူကြီးတွေလို တွေးပြီး လုပ်ခဲ့ရတာပါ။"
ကျောင်းသားဘဝက သူ ကြုံခဲ့ရတဲ့ ဒီအတွေ့အကြုံကို ရောဘတ်တစ်ယောက် အမြဲအမှတ်ရနေစေပါတယ်။ သူဘယ်လိုမှ အရင်တုန်းကလို အပူအပင်မရှိ မနေတတ်တော့ဘူး။ တခြားကျောင်းသားတွေ စာသင်တာနဲ့ ပါတီတက်တာကိုပဲ လုပ်နေကြတဲ့အချိန်မှာ ဘဝက ဒါ့တွေထက်ပိုတယ်ဆိုတာကို အမြဲသတိရနေစေခဲ့တယ်လို့ ရောဘတ်က ပြောပါတယ်။
အခုချိန်ထိ ရောဘတ်ဟာ သူ့မိန်းမ သူ့သားနဲ့အတူ ကာလီမှာ ဆက်နေနေပါသေး တယ်။ သူနဲ့ မိုင်းလ်စ်တို့ အတူတက်ခဲ့ကြ တဲ့ ကျောင်းမှာ အလုပ်ဝင်နေပါတယ်။
အခုဆို မိုင်းလ်စ်ရဲ့ အသက်က ၄၇နှစ်ထဲကို ရောက်နေပြီး တက္ကဆက်မှာ ရုပ်ရှင်သမားတစ်ယောက် အဖြစ် အသက်မွေးနေပါတယ်။ ပြီးတော့ သူတို့ မိသားစု ပြန်ပေးဆွဲတာကြုံခဲ့ရစဥ်က သူတောက်လျှောက် ရိုက်ထားတဲ့ပုံတွေသုံးပြီး ရုပ်ရှင်တစ်ခုအဖြစ် ပုံဖော်ပြောင်းလဲနိုင်ခဲ့ပါပြီ။
သူဖန်တီးထားတဲ့ အဲ့ဒီမှတ်တမ်းရုပ်ရှင်ကို Miracle Fishing လို့ အမည်ပေးထားပါတယ်။ ၂၀၀၉နဲ့ ၂၀၁၁မှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားကြတဲ့ သူ့အမေ ဆူဆန်နဲ့ သူ့အဖေ တွမ်တို့အတွက်တော့ နောက်ကျသွားတာပေါ့။
သူ့ရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် ဧပြီလက Tribeca ရုပ်ရှင်ပွဲတော်မှာ ပြ ဖို့စီစဥ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မပြဖြစ်လိုက်ပါဘူး။
သူလွတ်ပြီးနောက်ပိုင်း မှာ သူ့အတွေ့အကြုံတွေပြောပြဖို့ တွမ်တစ်ယောက် စိတ်ပြင်းပြခဲ့သလို မိုင်းလ်စ်ကလည်း သူကြုံခဲ့ရတာကို ရုပ်ရှင်အဖြစ်ဖန်တီး တင်ပြနိုင်ခဲ့ပါတယ်။
ပထမတုန်းကတော့ ဖြစ်ခဲ့တာတွေကို ဒီအတိုင်းပဲ ထားလိုက်ဖို့ တွေးမိတယ်။ ဒါပေမယ့် သေသေချာချာ ပြန် စဥ်းစားလိုက်တော့ လွန်ခဲ့တဲ့၂၅နှစ်တုန်းက ဖြစ်ခဲ့တာကို ပြန်ပြောပြဖို့ လိုတယ်လို့ စဥ်းစားမိခဲ့တယ်။
ကျွန်တော့်မှာ ရှိနေတဲ့မှတ်တမ်းပုံတွေနဲ့တင်မက ပြန်ပေးဆွဲခံရတဲ့ ဇာတ်လမ်းကျောရိုး မပျက်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားစုစည်း တင်ဆက်ထားပါတယ်"လို့ မိုင်းလ်စ်က ဆိုပါတယ်။
Miracle Fishing မှတ်တမ်းရုပ်ရှင်ကားဟာ ဂျာမနီက Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု ရထားပါတယ်။