အလင်္ကာပုလဲပန်း၊ သွေးနဲ့ကိုယ်သားနဲ့ကိုယ်၊ အဖေ၊အမေ

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, အလင်္ကာပုလဲပန်း အစီအစဉ်
  • ရေးသားခဲ့သည်။

တောင်ပြိုကမ်းပြိုဆိုတဲ့ စကားကသာ အမှန်ဖြစ်ကြောင်း၊ သောင်ပြိုကမ်းပြိုဆိုတဲ့စကားက မမှန်ကြောင်း မြန်မာစာအဖွဲ့က ထုတ်တဲ့ သတ်ပုံကျမ်းအသစ်မှာ ပြဋ္ဌာန်းလိုက်တာကို ဆောင်းပါးရေးခဲ့တာနဲ့ ပတ်သက်ပြီး မကျေလည်သူတချို့ ရှိခဲ့ပါတယ်။

သတ်ပုံကျမ်းကို အသစ်တည်းဖြတ်ထုတ်ဝေလိုက်တဲ့အထဲမှာ တောင်ပြိုကမ်းပြိုဆိုတဲ့ စကားလုံးကို အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတ်ပုံကျမ်းပြုစုတဲ့ မြန်မာစာအဖွဲ့ရဲ့ အဖွဲ့ဝင် ဆရာကြီး ဦးထွန်းတင့်ကို ဆက်သွယ်မေးမြန်းတော့ landslide ဆိုတဲ့ အင်္ဂလိပ်စကားကို ဘာသာပြန်ထားတာ ဖြစ်တဲ့ အတွက် တောင်ပြိုကမ်းပြိုကသာ အမှန်ဖြစ်တယ်လို့ ရှင်းလင်းထားတာကို အရင်အလင်္ကာပုလဲပန်းဆောင်းပါးမှာ အသေးစိတ် ရှင်းပြခဲ့ပြီးပါပြီ။

landslide ကလာတယ်ဆိုရင် တောင်ပြိုကမ်းပြိုပဲ သုံးရတော့မှာ ဖြစ်တဲ့ အတွက် landslide ကလာတာကိုပါ မဟုတ်နိုင်ဘူးလို့ သောင်ပြိုကမ်းပြိုသမားတွေက ငြင်းကြပါတယ်။

တကယ်တော့ ဒီစကားလုံးဟာ ပေါ်တာ သိပ်မကြာသေးပါဘူး။ ဆရာကြီး ဦးထွန်းတင့်ကတော့ “သူသတိထားမိသလောက်ပြောရရင်” ဦးဝင်းတင် စသုံးတဲ့ စကားလုံးလို့ ဆိုပါတယ်။

ဒီစကားလုံးကို ဗမာစကားလို့ ထင်ကြတဲ့သူတွေကို အပြစ်မဆိုပါဘူး။ အဲသလို ထင်ရတာဟာ အကြောင်းရှိပါတယ်။ ဘာသာပြန်တဲ့ သူက သိပ်ဗမာဆန်လွန်းလို့ ဗမာစကားလို့ ထင်ကြတာပါ။

တောင်ပြိုကမ်းပြိုဆိုတဲ့ ကြိယာဝိသေသနစကားလုံးကို စတင်အသုံးပြုခဲ့တာက ဦးဝင်းတင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ landslide ကို တောင်ကမ်းပြိုကျခြင်းလို့ ဘာသာပြန်တာကတော့ ဦးဝင်းတင် ပထမဆုံး မဟုတ်ပါဘူး။ ၁၉၆၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒေါက်တာဘဟန် အဘိဓာန်မှာ တောင်ကမ်းပါးပြိုကျခြင်းလို့ ဘာသာပြန်အနက်ပေးထားပါတယ်။ တကယ်လို့ ဦးဝင်းတင်က ရွေးကောက်ပွဲမှာ တောင်ကမ်းပါးပြိုကျအောင် အနိုင်ရခဲ့တာပဲဗျလို့သာ ပြောခဲ့ရင် တော်တော်ဗမာမဆန်တဲ့ ကြိယာဝိသေသန ဖြစ်သွားမှာပါ။ ဘာကြီးလဲဟ၊ တောင်ကမ်းပါးပြိုတာနဲ့ ရွေးကောက်ပွဲ အပြတ်အသတ်နိုင်တာ ဘာဆိုင်လို့လဲလို့ ဆိုကြမှာပါ။ ဗမာစကားမဟုတ်ကြောင်းလဲ ဒက်ကနဲ တန်းသိမှာပါ။ ဒါပေမဲ့ တောင်ပြိုကမ်းပြိုနိုင်တယ်လို့ သုံးလိုက်တော့ ဗမာသိပ်ဆန်သွားပါတယ်။ တောင်ရဲ့နောက်မှာ ပြိုဆိုတဲ့စကားတလုံး ကမ်းရဲ့နောက်မှာ ပြိုဆိုတဲ့ စကားတလုံး ကပ်ထည့်ပြီး ကြိယာဝိသေသန လုပ်တဲ့ လုပ်ထုံး လုပ်နည်းဟာ ဗမာစာ လုပ်ထုံးလုပ်နည်းပါ။ ဥပမာ စိတ်ဆိုးမာန်ဆိုး၊ စိတ်ပန်းလူပန်း၊ ဘေးကျပ်နံကျပ်၊ ကျောပူရင်ပူ ဆိုတာမျိုးတွေပါ။ အမြောက်အမြားရှိပါတယ်။ တောင်ပြိုကမ်းပြိုလို့ ပြောလိုက်တဲ့ အတွက် ဗမာဟန်ပေါက်သွားတယ်။ ဗမာဆန်သွားတယ်။ ဗမာစကားလုံးလို့ ထင်သွားတာ အဲဒါကြောင့်ပါ။

၂၀၂၀ မှာ NLD မဲအပြတ်အသတ်နိုင်တော့ ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က တောင်ပြိုကမ်းပြိုမကဘဲ မိုးကောင်ကင်ပြိုကျသလိုတောင် နိုင်တယ်လို့ ဆိုသွားပါတယ်။ မိုးကောင်းကင်ပြိုကျသလို ဆိုတာက တောင်ပြိုကမ်းပြိုလောက် ဗမာကြိယာဝိသေသနရဲ့ ဟန်အမူအရာ၊ စရိုက်လက္ခဏာ မပါပါဘူး။ ဒါကိုတောင် မုံရွာအောင်ရှင်ကို ဆရာကြီး ဦးထွန်းတင့်က အကြံပြုချင်တယ်လို့ ဆိုပါတယ်။ အဲဒီစကားလုံးမျိုးကို မြန်မာကြိယာဝိသေသနဆန်အောင် ပြောမယ်ဆိုရင် တောင်ပြိုကမ်းပြိုတင်မကဘူး၊ မြေပြိုမိုးပြိုအောင်နိုင်တယ်လို့ ပြောရင် ပိုပြီး မြန်မာဆန်မယ်လို့ ဆိုပါတယ်။

တကယ်တော့ ဗမာက အများအပြားဆိုတဲ့ သဘောကို ပြိုဆိုတဲ့ စကားနဲ့ တင်စားတဲ့ အလေ့အထမရှိပါဘူး။ အများအပြားကို ဗမာက တင်စားလေ့ရှိပုံက ထောင်ပုံရာပုံ၊ တောင်ပုံရာပုံလို့ တင်စားတတ်ပါတယ်။ ဆီရေချိုး၊ ဆေးရိုးမီးလှုံဆိုတာမျိုး တင်စားတတ်ပါတယ်။ အာကာလွှာပုံပြု၊ မေယုစုတ်တံချီ၊ သမုဒ်မင်ရည်ဖျော်ဆိုတာမျိုးမှာလို ကောင်းကင်နဲ့၊ တောင်နဲ့ သမုဒ္ဒရာနဲ့ တင်စားတတ်ပါတယ်။ များပြားတာကို ကောင်းကင်၊ တောင်၊ သမုဒ္ဒရာနဲ့ တင်စားတာဟာ ဘာသာစကားတခုနဲ့ တခုမှာ တိုက်ဆိုင်မယ်ဆိုရင်လဲ ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်လူမျိုးဖြစ်ဖြစ် သူတို့မျက်စိရှေ့မှာ ကောင်းကင်၊ တောင်၊ သမုဒ္ဒရာတွေကို မြင်နေရမှာကိုး။ ဒါပေမဲ့ တောင်ပြိုတာနဲ့ တင်စားတာကတော့ ရှားပါတယ်။ သောင်ပြိုတာနဲ့ တင်စားတာဆိုရင်လည်း ရှားပါတယ်။ အမြောက်အမြားနိုင်တာကို ပြိုတာနဲ့ တင်စားတာကိုက ရှားပါတယ်။ နိုင်တာက အပြုသဘော၊ ပြိုတာက အပျက်သဘောဖြစ်တဲ့အတွက် အဲသလို တင်စားတာမျိုးဟာ အင်္ဂလိပ်လည်း သူတို့မြင်လို့ သူတို့တင်စားတယ်၊ ဗမာကလည်း ဗမာမြင်လို့တင်စားတယ်၊ တင်စားပုံချင်းတိုက်ဆိုင်သွားတယ်ဆိုတာမျိုး ဖြစ်ဖို့ ခဲယဥ်းပါတယ်။ အဲဒါကြောင့် landslide ကလာကြောင်း၊ ဘာသာပြန်ဖြစ်ကြောင်း တော်တော်ထင်ရှားတယ်လို့ ပြောတာပါ။

တိုက်ဆိုင်တာလား၊ ဘာသာပြန်ထားတာလား မကွဲပြားတဲ့ တခြားစကားလုံးတလုံးကိုလဲ တင်ပြချင်ပါတယ်။ အဲဒါကတော့ သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ဆိုတဲ့စကားလုံးပါ။ ဒီစကားလုံး ဗမာစကားမှာ ရှိနေတာ မနေ့တနေ့ကမှ မဟုတ်ပါဘူ။ ကြာလှပါပြီ။ ဘယ်တုန်းက စပြီး သုံးခဲ့သလဲဆိုတဲ့ အထောက်အထားကိုတော့ မှတ်တမ်းမှတ်ရာတွေထဲမှာ ပြန်လည် ရှာဖွေနေပါတယ်။

ဘယ်နေရာမှာ သုံးသလဲဆိုတာကိုလဲ အားလုံးသိကြပြီးသားပါ။ လူဟာ စက်ရုပ်မဟုတ်ဘူး။ သံခဲကျောက်ခဲမဟုတ်ဘူး။ ဒါ့ကြောင့် လူဟာ လူပီသစွာ၊ သဘာဝကျစွာ၊ အားနည်းပျော့ညံ့တာတွေလဲ ရှိတယ်လို့ ပြောတဲ့အခါမျိုးမှာ သုံးပါတယ်။

“ဒီလောက်ပူတဲ့ရာသီဥတုကြီးမှာ ဖျားမှာနားမှာပဲ၊ လူဆိုတာ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ” လို့ ပြောတတ်ကြပါတယ်။ “ဒီလောက်အေးတဲ့ရာသီဥတုဒဏ်ကို ခံနိုင်ဖို့မလွယ်ဘူး၊ လူဆိုတာ သံခဲကျောက်ခဲမှ မဟုတ်တာ၊ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ” လို့ပြောတတ်ကြပါတယ်။ “ဖိုနဲ့မ နီးနီးနားနားထားရင်တော့ ငြိစွန်းကြမှာပဲ၊ လူဆိုတာ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ” လို့ ပြောတတ်ကြပါတယ်။ ဘယ်လောက်ဗမာဆန်တဲ့စကားလဲ။ ဘယ်လောက်တောင် ဗမာတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိလှသလဲ။ ဘယ်လောက်တောင် လူပြောလူသုံးများတဲ့ စကားလုံးပါလဲ။

ထူးခြားတာက အင်္ဂလိပ်စကားမှာ with flesh and blood ဆိုတဲ့စကားလုံးရှိနေတယ်။ flesh ဆိုတာက အသား၊ blood ဆိုတာကသွေး။ သွေးနဲ့ကိုယ်သားနဲ့ကိုယ် ဆိုတဲ့ ဗမာစကားနဲ့ ထပ်တူကျနေတာကို အံ့သြဖွယ်ရာတွေ့ရပါတယ်။

အင်္ဂလိပ်စကားကို ဗမာဘာသာပြန်လိုက်တာလား။ ဒါမှမဟုတ် ဗမာစကားကို အင်္ဂလိပ်က ဘာသာပြန်လိုက်တာလား။ အဲသလို ပြောဖို့ရာကလဲ ဗမာစကား သွေးနဲ့ကိုယ်သားနဲ့ကိုယ်ဆိုတာ ပေါ်လာတာက ကြာလှပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာ ပြန်စူးစမ်းရှာဖွေကြည့်နေပါတယ်။ အင်္ဂလိပ်စကားကလဲ ကြာလှပါပြီ။ သမ္မာကျမ်းစာဟောင်းကို ပထမဆုံး ဘာသာပြန်တဲ့အချိန်ကတည်းက သုံးခဲ့တာဆိုတော့ နှစ်သမနိရှည်လှပါပြီကော။

ဒီတော့ ဘာသာစကားချင်း ဆက်သွယ်ကူးလူးခဲ့တယ်လို့ ယိုးစွပ်ဖို့ရာမလွယ်ကူလှဘူး။ အထောက်အထားပြနိုင်မှ ဖြစ်မယ်။

စိတ်ကူးချင်းတိုက်ဆိုင်သွားတာလား။ ဒါဆိုရင်လဲ တိုက်ဆိုင်လွန်းလှချည်ရဲ့လို့ ဆိုဖွယ်ဖြစ်နေပါတယ်။

ဆရာကြီး ဦးထွန်းတင့်ကို မေးကြည့်တော့ တိုက်ဆိုင်လွန်းတာတော့မှန်ပါတယ်။ ဒါပေမဲ့ ဘာသာပြန်ထားတဲ့စကားလုံးထက် တိုက်ဆိုင်တာ ဖြစ်ဖို့က ပိုများတယ်လို့ ထင်ကြောင်း ဆရာကြီးကပြောပါတယ်။

အင်္ဂလိပ်နဲ့ ဗမာမှာ တိုက်ဆိုင်တာသက်သက်လို့ ယူဆဖွယ်ဖြစ်တဲ့ စကားလုံးတချို့ရှိပါတယ်။ ဥပမာ pay နဲ့ ပေးသည်။ away နဲ့ အဝေး။ near နဲ့ နီးသည်။ urgent နဲ့ အားချင်း။ အဲဒီစကားလုံးတွေ အလွန်တူပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်တာပဲ ဖြစ်မှာပါလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ ဆိုလိုတာက ပေးသည်၊ အဝေး၊ နီးသည်၊ အားချင်း ဆိုတာတွေဟာ ဗမာစကားစစ်စစ်တွေပဲ။ အင်္ဂလိပ်နဲ့ ဆင်တူတာဟာ တိုက်ဆိုင်တာလို့ ဆရာကြီးက ဆိုချင်တာပါ။

ဒီ့ထက်ထူးခြားတဲ့ စကားလုံးတလုံးက ဗမာအခေါ် နာမည်နဲ့ အင်္ဂလိပ်အခေါ် name ကလည်း အလွန်ဆင်တူပါတယ်။ ပါဠိအခေါ် နာမနဲ့က ပိုလို့တောင် ဆင်ပါသေးတယ်။ ပြင်သစ်မှာ နွန်းမ်၊ ဂျာမန်မှာ နားမာ၊ စပိန်မှာ နမ်းဘရီလို့ခေါ်ပါတယ်။ ဥရောပဘာသာစကားတွေကတော့ ဆွေမျိုးတော်စပ်လို့ တခုတည်းက ဆင်းသက်လာတာ ဖြစ်နိုင်ပါတယ်။ ရုရှားက နာ့ဇဗားညာလို့ခေါ်တော့ န တလုံးတူသေးတာပဲ။ တရုတ်မန်ဒရင်းက မိန်ချောင်လို့ခေါ်တော့ မ တလုံးတူသေးပြန်တယ်။ အာရပ်က အစ္စမုလို့ ခေါ်တယ်။ အာဖရိက ဆွာဟီလီး ဘာသာစကားမှာ ဂျီးနာလို့ ခေါ်ပါတယ်။ ဗမာရဲ့ နာမည်ကတော့ ပါဠိနာမနဲ့ ဗမာစကားစစ်စစ်ဖြစ်တဲ့ အမည်ကိုပေါင်းထားတာပါ။ အဲဒီတော့ ဗမာစကားစစ်စစ်ဆိုရင် အမည်ကို ယူရပါမယ်။ ဒီစကားလုံးတွေ ဆင်တူတာဟာ တိုက်ဆိုင်မှု သက်သက်ပါလား။ အကြောင်းရှိပါသလား။ အကြောင်းရှိရင်ဖြင့် အဲဒီအကြောင်းကို မသိသေးပါလို့သာ ဖြေရမှာပါပဲ။

ကျိုးကြောင်းပြနိုင်တဲ့ တိုက်ဆိုင်မှုတခုကို အခုဆက်ပြောပါမယ်။ အမေဆိုတဲ့ ဗမာစကားကို ပြင်သစ်က မဲရ်လို့ ခေါ်ပါတယ်။ ဗမာတွေခေါ်တဲ့ အမေဆိုတဲ့ အသံနဲ့တောင် ခပ်ဆင်ဆင်ပါ။ အင်္ဂလိပ်က မားသား၊ ပါဠိက မာတာ၊ စပိန်က မာ့ဒရေ၊ ဂျာမန်က မွတ်တား၊ တရုတ်မန်ဒရင်းဘာသာမှာ မိုချင်း၊ ရုရှားဘာသာမှာ မတ်ထျ်၊ အာဖရိကမှာ လူပြောများတဲ့ ဆွာဟီးလီး ဘာသာမှာ မာမာ၊ အာရပ်ဘာသာစကားမှာ အုမ်းမ်လို့ ခေါ်ပါတယ်။ အမေကို ခေါ်တဲ့ စကားလုံးအားလုံးဟာ ဘာ့ကြောင့် ဆင်တူတာပါလဲ။

နောက်စကားလုံး တလုံးကတော့ အဖေ ဆိုတဲ့စကားပါ။ အင်္ဂလိပ်လို ဖားသား။ ဆွာဟီးလီးက ဘာဘာပါ။ ဗမာတွေခေါ်တတ်တဲ့ ဘဘ ဆိုတာနဲ့ တော်တော်ဆင်ပါတယ်။ ဂျာမန်က ဖားတာ။ စပိန်က ပဲရ်၊ ပါဠိက ပီတ၊ အာရပ်ဘာသာစကားမှာ အယ်လ်အိုးဘော်လို့ ခေါ်ပါတယ်။ ထူးထူးခြားခြားကွဲတာဆိုလို့ ရုရှားပဲရှိပါတယ်။ အတ်ဂျက်စ်လို့ခေါ်ပါတယ်။

ဒီတော့ တိုက်ဆိုင်မှုက ဘာကိုတွေ့ရသလဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘာသာစကားအားလုံးနီးပါးဟာ အမေကို မနဲ့ ခေါ်ပါတယ်။ အဖေကို ပ၊ ဖ၊ ဘနဲ့ ခေါ်ပါတယ်။ ဒါကတော့ တိုက်ဆိုင်မှု မဟုတ်ဘဲ အကြောင်းရှိနိုင်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။

“လူဟာ သရကို ဘယ်အချိန်မှာ စရွတ်သလဲလို့မေးတော့ ကျွန်တော့်ကျောင်းသားတွေ မဖြေနိုင်ကြဘူးဗျ။ အမှန်က လူဟာ မွေးမွေးချင်းမှာ အူးနဲ့အဲ ဆိုတဲ့ သရကို စရွတ်တယ်ဗျ။”

ဆရာကြီးက အလွန်ရွှင်ပြစွာနဲ့ အခုလို ဆက်ပြောပါတယ်။

“ကလေးကို မွေးမွေးချင်း သူ့အမေက လက်သည်လက်ထဲ တခါတည်း အပ်ပြီးသားကိုဗျ။ ဒီကလေးမွေးမွေးချင်း သရ ၂ လုံး ရွတ်တတ်ရမယ်။ ဒီသရ ၂ လုံးမှ မရွတ်တတ်ရင်တော့ ဆရာမရယ် ဒီကလေးကို ရိုက်သာရိုက်ပါလို့ အပ်ထားတာဗျ။ အဲ ကလေးက မွေးလာပြီး သရမရွတ်ရင် လက်သည်တို့ ဝမ်းဆွဲဆရာမတို့က ခြေထောက်နှစ်ချောင်းကနေဇောက်ထိုးဆွဲပြီး ကျောကို ရိုက်တော့တာပဲ။ အူးအဲဆိုတဲ့ သရ ၂ လုံးကို ရွတ်တတ်ပြီဆိုတော့မှ လက်သည်က လွှတ်ပေးတာပဲ။ အူးအဲကို တဆက်တည်း ရွတ်တော့ အူဝဲ၊ အူဝဲပေါ့ဗျာ။”

ဗျည်းကိုတော့ ၃ လသား၊ ၄ လသားလောက်မှာ စရွတ်တယ်လို့ ဆရာကြီးက ဆိုပါတယ်။ “နှုတ်ခမ်းကြားကနေ လေကိုမှုတ်ထုတ်လိုက်တဲ့ အသံပါ။ အဲဒါက ဗူးဆိုတဲ့ အသံ၊ ဗဆိုတဲ့အသံ၊ ဖဆိုတဲ့အသံတွေပါ။ အဲဒီနောက်ရွတ်ဆိုတဲ့ အသံက မ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ဘဝမှာ ပထမဆုံးရွတ်တဲ့ အသံတွေက ဖနဲ့မ။ လူတယောက်ရဲ့ ဘဝမှာ ပထမဆုံးရင်းနှီးကျွမ်းဝင်သူတွေက အဖေနဲ့အမေ။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ အဖေအားလုံးကို ခေါ်တဲ့အသံဟာ ပ၊ဖ၊ဘ ဖြစ်နေပြီး အမေအားလုံးကို ခေါ်တဲ့အသံဟာ မ ဖြစ်နေတာဟာ အကြောင်းရှိတယ်လို့ ထင်ပါတယ်။”

ဆရာကြီး ဦးထွန်းတင့်ရဲ့ ရှင်းပြချက်ဖြစ်ပါတယ်။

ကျွန်တော်က အခုလို စောဒကတက်ပါတယ်။

“ပထမဆုံး အသံထွက်တဲ့စကားလုံးတွေက ပ၊ဖ၊ဘနဲ့ မ။ အရင်းနှီးဆုံးလူတွေက အဖေနဲ့အမေ ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အဖေဆိုတဲ့ စကားလုံးတွေအားလုံးက “ပ၊ဖ၊ဘ” ဖြစ်ပြီး အမေဆိုတဲ့ စကားလုံးတွေအားလုံးက “မ” ဖြစ်နေတယ်။ အဲသလို အစီအစဥ်တကျမဟုတ်ဘဲ တချို့က အဖေကို မနဲ့ခေါ် တချို့က အမေကို ဖနဲ့ခေါ်တာမျိုး မတွေ့ရတာကရော ဘာလို့လဲဆရာ။”

“အဲဒါလေးကတော့ ထူးခြားတယ်ဆိုရမယ်ဗျ။ ကိုသိမ်းမြတ်ပြောသလို ပ၊ဖ၊ဘက အမေကိုခေါ်၊ မကအဖေကိုခေါ်ဆိုတာမျိုး ပြောင်းပြန်ဖြစ်နေတဲ့ ဘာသာစကားမျိုးလဲ ရှိမယ်ဆို ရှိသင့်တာပေါ့ဗျာ။”

“ဘာသာစကားအားလုံးဟာ မူလက ဘာသာစကားကြီး တခုတည်းကနေ ဆင်းသက်ပေါက်ဖွားလာတာမျိုးရော ဖြစ်နိုင်ပါသလားဆရာကြီး။”

“အဲဒါမျိုးတော့ သီအိုရီမရှိပါဘူး။ ဖြစ်လဲ မဖြစ်နိုင်ပါဘူး။”