ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယာဘ - လွယ်လွယ်ရ များများသုံးရင်း ခြိမ်းခြောက်ခံလာရတဲ့ ဘင်္ဂလားဒေ့ရှ်
- ရေးသားသူ, လင်ဒါ ပရက်စလေ
- ရာထူးတာဝန်, ဘီဘီစီ၊ ဘၾဂလားဒေ့ရှ်
- ရေးသားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်မှာ အနီရောင်နဲ့ ပန်းရောင်ဆေးပြားလေးတွေ စွဲနေသူ သောင်းနဲ့ သိန်းနဲ့ ချီပြီး ရှိနေပါပြီ။ အဲဒီ ဆေးပြားလေးတွေဟာ နေရာတကာ လွယ်လွယ်နဲ့ ဝယ်လို့ ရနေသလို စျေးလည်း ချိုပါတယ်။ အဲဒီ ဆေးပြားလေးတွေကတော့ ယာဘလို့ အသိများတဲ့ မူးယစ်ဆေးပါ။ မူးယစ်ဆေး သုံးစွဲသူ၊ ရောင်းဝယ်သူတွေကို နှိမ်နင်းရင်း ရဲတွေက ပစ်သတ်လို့ လူ ရာနဲ့ ချီပြီးလည်း သေဆုံး ခဲ့ရပါပြီ။ ကျွန်တော် မအိပ်ပဲ ၇ ရက်၊ ၈ ရက်၊ တခါတလေ ၁၀ ရက်အထိ နေခဲ့တယ်။ မနက်၊ နေ့လယ်၊ ည အချိန်တိုင်း ယာဘကို သုံးတယ်။ ပြီးတော့ မအိပ်တော့ပဲ တစ်ညလုံး အလုပ်လုပ်နေနိုင်တယ် လို့ ပြောပြသူကတော့ မိုဟာမက်ပါ။ သူယာဘ စွဲနေတာ ကြာပါပြီ။ မအိပ်ပဲ အချိန်အကြာကြီး နေပြီးတဲ့နောက်မှာတော့ သူ မခံနိုင်တော့ပါဘူး။လုံးဝ သတိလစ်သွားတယ်။ ဘာမှ မသိတော့ဘူး။ နှစ်ရက် သုံးရက်ကြာတော့ ပြန်နိုးလာပြီး တစ်ခုခုစားတယ်။ ပြီးရင် ပြန် အိပ်တော့တာပဲ။ ယာဘ ရှိသေးရင် အဲဒီအချိန်မှာ သောက်လိုက်တယ်။ တစ်လုံးပဲ ကျန်လည်း အဲဒီဆေးပြားကို သောက်လိုက်ပါတယ်။
မိုဟာမက် ယာဘစွဲသွားက ဒက္ကားမှာ အလုပ်လုပ်ချိန်က စပါတယ်။
ကျွန်တော်တို့က ဂျပန်ကို ကုန်ပို့တဲ့ အလုပ်လုပ်တာဆိုတော့ အချိန်ကွာလို့ ညဘက်မှာ အလုပ်လုပ်ရတယ်။ အဲဒီမှာ အလုပ်ထဲက တစ်ယောက်က ယာဘအကြောင်း ကျွန်တော့်ကို ပြောတယ်။ အဲဒီ ဆေးပြားသုံးရင် ည မအိပ်ပဲ နေနိုင်တယ်။ ပိုလည်း အားရှိတယ်။ မနက်ကျလည်း အပင်ပန်းခံနိုင်တယ်၊ ညလည်း အလုပ်ဆက်လုပ်နိုင်တယ်လို့ ပြောတယ်။
စပြီး သုံးစမှာတော့ သူ့ သူငယ်ချင်းပြောသလိုပဲ ကောင်းတဲ့အပိုင်းတွေကို မိုဟာမက်ခံစားရပါတယ်။ အဲဒါက သိပ်တော့ ကြာကြာမခံပါဘူး။ သူ့အမူအရာတွေ ပျက်လာပြီး လူကလည်း ပြိုလဲတော့မလို ဖြစ်လာပါတယ်။
ယာဘ စသုံးတဲ့အချိန်မှာတော့ အားလုံးက အကောင်းချည်းလိုပဲ၊ စိတ်တက်ကြွတယ်။ အားလည်း ပြည့်တယ်၊ စိတ်ခံစားမှုဘက်ဆို ထက်သန်နေတတ်တယ်လို့ မူးယစ်ဆေးစွဲမှုတွေကို အထူးပြုလေ့လာနေတဲ့ စိတ္တဗေဒဆရာဝန် ဒေါက်တာ အာရှစ်ဆာလင်းက ပြောပါတယ်။
"လူတွေနဲ့လည်း ပို ခင်တတ်လာတယ်။ သီချင်းဂီတကိုလည်း ပို ခံစားတတ်လာတယ်။ စီးကရက်ပိုသောက်လာမယ်။ လိင်ခံစားမှုလည်း ပိုအားသန်လာမယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ယာဘသုံးတာနဲ့ လိင်ပိုင်းထက်သန်မှုကို တွဲပြီးမြင်ကြတယ်၊ အဲဒီအတွက် သုံးကြတယ်။ မအိပ်ပဲ အကြာကြီးနေနိုင်တယ်။ အင်အား ပိုပြည့်နေသလိုလည်း ခံစားရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာတယ်။ ယာဘက ဖြတ်လိုက်ရင်လည်း အရက်နဲ့ ဘိန်းဖြူလို ဖြတ်ရင်ခံစားရတဲ့ ဝေဒနာတွေ မရှိဘူး။ ဒါပေမယ့် ယာဘက သိပ်ကို စွဲဖို့လွယ်တယ်။ သိပ်အန္တရာယ်ကြီးတဲ့ ဆေးပြားမျိုးပါ။"
ယာဘဆေးပြား ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတာ ၂၀၀၂ ခုနှစ်ကပါ။ အဲဒီကတည်းက သုံးစွဲသူ၊ စွဲလမ်းသူ၊ ရောင်းချသူတွေလည်း တဖြေးဖြေးချင်းတိုးလာနေခဲ့ပါတယ်။ အိန်မီးချင်းမြန်မာနိုင်ငံမှာ အမြောက်အမြေားထုတ်လုပ်တဲ့ အဲဒီဆေးပြားတွေဟာ နယ်စပ်ကတဆင့် အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ နှစ်နိုင်ငံကြားက နာ့ဖ်မြစ်ကြောင်းတလျှောက်ဟာ မူးယစ်ဆေး ဝင်ရောက်ရာ လမ်းကြောင်းတစ်ခုပါပဲ။
အဲဒီ နယ်စပ်က မြစ်ကို ဖြတ်ကျော်ပြီး ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ သိန်းချီလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်နှိမ်နင်းမှုတွေက ရှောင်တိမ်းလွတ်မြောက်အောင်လို့ပါ။ အခုဆို ဒုက္ခသည်ပေါင်း တစ်သန်းလောက် နယ်စပ်က ဖြစ်သလို တည်ဆောက်ထားတဲ့ စခန်းတွေမှာ နေနေကြပါတယ်။ အဲဒီ ဒုက္ခသည်တွေဟာ မူးယစ်ဆေးကုန်သည်တွေက ဆေးပြားသယ်ဆောင်ရေး အတွက် အသုံးချ ခိုင်းစေခံရသူတွေ ဖြစ်လာကြပါတယ်။ အမျိုးသမီးတွေကတောင် ဆေးပြားတွေကို သူတို့ရဲ့ အမျိုးသမီးအင်္ဂါထဲ ထည့်လို့ သယ်ယူကြတာတွေလည်း ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် စီးပွားရေး ဟာ တဟုန်ထိုးတိုးတက်အားကောင်းခဲ့တဲ့ အချိန်တစ်ခု မကြာခင်က ရှိခဲ့ပါတယ်။ အဲဒီ အခြေအနေကို မူးယစ်ကုန်သည်တွေက အမိအရ အသုံးချခဲ့ပုံရတယ်လို့ မူးယစ်စျေးကွက်ကို လေ့လာထားသူတွေက သုံးသပ်ပါတယ်။ မူးယစ်ဆေး ကုန်သည်တွေဟာ ယာဘတွေကို အလုံးအရင်းနဲ့ တင်သွင်းလာပြီး စျေးကွက်ထဲမှာ စျေးသက်သက်သာသာနဲ့ ရောင်းပေးပါတယ်။ အများစုက စွဲနေပြီး မသုံးရမနေနိင် ဖြစ်လာတော့မှ သူတို့ လိုချင်သလို ရောင်းကြတော့တာ ဖြစ်ပါတယ်။
ကျွန်တော်တော့ လုံးဝကို မသုံးရမနေနိုင် ဖြစ်သွားခဲ့ပါတယ်လို့ မိုဟာမက်က ပြန်ပြောပြပါတယ်။
အဲဒီအချိန်က သူတို့ရဲ့ မွေးစကလေးကို ကြည့်ရှုနေရတဲ့ မိုဟာမက်ရဲ့ ဇနီး နူစရတ်ကလည်း မိုဟာမက်ရဲ့ အပြုအမူတွေဟာ တစ်နေ့ထက်တစ်နေ့ မှန်းလို့မရအောင်ဖြစ်ဖြစ်လာတယ်လို့ ပြောပါတယ်။
"သူ အိမ်ပြန်လာပြီဆို ကျွန်မကို အားလုံး အပြစ်ရှာတော့တာပဲ၊ ထမင်း ဟင်းနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ဖြစ်ဖြစ်၊ ကျွန်မ အလုပ်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် အပြစ်ရှာတယ်။ အဲဒါက သူ့အရင်က ပုံစံနဲ့ လုံးဝ မတူဘူး" လို့ နူစရတ်က ဆိုပါတယ်။ အိမ်ထဲမှာ ယာဘဆေးပြားတွေတွေ့ရတဲ့ အချိန်မှာတော့ သူ မိုဟာမက်ကို မေးခဲ့ပါတယ်။
"သူက ကျွန်မကို အော်တယ်။ သူ ဆေးကုခံဖို့ ကိုကျွန်မပြောပေမယ့် လက်မခံဘူး၊ သူ မဟုတ်ဘူးပဲ ငြင်းတယ်၊ နင်က ငါ့ကို မယုံဘူး၊ နင်တစ်ယောက်ယောက်နဲ့ ထွက်သွားချင်တယ်၊ ငါနဲ့ အတူမနေချင်ဘူး လို့ စွပ်စွဲတယ်။ အဲဒီအချိန်တွေက ကျွန်မအတွက် သိပ်ခက်ခဲပါတယ်။ သူ အဲဒီအချိန်က ကျွန်မကို သတ်ချင်တောင် သတ်လိုက်နိုင်ပါတယ်။"
မြို့တော် ဒက္ကားက စိတ်ပညာဆရာဝန် အာရှစ်ဆာလစ်ကတော့ အရက်သောက်တာကို ပိတ်ပင်တားမြစ်ထားပြီး အရက်ကိုလည်း လွယ်လွယ်နဲ့ မရတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ယာဘဆေးပြားတွေက အစားထိုးပြီး ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားတယ်လို့ ပြောပါတယ်။
"တစ်ခါက လူကြီးလူကောင်းဆိုသူ တစ်ယောက် ကျွန်တော့်ဆီ ရောက်လာတယ်။ သူ့ မိဘတွေကလည်း တော်တော်လေး စည်းကမ်းတင်းကျပ်တဲ့ ရှေးရိုးစွဲသမားတွေ၊ ဒါကြောင့် သူက သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တဲ့ အခါ တခြားသူတွေ ဘီယာသောက်လည်း သူက မသောက်ဘူး၊ အိမ်ပြန်လာရင် အရက်နံ့ထွက်နေမှာ စိုးလို့။ သူ အသက် ၃၀ ကျော်မှာပဲ ယာဘကို စပြီး စမ်းသုံးမိသွားတယ်။ သူ ဆေးသုံးထားလည်း အပြင်ပန်းက ကြည့်ရင် မသိသာဘူး၊ အနံ့လည်း မထွက်ဘူး။ ဆေးပြားကိုလည်း နည်းနည်းပဲ သုံးတော့ နောက်တစ်နေ့ကျတော့လည်း သိပ်ဆိုးဆိုးဝါးဝါး ဖြစ်မနေဘူးပေါ့။"
ဒါပေမယ့် ယာဘ သုံးသူတွေဟာ စိတ်ပြေလက်ပျောက်သုံးစွဲတာနဲ့ တင်မရပ်တော့ပါဘူး။ ရာဇ၀တ်မှုတွေကိုလည်း ကျူးလွန်လာပါတယ်။ ယာဘက နေရာတိုင်းလိုမှာ အလွယ်တကူ ရနေတာကလည်း တစ်ကြောင်း၊ ဆေးသုံးတဲ့လူတွေက ပြဿနာတွေဖော်လာတာကလည်း တစ်ကြောင်းကြောင့် နောက်ဆုံးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ယာဘဆေးပြားလက်ဝယ်တွေ့သူတွေကို အရေးယူလာပြီး မူးယစ်ဆေး ရောင်းဝယ်မှုတွေကို လုံးဝ သည်းမခံဘူးဆိုတဲ့ မူဝါဒကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ မူဝါဒကြောင့်ပဲ ရဲတွေက မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်သူတွေကို အကျဉ်းရုံး သုတ်သင် သတ်ဖြတ်တာမျိုးတွေ လုပ်တာရှိလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။
ဗလီက ပြန်လာတဲ့ တစ်နေ့ ကျွန်တော့်အိမ် ဂိတ်ဝမှာ ရဲတွေအများကြီးရောက်နေတာတွေ့ရတယ်လို့ တက်ကနပ်ဖ်မှာ နေတဲ့ အဗ္ဗဒူလ်ရာမန်က ပြန်ပြောပြပါတယ်။ တက်ကနပ်ဖ်ဆိုတာ ယာဘဆေးပြား အများဆုံးရောင်းဝယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ကော့ဆက်ဘဇားဒေသက မြို့တစ်မြို့ပါ။
"သူတို့ အိမ်ထဲဝင်လာကြပြီး ကျွန်တော့်သား အဘူလ်ကာလမ်ကို ရေချိုးခန်းထဲက ဆွဲထုတ်ပြီး လက်ထိပ်ခတ်ပါတယ်။ သူ့ကို မဖမ်းပါနဲ့၊ သူ ဘာလုပ်လို့လဲလို့ ကျွန်တော်က မေးတော့ ရဲတစ်ယောက်က အဖိုးကြီး စကားမများနဲ့၊ ခင်ဗျားကိုပါ ပစ်သတ်ရမလား" လို့ ပြောပါတယ်။
အဘူလ်ကာလမ်ဟာ လူကုန်ကူးမှုနဲ့ အဖမ်းခံခဲ့ရပြီး ထောင်ကျခဲ့လို့ ပြန်လွတ်လာတာ မကြာသေးပါဘူး။ မူးယစ်ဆေးမှုနဲ့တော့ မဟုတ်ပါဘူး။ သူ့ကို အခုတစ်ခေါက်ဖမ်းခေါ်သွားပြီး ဖမ်းထားလို့ ငါးရက်အကြာမှာတော့ သူ့အဖေဆီ သတင်းဆိုးကြီး ရောက်လာပါတယ်။
ကျွန်တော့်သား အပြန်အလှန် ပစ်ကြရင်း သေသွားပြီလို့ ရဲတွေက ပြောတယ်လို့ သူက ပြန်ပြောပြပါတယ်။
အဘူလ်ကာလမ်ဟာ ဇန်နဝါရီလ ၉ ရက်နေ့က ရဲစခန်းနဲ့ တော်တော်လှမ်းတဲ့ နေရာတစ်ခုမှာ သေဆုံးခဲ့ပါတယ်။ ရဲတွေကတော့ သူ အချင်းချင်းအပြန်အလှန် ပစ်ခတ်ရင်း သေသွားတာလို့ ပြောပါတယ်။ မီဒီယာသတင်းတွေမှာတော့ အဘူလ်ကာလမ်နဲ့အတူ နောက်တစ်ယောက်လည်း အဲဒီနားမှာပဲ သေဆုံးနေတာတွေ့ခဲ့ရပြီး အချင်းဖြစ်တဲ့နေရာက ယာဘဆေးပြား နှစ်သောင်းနဲ့ သေနတ်ငါးလက်ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက မူးယစ်ဆေး နှိမ်နင်းရေး စီမံချက် စတင်ခဲ့ပြီး ပထမ ခုနှစ်လအတွင်းမှာပဲ နိုင်ငံတဝန်းမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မီဒီယာ သတင်းတွေမှာတော့ အစိုးရက အကြောင်းပြလေ့ရှိတဲ့ အပြန်အလှန်ပစ်ခတ်ကြရင်းဆိုတဲ့ စကားလုံးကို အဖွင့်အပိတ်မျက်တောင်တွေနဲ့ ဖော်ပြတတ်ကြပါတယ်။ အဲဒါကတော့ ဒီလို အပြန်အလှန် ပစ်ကြတယ်ဆိုတာ တမင်ဖန်တီးထားတာလို့ သံသယတွေ ကြီးကြီးမားမား ရှိနေကြတယ်ဆိုတာကို ဖော်ပြချင်တာပါ။
ကော့ဆက်ဘဇားက ခရိုင်ရဲဝန် မာဆွတ်ဟိုစိန်ကတော့ ယာဘရောင်းဝယ်တဲ့သူတွေကို ပစ်သတ်ရမယ်ဆိုတဲ့ မူဝါဒ ချထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါဆို အဘူလ်ကာလမ် သေဆုံးရတဲ့ အနေအထားကိုရော သူဘယ်လို ရှင်းပြမှာပါလဲ။
တခါတလေ ကျွန်တော်တို့ စီမံချက်လုပ်ရင် ယာဘမှောင်ခိုသမားတွေနဲ့ ရင်ဆိုင်ရပါတယ်။ သူ သေသွားတာလည်း အဲဒီလို ရင်ဆိုင်တိုက်ခိုက်ရမှု တစ်ခုခုမှာ ဖြစ်ပါလိမ့်မယ်လို့ ရဲဝန်က ပြောပါတယ်။"ဖမ်းမိတဲ့ လူတွေကို ကျွန်တော်တို့က ရဲစခန်းကို ခေါ်သွားတယ်။ သူတို့ကို စစ်ဆေးလို့ သတင်းရရင် ကျွန်တော်တို့ အပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ပါတယ်။ အဲဒီလို စစ်ဆင်ရေးလုပ်တဲ့အချိန် ဒုစရိုက်သမားတွေက သေနတ်တွေဘာတွေနဲ့ ပြန် ပစ်တာတွေရှိတယ်။အဲဒီလို ပစ်ရင်းခတ်ရင်း သူသေသွားတာ ဖြစ်နိုင်ပါတယ်။"
ဒီလို သေဆုံးမှုတွေဟာ တစ်ပုံစံထဲလိုလို ဘာလို့ ဖြစ်နေရတာလဲဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း သူ့မှာ အဖြေရှိပါတယ်။
"ပုံစံတူနေတာတွေတော့ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ဖြစ်လိုက်တိုင်း ဒီအတိုင်းချည်းပဲဆိုတော့ ခင်ဗျားကို ကျွန်တော်က တခြားလှီးလွဲပြောရမှာလား။"
ဖေဖေါ်ဝါရီလမှာတော့ ခရိုင်ရဲဝန်က တက္ကနပ်ဖ်မြို့မှာ ထူးထူးခြားခြားပွဲကလေး တစ်ခုလုပ်ပါတယ်။ သောင်းချီပြီး လာကြည့်တဲ့လူတွေရဲ့ ရှေ့မှာ ယာဘရောင်းတဲ့လူဆိုတဲ့ လူပေါင်း ၁၀၂ ယောက်က ရဲတွေဆီမှာ သူတို့ကိုယ်သူတို့ လာအပ်ကြတာပါ။ ဒီလူအားလုံးဟာ ဒေသခံတွေချည်းပါပဲ။ သူတို့ထဲမှာ အာဏာရ အဝါမီလိခ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ယောက်ရဲ့ အမျိုးတွေနဲ့ တခြား လွှတ်တော်အမတ်တွေရဲ့ အမျိုးတွေတောင်ပါပါတယ်။ အဲဒီပွဲမှာ လက်နက်မျိုးစုံ အလက် ၃၀ နဲ့ ယာဘဆေးပြား သုံးသိန်းခွဲ ပါတဲ့ အိတ်ကလေးတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ လာပြီး အဖမ်းခံတဲ့လူတွေကို ပန်းတွေနဲ့ ဆင်ထားတဲ့ စင်မြင့်ရှေ့မှာ တန်းစီခိုင်းထားပြီး သူတို့ကို ပြည်ထဲရေးဝန်ကြီး အဆာဒူဇမန်ခန်က ပန်းတစ်ပွင့်စီ ပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ ယာဘတွေ ပြန့်နေပြီ။ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေက ကျောင်းသားတွေတောင် ယာဘဆေး စွဲနေကြပြီလို့ ဝန်ကြီးက တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။
သူက အဲဒီနေ့ကလာအဖမ်းခံကြသူတွေကိုလည်း ဆက်စကားပြောခဲ့ပါတယ်။
"ခင်ဗျားတို့ အခုလို လာအဖမ်းခံလိုက်တာကလည်း တက်က်နဖ်ရော တစ်နိုင်ငံလုံးမှာပါ ယာဘဆေးပြား ကင်းစင်အောင်လုပ်နိုင်မယ်ဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ပြလိုက်တာပါ" လို့ သူက ဆိုပါတယ်။
အဲဒီနေ့က လာအဖမ်းခံကြသူတွေဟာ အခုဆောင်းပါးရေးသားချိန် ဧပြီလအထိ ပြန်မလွတ်ကြသေးပါဘူး။
ဝန်ကြီးအပြောအရဆိုရင်တော့ လာအဖမ်းကြသူတွေဟာ သူ့တို့ ဆန္ဒအလျောက် ရဲလက် ကိုယ့်ဟာကိုယ် လာအပ်ကြတာ လို့ ယူဆစရာရှိပါတယ်။ ဒါပေမယ့် သူတို့ထဲက ရှော်ကက်အလမ်ဆိုသူဟာ သူ့ အသက်သေမှာကြောက်လို့ သွားအဖမ်းခံခဲ့ရတာပါလို့ ညီဖြစ်သူက ပြောပါတယ်။
ရဲတွေက အပစ်ခံရမယ့် လူစာရင်းကို ပြုစုထားတယ်။ အဲဒီအကြောင်းကြားတဲ့အခါမှာ ကျွန်တော့်အစ်ကိုက သိပ်ကြောက်သွားလို့ သွားအဖမ်းခံလိုက်တာပါလို့ မိုဟာမက် အလန်ဂါက ပြောပါတယ်။
ခရိုင်ရဲဝန် မာဆွတ်ဟိုစိန်ကတော့ သူတို့ ဒီလို ဖိအားပေးခဲ့တာ မရှိပါဘူးလို့ ငြင်းပါတယ်။
"ကျွန်တော် အခိုင်အမာပြောနိုင်ပါတယ်။ ပစ်သတ်မယ့် လူစာရင်းဆိုတာ လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ တရားခံတွေကို ဖမ်းမိဖို့ပဲ အမြဲကြိုးစားပါတယ်" လို့ သူက ဆိုပါတယ်။
အဲဒီ ဖေဖေါ်ဝါရီလက လူတွေ လာအဖမ်းခံခဲ့အပြီးမှာ ကော့ဆက်ဘဇားခရိုင်အတွင်း ယာဘဆေးပြားရောင်းဝယ်မှုဟာ ၇၀ ရာခိုင်နှုန်းနီးပါး ကျသွားခဲ့ပါတယ်လို့လည်း ရဲဝန် မာဆွတ်ဟိုစိန်က ပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးမှာ ယာဘဆေးပြား ၅၃ သန်း ဖမ်းမိခဲ့ပါတယ်။ ဒီ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းဟာ တစ်နှစ်တစ်နှစ်ကို ဒေါ်လာ သန်းတစ်ထောင်လောက်တန်ဘိုး ရှိပါတယ်။
နိုင်ငံတွင်းမှာ မူးယစ်ဆေးစွဲနေသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျ စာရင်းပြုစုထားတာမျိုးတော့ မရှိပါဘူး။ မူးယစ်ဆေးနှိမ်နင်းရေးဌာနက လူလေးသန်းလောက် မူးယစ်ဆေးစွဲနေတယ်လို့ ခန့်မှန်းထားပေမယ့် လူမှုရေးအဖွဲ့တွေကတော့ ခုနှစ်သန်းလောက်လို့ မှန်းပါတယ်။ အဲဒီထဲမှာ သုံးပုံတစ်ပုံလောက်က ယာဘဆေးစွဲနေသူတွေလို့ ယူဆရပါတယ်။
အစပိုင်းက ပြောခဲ့တဲ့ ယာဘဆေးစွဲခဲ့သူ မိုဟာမက်အတွက်တော့ ယာဘသုံးလို့ စိတ်တက်ကြွရတာတွေဟာ သိပ်မကြာခင်မှာပဲ စိတ်ဓာတ်ကျဆင်းရတာတွေ ဖြစ်လာပါတယ်။
ကျွန်တော့် စိတ်မှာ အမြဲရှုပ်ထွေးနေတယ်၊ တစ်ယောက်ယောက်က ကျွန်တော်ပြောတာကို ခိုးနားထောင်နေတယ်။ ကျွန်တော့်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ အမြဲခံစားနေရတယ်။
ဒီလို စိတ်ကစဉ့်ကလျားဖြစ်ရတာတွေဟာ ယာဘသုံးသူတွေအကြားမှာ တွေ့ရလေ့ရှိပါတယ်။
သူ ဒီလို မူးရူးနေချိန်မှာပဲ သူ့ မိသားစုက အကူအညီတောင်းလို့ တစ်ညမှာ လူစိမ်းတချို့က သူ့ကို ချုပ်နှောင်ပြီး ဆေးခန်းတစ်ခုဆီကို ခေါ်သွားခဲ့ပါတယ်။ အဲဒီတုန်းက အတွေ့အကြုံဟာ သိပ်ကို ထိတ်လန့်စရာ ကောင်းခဲ့ပေမယ့် အခုတော့ သူ့ကို ဆေးခန်းပို့ပေးခဲ့ကြတာကို မိုဟာမက်က ကျေးဇူးတင်နေပါပြီ။ သူ အဲဒီ ဆေးဖြတ်စခန်းမှာ လေးလနေခဲ့ရပြီး အခုဆို ဆေးပြတ်တာ တစ်နှစ်ကျော်ပါပြီ။ သူ့ကို ဆေးဖြတ်ပေးခဲ့တဲ့ စခန်းမှာပဲ လုပ်အားပေး ပြန်လုပ်ပေးနေပါတယ်။ ဒါကလည်ဒ ဆေးကို ပြန်မသုံးမိအောင်ပါလို့ သူက ပြောပါတယ်။
အခုဆို သူ အလုပ်ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ မိုဟာမက်ရဲ့ ဇနီးသည် နူစရတ်ကပြောပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သူ့ကို အတင်းမတိုက်တွန်းပါဘူး။ သူ အကူအညီလိုရင် ပေးဖို့ ကျွန်မတို့ အားလုံး အနားမှာ ရှိနေကြပါတယ်လို့လည်း သူက ဆိုပါတယ်။
မိုဟာမက် ယာဘဆေးစွဲခဲ့တာက သူတို့ လင်မယားအကြားမှာ ကြီးမားတဲ့ အရံအတားကြီးကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို အတူတူ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ သံယောဇဉ်က ပိုခိုင်မာလာပြီလို့ ယုံကြည်နေပါတယ်လို့ နူစရတ်ကပြောပါတယ်။
မိုဟာမက်ကလည်း ဒါကို သဘောတူပါတယ်။
"အခုဆို သူ့ကို ကျွန်တော်ပိုယုံကြည်လာတယ်။ သူ ကျွန်တော့်ကို စွန့်သွားမှာ မဟုတ်တော့ပါဘူး။"